ဒုတိယအကြိမ် တရုတ်-အာဆီယံကျန်းမာရေးကဏ္ဍများ ပူးပေါင်း ဆောင်ရွက်ရေး ညီလာခံကျင်းပ

နေပြည်တော်  ၂၅  စက်တင်ဘာ 

ဒုတိယအကြိမ် တရုတ် - အာဆီယံကျန်းမာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး ညီလာခံကို တရုတ် ပြည်သူ့သမ္မတနိုင်ငံ၊ နန်နင်းမြို့တွင် စက်တင်ဘာ (၁၉) ရက်မှ (၂၁)ရက်နေ့အထိ ကျင်းပသည်။ အဆိုပါ ညီလာခံသို့ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ကိုယ်စား အမြဲတမ်း အတွင်းဝန် ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်း၊ တိုင်းရင်းဆေးပညာဦးစီးဌာန ခေတ္တညွှန်ကြား ရေးမှူးချုပ် ဦးကျော်သိန်းဌေး၊ ညွှန်ကြားရေးမှူး ဒေါက်တာမြင့်မြင့်သန်း၊ ကုသရေးဦးစီးဌာန ရန်ကုန် ပြည်သူ့ဆေးရုံကြီး ဆေးရုံအုပ် ဒေါက်တာခင်ခင်ထွေး၊ ညွှန်ကြားရေးမှူး (သွားနှင့်ခံတွင်းကျန်းမာရေး) ဒေါက်တာခင်မောင်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး (တီဘီ) ဒေါက်တာချိုချိုစန်း၊ ရန်ကုန်သွားဘက်ဆိုင်ရာဆေး တက္ကသိုလ်၊ သွားဘက်ဆိုင်ရာကာ ကွယ်ရေးနှင့် လူမှုရေးဆေးပညာဌာန ကထိကဒေါက်တာ သိန်းထွန်းဦးတို့ တက်ရောက် ကြသည်။ 

အဆိုပါ ညီလာခံဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးကိုယ်စား အမြဲတမ်းအတွင်း ဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက   မြန်မာနိုင်ငံ အနေဖြင့် အာဆီယံအဖွဲ့ဝင် အဖြစ် စတင်ဝင်ရောက်ခဲ့သည့် ခုနှစ်မှစတင်၍ အာဆီယံ အဖွဲ့ဝင်နိုင်ငံများနှင့်အတူ ကျန်းမာရေး နှင့် အာဟာရစီမံချက်များကို ပူးပေါင်းဆောင် ရွက်ခဲ့ပါကြောင်း၊ ကျန်းမာရေး မြှင့်တင်ရေး၊ ကျန်းမာသော လူမှုဘဝပုံစံတိုးမြှင့်ရေး၊ ဆေးလိပ် နှင့်ဆေးရွက်ကြီး ထိန်းချုပ် ကွပ်ကဲရေး၊ ရောဂါကာကွယ်တားဆီးရေး၊ ပတ်ဝန်းကျင်နှင့် လုပ်ငန်းခွင်ကျန်းမာရေး၊ အစားအသောက် နှင့်ဆေးဝါးကွပ်ကဲရေးအစရှိသည့် ကဏ္ဍများတွင် စီမံချက်များ အလိုက်ပါဝင်ဆောင်ရွက်ခဲ့ပါကြောင်း၊

မြန်မာနိုင်ငံအနေဖြင့် စဉ်ဆက်မပျတ်ဖွံ့ဖြိုးမှုရည်မှန်းချက် (SDG) ကို ၂၀၃၀ ခုနှစ် အမှီရရှိရေး အတွက် မိမိတို့ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် တစ်မျိုးသား လုံးလွှမ်းခြုံသော လူတိုင်း လက်လှမ်းမီသော ကျန်းမာရေးစောင့်ရှောက်မှု (UHC) ရရှိနိုင် ရန် အမျိုးသားကျန်းမာရေးစီမံကိန်း (၂၀၁၇-၂၀၂၁) ကို ရေးဆွဲ အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အာဆီယံ-တရုတ် ပူးပေါင်း ဆောင်ရွက်မှုကွန်ယက်တွင် ရောဂါကာကွယ်တားဆီးရေးကဏ္ဍ၊ တိုင်းရင်းဆေးကဏ္ဍ၊ ဆေးရုံစီမံခန့်ခွဲမှုကဏ္ဍနှင့် လူသားအရင်းအမြစ်ဖွံ့ဖြိုးရေးကဏ္ဍအစရှိသော ကဏ္ဍများတွင် ပါဝင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား နယ်စပ်ချင်း ဆက်စပ်လျက်ရှိသည့်အားလျော်စွာ MERS COV ကူးစက်ရောဂါ၊ Ebola ကူးစက်ရောဂါ၊ SARS ရောဂါအစရှိသည့် ကမ္ဘာ့လုံးဆိုင်ရာ ကပ်ရောဂါများ ထိန်းချုပ်ရေးတွင် အတူပူးပေါင်းဆောင်ရွက်ခဲ့ပါ ကြောင်း၊ မကူးစက် တတ်သောရောဂါများ ထိန်းချုပ်ရေးစီမံချက် (၁၁) ခုကိုလည်း ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနအောက်တွင် သီးခြားဌာန တစ်ခုသတ်မှတ်၍ ပူးပေါင်းဆောင်ရွက် လျက်ရှိ ပါကြောင်း၊

