ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် နဝမပုံမှန်အစည်းအဝေး (၁၁) ရက်မြောက်နေ့ကျင်းပ 

နေပြည်တော် ၂၀ သြဂုတ် 

 

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် နဝမပုံမှန်အစည်းအဝေး (၁၁) ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ယနေ့အစည်းအဝေးတွင် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ အစီရင်ခံစာနှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအပေါ် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက ပြန်လည်ရှင်းလင်းဆွေးနွေးခြင်းနှင့် လွှတ်တော်၏အတည်ပြု ချက်ရယူခြင်း၊ အစီရင်ခံစာတစ်ခု လွှတ်တော်သို့ ဖတ်ကြားတင်ပြခြင်းနှင့် လွှတ်တော်က ဆွေးနွေးရန် အဆိုတင်သွင်းခြင်းတို့ကို ဆောင်ရွက်ကြသည်။

 

ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၏ ၂၀၁၇-၂၀၁၈ခု၊ ဘဏ္ဍာရေး နှစ်တည်ဆောက်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှု အခြေအနေနှင့်စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာအမှတ်စဉ် (၆/၂၀၁၈) အပါအဝင် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအပေါ် ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် ဒုတိယဝန်ကြီးများက ပြန်လည်ရှင်းလင်းဆွေးနွေးကြသည်။

 

ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက အခြေခံပညာဦးစီးဌာနအနေဖြင့် ငွေလုံးငွေရင်းလုပ်ငန်း ၂၅၈၀ ခု အတွက် တန်ဖိုးငွေကျပ် ၁၃၁၅၉၃ ဒသမ ၆၃၅ သန်း ခွင့်ပြုချက်ရရှိပါကြောင်း၊ အဆိုပါလုပ်ငန်း ၂၅၈၀ ခုအား ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အဦးစီးဌာနသို့ လုပ်ငန်းအပ်နှံခဲ့ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနမှ အပ်နှံသည့် လုပ်ငန်း၂၅၈၀ ခု အနက် ဆောက်လုပ် ရေးဝန်ကြီးဌာန၊ အဆောက်အဦ ဦးစီးဌာနမှ လုပ်ငန်း၃၃ခုအား တာဝန်ယူ ဆောက်လုပ်ခဲ့ပြီး လုပ်ငန်း ၂၄၉၁ ခုအား တင်ဒါခေါ်ယူဆောင်ရွက်ခဲ့ပါကြောင်း။

 

ပညာရေးဝန်ကြီးဌာနအနေဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာနသို့ အပ်နှံဆောင် ရွက်သည့်လုပ်ငန်းများ အရည်အသွေးပြည့်မီစွာဖြင့် ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေး နှစ်အတွင်း အချိန်မီပြီးစီးနိုင်ရန် ညှိနှိုင်းစာများ ပေးပို့ခဲ့ပြီးဖြစ်ပါကြောင်း၊ ၂၀၁၈ ခုနှစ် ဧပြီလမှစက်တင်ဘာလအထိ အခြေခံပညာဦးစီးဌာန၏ ငွေလုံးငွေရင်းအသုံးစရိတ် ခွင့်ပြုချက်ပါ တည်ဆောက်ရေးလုပ်ငန်း၄၈၁၀ခုအတွက် ငွေကျပ် ၆၂၅၆၃ ဒသမ ၉၃၄ သန်းကို ခွင့်ပြုချက်ရရှိခဲ့ပါကြောင်း။

 

အဆိုပါအပ်နှံထားသည့် လုပ်ငန်း(၄၈၁၀)ခုအား လစာနှုန်းတိုးမြှင့်သွားခြင်း ကြောင့် လစာငွေလိုအပ်ချက်အရ အထွေထွေပိုလျှံ ရန်ပုံငွေသို့ ပြန်လည်အပ်နှံ ခဲ့ပါကြောင်း၊ ပြန်လည်အပ်နှံထားသည့် လုပ်ငန်းများအား ၂၀၁၈-၂၀၁၉ခု၊ ဘဏ္ဍာ ရေးနှစ် ၊ ငွေလုံးငွေရင်းတွင် ထည့်သွင်းလျာထားပြီး ခွင့်ပြုချက်ရရှိပါက သက်ဆိုင် ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များမှ တင်ဒါရွေးချယ်စိစစ်အတည် ပြုထားသည့် ကုမ္ပဏီများအား ဆက်လက်အပ်နှံသွားမည်ဖြစ်ပြီး ခွင့်ပြုရန်ပုံငွေ မပါဝင်သည့် လုပ်ငန်းများအား ၂၀၁၈-၂၀၁၉ခု၊ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ခွင့်ပြု ငွေတောင်းခံသည့် စာရင်းတွင် လျာထားတင်ပြသွားမည်ဖြစ်ပါကြောင်း ရှင်လင်းဆွေးနွေးသည်။

 

