ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် နဝမ ပုံမှန်အစည်းအဝေး သတ္တမနေ့ ကျင်းပ

 

နေပြည်တော် ၉ သြဂုတ်

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် နဝမပုံမှန်အစည်းအဝေး သတ္တမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ယနေ့တွင် ဥပဒေကြမ်း(၁)ခု၊ အစီရင်ခံစာ(၁)ခုတို့နှင့် စပ်လျဉ်း၍ ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို ဖတ်ကြားတင်ပြခြင်း၊ ချေးငွေရယူရန်ကိစ္စနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ကြသည်။ 

အစည်းအဝေးတွင် လွှတ်တော်နှစ်ရပ် သဘောကွဲလွဲသော မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ  စီမံခန့်ခွဲရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း (၂၀၁၇ ခုနှစ်)နှင့် စပ်လျဉ်း၍ ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီအရင်ခံစာကို ဥပဒေကြမ်း ပူးပေါင်းကော်မတီဝင် ဦးဇော်ဝင်းက လွှတ်တော်သို့ ဖတ်ကြားတင်ပြသည်။ 

အဆိုပါ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ်က ကြေညာသည်။

ထို့နောက် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၏ ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ် တည်ဆောက်ရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှု အခြေအနေနှင့်စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာအမှတ်စဉ် (၆/၂၀၁၈)ကို ကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းက  ဖတ်ကြားတင်ပြပြီး လွှတ်တော်က ဆွေးနွေးစဉ်းစားရန် အဆိုတင်သွင်းသည်။ 

ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ အစီရင်ခံစာတွင် တင်ဒါခေါ်ယူခြင်းမှ စာချုပ်ချုပ်ဆိုသည်အထိ လုပ်ငန်းစဉ်တွင်လည်းကောင်း၊ လုပ်ငန်းတန်ဖိုးပေးချေမှု စနစ်တွင်လည်းကောင်း၊ မလိုလားအပ်သော ကြန့်ကြာမှုမဖြစ်စေရေးနှင့် တာဝန်ယူ၊ တာဝန်ခံမှု စနစ်ကို ကျင့်သုံးနိုင်စေရေးတို့အတွက် ဆောင်ရွက်သင့်ကြောင်း သဘောထားမှတ်ချက်(၅)ခု၊ တင်ဒါစီစစ်ရာတွင် ကျွမ်းကျင်မှုဆိုင်ရာ တွက်ချက်မှုများအတွက် အမှတ်ပေးခြင်းနှင့် စပ်လျဉ်း၍ ဆောင်ရွက်သင့်ကြောင်း သဘောထားမှတ်ချက် (၂)ခု၊ တင်ဒါအောင်မြင်သူနှင့် ချုပ်ဆိုမည့် လုပ်ငန်းအပ်နှံသဘောတူ စာချုပ်ပါ လုပ်ငန်းတာဝန်နှင့် စည်းကမ်းချက်များသည် တိကျခိုင်မာပြီး မြို့နယ်ကြီးကြပ်ရေးအဖွဲ့များ၊ အရည်သွေးစိစစ်ရေး အဖွဲ့များအနေဖြင့် ထိထိရောက်ရောက် ကြပ်မတ်စစ်ဆေးနိုင်စေရေးနှင့် မလိုလားအပ်ဘဲ အငြင်းပွားမှုဖြစ်ပြီး တရားစွဲဆိုရသည့် အခြေအနေအထိ မဖြစ်ပေါ်စေနိုင်ရေးအတွက် ဆောင်ရွက်သင့်ကြောင်း သဘောထား မှတ်ချက်(၃)ခု၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အဦ ဦးစီးဌာနသို့ အပ်နှံဆောင်ရွက်သော လုပ်ငန်းများအတွက် လုပ်ငန်းတန်ဖိုးပေးချေခြင်းနှင့် စပ်လျဉ်း၍ တည်ဆဲဘဏ္ဍာရေး စည်းမျဉ်းများနှင့် ညီညွတ်စေရေးအတွက် ဆောင်ရွက်သင့်သည့် သဘောထားမှတ်ချက် (၂)ခုတို့ပါရှိသည်။

ယင်းနောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အီတလီနိုင်ငံမှ အတိုးမဲ့ချေးငွေ ယူရိုသန်း ၃၀ ရယူရန်ကိစ္စနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။ 

လှိုင်းဘွဲမဲဆန္ဒနယ်မှ ဦးခင်ချိုက အီတလီနိုင်ငံချေးငွေဖြင့် ဆောင်ရွက်မည့် စီမံကိန်းသည် စစ်ကိုင်းတိုင်းဒေသကြီးမှ ဖွံ့ဖြိုးမှုနိမ့်ကျပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် နာဂဒေသ၏ ဖွံ့ဖြိုးမှုအတွက် ရည်ရွယ်ဆောင်ရွက်မည့် စီမံကိန်းဖြစ်သည့်အတွက် ကြိုဆိုပါကြောင်း၊ စီမံကိန်းဆောင်ရွက်မည့်ဒေသမှာ တောင်တန်းဒေသဖြစ်ပြီး အအေးပိုင်းဒေသဖြစ်သည့်အတွက် နေရောင်ခြည်ရရှိနိုင်မှု အားနည်းသည့် အနေအထားအရ ဆိုလာစနစ်ကျင့်သုံးပါက အမှန်တကယ် အဆင်ပြေနိုင်ခြင်း ရှိ/မရှိ၊ ဓာတ်အား တစ်နှစ်ပတ်လုံး အပြည့်အဝရရှိနိုင်ရန် စုဆောင်းနိုင်စွမ်း ရှိ/မရှိ တို့ကို သေချာလေ့လာဆန်းစစ်ပြီးမှ ဆိုလာစနစ် ဆောင်ရွက်မည့်ဒေသနှင့် ကျေးရွာများကို ရွေးချယ်သတ်မှတ်သင့်ပါကြောင်း အကြံပြု ဆွေးနွေးသည်။

