တောင်ကြီး ၂၅ ဇွန်
ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၉)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (စတုတ္ထနေ့) ကို ၂၀၂၀ပြည့်နှစ် ယနေ့နံနက် ၁၀ နာရီက ရှမ်းပြည်နယ်လွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ် ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များနှင့် တပ်မတော်သား ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြကြောင်း သိရသည်။
အစည်းအဝေးတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၉ ဦးမှ ကြယ်ပွင့်ပြမေးခွန်း ၉ ခု မေးမြန်းကြရာ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ပြန်လည်ဖြေကြားခဲ့သည်။
ယင်းနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ တင်သွင်းခဲ့သော ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်၏ နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေး ဥပဒေ(မူကြမ်း)နှင့်စပ်လျဉ်း၍ မိုင်းပျဉ်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလှဝင်းနှင့် တပ်မတော်သား ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးဆန်းလင်းထွန်းတို့က အသီးသီး အကြံပြုဆွေးနွေး ခဲ့ပါသည်။
ဆက်လက်ပြီး ရှမ်းပြည်နယ်လွှတ်တော် ဒေသန္တရစီမံကိန်းနှင့် ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ စိစစ်ရေး ကော်မတီဥက္ကဋ္ဌ တာချီလိတ်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်တင့်က ကော်မတီ၏ စိစစ်သုံးသပ်တင်ပြချက်အား ဖတ်ကြားတင်ပြခြင်းနှင့် ရှမ်းပြည်နယ်လွှတ်တော် ဥပဒေပြုရေးဆိုင်ရာ ကော်မတီအဖွဲ့ဝင် နမ့်ဆန်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ထွဏ်း က ကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြားပြီးနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စီမံကိန်း နှင့်ဘဏ္ဍာရေး ဝန်ကြီး ဦးစိုးညွန့်လွင်(ခ) ဦးစိုးကြီးက ယင်းဥပဒေ(မူကြမ်း)ကို အတည်ပြုပေးနိုင်ပါရန်ပြန်လည် ဆွေးနွေး ရှင်းလင်း၍ လွှတ်တော်၏အဆုံးအဖြတ်ရယူခဲ့ရာ ယင်းဥပဒေ(မူကြမ်း)ကို လွှတ်တော်က ဆုံးဖြတ် ထားသည့်အတိုင်း အတည်ပြုကြောင်း ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဋ္ဌက ကြေညာသည်။
ယင်းနောက် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော်(၁၉) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆောင်ရွက်ချက်များအပါအဝင် လွှတ်တော်လုပ်ငန်းဆိုင်ရာများအား ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
ပြည်နယ် ပြန်/ဆက်