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးကျော်လင်းက အဆောက်အဦ တည်ဆောက်လုပ်ရေးလုပ်ငန်းများကို ဝန်ကြီးဌာနမှ ယခုအခါကိုယ်တိုင် ဆောင်ရွက်ခြင်း မပြုလုပ်ပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များကိုသာ တိုက်ရိုက်အပ်နှံပြီး ဆောင်ရွက်သွားကြရန် ပြည်ထောင်စုဝန်ကြီးဌာနများကို အကြောင်းကြားစာပေးပို့ခဲ့ပြီး ဖြစ်ပါကြောင်း၊ ပြည်ထောင်စုဝန်ကြီးဌာနများ အနေဖြင့်လည်း တည်ဆောက်ရေးလုပ်ငန်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့များသို့ အပ်နှံဆောင်ရွက်နေပြီဖြစ်ပါကြောင်း။

 

စီမံကိန်းကြီးများမဟုတ်သည့် အခြေခံပညာကျောင်းများ၊ ဆေးရုံ၊ ဆေးခန်းလေးများနှင့် ရုံးအဆောက်အဦလေးများကို ဆောင်ရွက်ခြင်းမပြုဘဲ Architectural Drawing, Structural Drawing တို့သာ ရေးဆွဲအတည်ပြုပြီး ဘတ်ဂျက်တောင်းခံ ဆောင်ရွက်သွားမည်ဆိုပါက ဘတ်ဂျက်ရရှိသည့်အခါ တင်ဒါလုပ်ငန်းစဉ်များကို လွယ်ကူမြန်ဆန်စွာ ဆောင်ရွက်သွားနိုင်မည်ဖြစ်ပါကြောင်း ၊ထို့အပြင် တင်ဒါမခေါ်မီ အရည်အသွေးအာမခံကိုပါ တစ်ပါတည်းရေးဆွဲရန် လိုအပ်ပါကြောင်း၊ ဗိသုကာပုံစံ၊ ပုံထုတ်ပုံစံ၊ မြေစမ်းသပ်ခြင်း၊ အရည်အသွေးအာမခံတို့အတွက် ကုန်ကျမည့် ဘတ်ဂျက်ကို သက်ဆိုင်ရာ ဝန်ကြီးဌာနများက ဘဏ္ဍာရေးနှစ် (၁) နှစ်စော၍ ကြိုတင်တောင်းခံပြီး ရေးဆွဲထားရန် တိုက်တွန်းတင်ပြလိုပါကြောင်း၊ ထိုသို့ပြည့်စုံ အောင်ဆောင်ရွက်ထားနိုင်မည်ဆိုပါက တင်ဒါခေါ်ယူရာတွင် (၂) လခန့်သာကြာမြင့် မည်ဖြစ်ပြီး (၃)လအတွင်း လုပ်ငန်းများ စတင်ဆောင်ရွက်နိုင်မည်ဖြစ်သည့်အတွက် အချိန်လုံလောက်စွာရရှိပြီး ဘဏ္ဍာရေးနှစ်အလိုက် လက်ရာကောင်းမွန်ပြီး စံချိန် စံညွှန်းပြည့်မီသော လုပ်ငန်းများကိုရရှိမည် ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။

 

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြည်ထောင်စု၏ ဘဏ္ဍငွေအရအသုံးဆိုင်ရာဥပဒေကို နိုင်ငံတော်သမ္မတ လက်မှတ် ရေး ထိုးပြီးသည့်အခါ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ အသုံးစရိတ်များအတွက် ဌာနအလိုက် ဘဏ္ဍာရေးခွင့်ပြုမိန့်များကို အချိန်နှင့်တစ်ပြေးညီ ထုတ်ပေးပါကြောင်း၊ လုပ်ငန်းများ မြန်မြန်ဆန်ဆန် ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သော ကြိုတင် ပြင်ဆင်မှုများကို ပြုလုပ်ထားသင့်ပါကြောင်း၊ ဘဏ္ဍာနှစ်အတွင်း ပြီးစီးနိုင်ရေး အတွက် တင်ဒါဆိုင်ရာ စာရွက်စာတမ်းများ၊ အဖွဲ့ဖွဲ့စည်းမှုများ၊ စိစစ်တွက်ချက်မှုများ၊ တင်ဒါခေါ်ယူရေးနှင့် စိစစ်ရွေးချယ်ရေးလုပ်ငန်းစဉ်များအထိ အချိန်ကို တန်ဖိုးရှိရှိ အသုံးချပြီး ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်သည့်အခါ ပြင်ပကန်ထရိုက်တာများသို့ တင်ဒါခေါ်ယူ၍ ဆောင်ရွက် နိုင်သကဲ့သို့ လုပ်ငန်းအရည်အသွေး စံချိန်စံညွှန်းအတွက် နိုင်ငံပိုင်ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းသို့ လုပ်ငန်းအပ်နှံ ဆောင်ရွက်မှုများလည်း ရှိပါကြောင်း။