တိုင်းရင်းဆေးကဏ္ဍအနေဖြင့် တရုတ်နှင့်အာဆီယံအဖွဲ့ဝင်နိုင်ငံများတွင် တိုင်းရင်းဆေးဝါးများ ကို ခေတ်ကာလအဆက်ဆက် အသုံးပြုခဲ့ကြပြီး ပို၍ပို၍ ယုံကြည်အား ကိုးကာ တိုးတက်ဖွံ့ဖြိုးအောင် ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရကြောင်း၊ ယနေ့ခေတ် အချိန်အခါတွင် တိုင်းရင်းဆေးဝါးများကို အသုံးပြုမှုပိုမိုများပြားလာကြောင်း၊ နိုင်ငံတော် အစိုးရ အဆက်ဆက်မှာလည်း တိုင်းရင်းဆေးပညာကို အဖက်ဖက်က တိုးတက်ဖွံ့ဖြိုး အောင် ဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းရင်းဆေးဝါးများဖော်စပ်ရာတွင် ဘေးဥပဒ် အန္တရာယ်ကင်းရှင်းမှု၊ အရည်အသွေးနှင့် အာနိသင်ပြည့်ဝမှုသည် အရေးကြီး ပါကြောင်း၊ မြန်မာနိုင်ငံတွင် ပေါက်ရောက်သော မြန်မာ့ဆေးဖက်ဝင်အပင်များ၏ စံချိန်စံညွှန်းကို သတ်မှတ်ဖော်ထုတ် နိုင်ရန်အတွက် မြန်မာပရဆေးပင်ကျမ်း  စာအုပ်အား အတွဲ (၂) အထိ ထုတ်ဝေပြီးဖြစ်ကြောင်း၊ တိုင်းရင်း ဆေးဝါးများကိုအသုံးပြုမှု တဖြေးဖြေးကျယ်ပြန့် လာသည်နှင့်အမျှ တိုင်းရင်းဆေးဝါးများ ဖော်စပ်ရာတွင် အသုံးပြုသော ဆေးဖက် ဝင်အပင်များအား မျိုးတုန်းပျောက်ကွယ်မသွားစေရန်နှင့် ရေရှည်သုံးစွဲ နိုင်ရန် ရည်ရွယ်၍ တရုတ်နှင့်အာဆီယံနိုင်ငံများမှ သက်ဆိုင်ရာပညာ ရှင်များအနေဖြင့် ချိတ်ဆက်၍ သင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများကျင်းပပြီး မိမိတို့၏ သုတေသနတွေ့ရှိချက်များနှင့် အတွေ့ အကြုံများအား ဖလှယ်နိုင်ရန်အတွက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရမည်ဖြစ်ပါ ကြောင်းပြောကြားသည်။

အစည်းအဝေးအပြီး (၂၁-၉-၂၀၁၈) ညနေတွင် မြန်မာကိုယ်စားလှယ်အဖွဲ့သည် Naning Medical University, School of Dentistry၊ တရုတ်တိုင်းရင်း ဆေးတက္ကသိုလ် (University of Traditional Chinese Medicine)၊ ကွမ်းရှီ ပရဆေးဥယျာဉ် (Guangxi Botanical Garden) သို့ သွားရောက် လေ့လာခဲ့ပြီး နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ ပါသည်။

အစည်းအဝေး ဒုတိယမြောက်နေ့တွင် တရုတ်-အာဆီယံ ရောဂါကာကွယ်နှိမ်နင်းမှု ပူးပေါင်း ဆောင်ရွက်ရေးဖိုရမ် ပဉ္စမအကြိမ်မြောက် တရုတ်-အာဆီယံ တိုင်းရင်းဆေး ပညာရပ်ဆိုင်ရာဖိုရမ်၊ ၂၀၁၈ တရုတ်- အာဆီယံ ဆေးရုံစီမံခန့်ခွဲမှု ပူးပေါင်းဆောင ်ရွက်ရေးဖိုရမ်၊ ၂၀၁၈ တရုတ်- အာဆီယံ ကျန်းမာ ရေးဆိုင်ရာ လူငယ်ဖိုရမ်တို့ကို တပြိုင်နက်ထဲ ကျင်းပခဲ့ပြီး မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်များသည် သက်ဆိုင်ရာဖိုရမ်များ တွင် တက်ရောက်ဆွေးနွေးခဲ့ကြသည်။  

(သတင်းစဉ်)