 

ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ အစီရင်ခံစာ ၆/၂၀၁၈ တွင် သုံးသပ် တင်ပြထားသည့်အတိုင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီမံကိန်းစိစစ်ရေးနှင့် တိုးတက်မှုအစီရင်ခံရေးဦးစီးဌာနကလည်း မြေပြင်ကွင်းဆင်းစစ်ဆေးတွေ့ရှိချက်များ ကိုတင်ပြ အစီရင်ခံခဲ့ပါကြောင်း၊ ယခုကြုံတွေ့နေရသည့် ဖြစ်စဉ်မှာ အစိုးရဌာနအချင်း ချင်း လုပ်ငန်းအပ်နှံ၊ လက်ခံရာတွင် အချိန်ကိုက်ဆောင်ရွက်နိုင်မှု အားနည်းခြင်း၊ အောက်ခြေသို့ လုပ်ပိုင်ခွင့်ခွဲဝေပေးမှု အားနည်းခြင်း၊ လုပ်ငန်းစဉ်အဆင့်ဆင့် အတွက် မလိုလားအပ်သော နှောင့်နှေးကြန့်ကြာမှုများ ဖြစ်ပွားခဲ့ရခြင်း၊ လုပ်ငန်း အပ်နှံ သဘောတူစာချုပ်များတွင် အားနည်းချက်များရှိခြင်း၊ ငွေပေးချေမှုစနစ်များ အားနည်းချက်ရှိခြင်း စသည့်အချက်များကြောင့်ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။

 

ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းက ပညာရေးဝန်ကြီးဌာနမှ ဆောက်လုပ် ရေးဝန်ကြီးဌာနသို့ အပ်နှံသောလုပ်ငန်းများ၏ ၉၅ ရာခိုင်နှုန်းအား တင်ဒါစနစ်ဖြင့် ဆောင်ရွက်ခဲ့ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် တာဝန်ယူဆောင်ရွက်မှုမှာ ၅ ရာခိုင်နှုန်းရှိသည်ကို တွေ့ရှိရပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တင်ဒါခေါ်ယူရာတွင် နောက်အကျဆုံးချုပ်ဆိုခဲ့သည့်ရက်မှာ ၂၀၁၇-၂၀၁၈ ဘဏ္ဍာ ရေးနှစ် ကုန်ဆုံးပြီး နောက်ပိုင်းကာလဖြစ်သည့် ၂၀၁၈ ခုနှစ် မေ ၁၄ ရက်မှ ချုပ်ဆို နိုင်သည်ကို တွေ့ရှိရသည့်အတွက် တင်ဒါခေါ်ယူခြင်း၊ စာချုပ်ချုပ်ဆိုခြင်း စသည့်လုပ် ငန်းစဉ်များ ပိုမိုလျင်မြန်အောင် ဆောင်ရွက်ရန်လိုအပ်နေသည်ကို တွေ့ရှိရပါကြောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာနသို့ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ အပ်နှံလုပ်ငန်းများ စုစုပေါင်း၏ ၂၄ ဒသမ ၆ ရာခိုင်နှုန်းသာပြီးစီးသည့်အတွက်  လုပ်ငန်းများဆောလျှင်စွာ ပြီးစီးရေးနှင့် အရည်အသွေး၊ စံချိန်စံညွှန်း ကိုက်ညီစေရန် တိုက်တွန်းအားပေး ဆောင်ရွက်သင့်ပါကြောင်း ပြန်လည်ရှင်းလင်းဆွေးနွေးသည်။

 

အဆိုပါအစီရင်ခံစာနှင့် စပ်လျဉ်း၍ လွှတ်တော်ကသဘောတူ လက်ခံရန် အတည်ပြုချက်ရယူရာ လွှတ်တော်ကအတည်ပြုကြောင်းဆုံးဖြတ်သည်။

 

ထို့နောက် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာနှင့်စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ (၇/၂၀၁၈)ကို ကော်မတီအတွင်းရေးမှူး ဦးခင်မောင်သန်းက ဖတ်ကြားတင်ပြပြီး ကော်မတီဝင် ဒေါ်ထုမေက လွှတ်တော်က ဆွေးနွေးစဉ်းစားရန် အဆိုတင်သွင်းရာ လွှတ်တော်က လက်ခံဆွေးနွေးရန်သဘောတူကြောင်း ဆုံးဖြတ်သည်။ 

 

ယင်းအစီရင်ခံစာနှင့်စပ်လျဉ်၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက အမည်စာရင်းပေးသွင်းနိုင်ကြောင်း ကြေညာသည်။

 

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် နဝမပုံမှန်အစည်းအဝေး (၁၂)ရက် မြောက်နေ့ကို သြဂုတ် ၂၄ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

မျိုးမြင့်၊ ဟန်လင်းနိုင်