မအူပင်မဲဆန္ဒနယ်မှ ဦးစိန်ဝင်းက ယခုချေးငွေ ယူရိုသန်း ၃၀ မှာ အိမ်သုံးဆိုလာစနစ်နှင့် အသေးစား ဓာတ်အားပေးစနစ်အတွက် ကျေးရွာပေါင်း (၁၀၁၉)ရွာ၊ အိမ်ခြေ (၉၆၅၀ဝ) မီးလင်းရေး ဆောင်ရွက်မည်ဖြစ်သည်ဟု သိရှိရပါကြောင်း၊ မီးလင်းရေး ကော်မတီဖွဲ့စည်းရာတွင် ဖွဲ့စည်းမည့်ပုံစံအတိုင်း ဒေသခံလူထုကိုယ်စားပြု ခေါင်းဆောင်များဖြင့် စနစ်တကျမှန်ကန်စွာ ဖွဲ့စည်းဆောင်ရွက်ရန် အကြံပြုလိုပါကြောင်း။

အသေးစား ဓာတ်အားပေးစနစ်ကို ဖြစ်နိုင်ခြေရှိသော နေရာများတွင် ဦးစားပေး ဆောင်ရွက်စေလိုပါကြောင်း၊ ထိုမှတစ်ဆင့် စာသင်ကျောင်း၊ ကျန်းမာရေးဆေးပေးခန်းနှင့် တစ်ရွာလျှင် ကုန်ထုတ်လုပ်မှု(၁)ခု ထုတ်လုပ်နိုင်သည်အထိ မျှော်မှန်းဆောင်ရွက် စေလိုပါကြောင်း၊ ဘာသာရေး အဆောက်အဦများကို မီး၊ ရေ ရရှိရေး ဆောင်ရွက်သင့်ပါကြောင်း၊ ပြင်ဆင်ထိန်းသိမ်းရေးနှင့် ပတ်သက်၍ ၎င်းစီမံကိန်း ဧရိယာတွင် အသိပညာပေးဟောပြောမှုများ လက်ကမ်းစာစောင်များ၊ ပြုလုပ်ဆောင်ရွက်ပေးစေလိုပါကြောင်း ဆွေးနွေးသည်။

တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးတင်လင်းက ကမ္ဘာ့ဘဏ်နှင့် အပြည်ပြည်ဆိုင်ရာ ငွေရေးကြေးရေး ရန်ပုံငွေအဖွဲ့တို့က သတ်မှတ်ထားသည့် နိုင်ငံ၏မူဝါဒနှင့် အဖွဲ့အစည်းဆိုင်ရာ မူဘောင်ကို တိုင်းတာသည့် Score အရ ကိုက်ညီခြင်းကြောင့် ချေးငွေရယူရန် သင့်လျော်မှုရှိသည်ကို တွေ့ရှိရပါကြောင်း၊ စီမံကိန်းဆောင် ရွက်မည့်ဒေသများသည် ဖွံ့ဖြိုးမှုနည်းပါးသည့် ဒေသများဖြစ်သည့်အတွက် အမှန်တကယ် ဆောင်ရွက်ပေးသင့်သည့် ဒေသများဖြစ်သည်ကိုလည်း တွေ့ရှိရပါကြောင်း၊ အီတလီအစိုးရအနေဖြင့် ချေးငွေထုတ်ပေးခြင်းမှာ မြန်မာနိုင်ငံ၏ တစ်နိုင်ငံလုံး လျှပ်စစ်မီးရရှိရေး ဆောက်ရွက်ချက်များအတွက် ကူညီပံ့ပိုးရန် မဟာဓာတ်အားလိုင်းနှင့် ဝေးကွာသည့်ကျေးရွာများတွင် အကြိုလျှပ်စစ်မီးရရှိရေးစနစ် (Pre-Electrification System) နှင့် ဆောင်ရွက်စေရန်၊ အစိုးရပြည်သူလူထုနှင့် ပုဂ္ဂလိကအခန်းကဏ္ဍတို့ ပူးပေါင်းဆောင်ရွက်မှု မြှင့်စေရန်၊ ပြည်သူအချိုးကျ ထည့်ဝင်မှုစနစ်ဖြင့် ပိုမိုကောင်းမွန်သည့် လျှပ်စစ်မီးလင်းရေး ဆောင်ရွက်ရန်နှင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ တိုးတက်လာစေရန် ရည်ရွယ်ပြီး ချေးငွေပေးအပ်ခြင်းဖြစ်သည့်အတွက် ရရှိလာသည့် ချေးငွေကို အလေအလွင့် မရှိစေဘဲ စီမံကိန်းဒေသမှ ပြည်သူများအတွက် အကျိုးရှိရှိ၊ ထိထိရောက်ရောက် စေတနာထည့်ပေါင်းပြီး ဆောင်ရွက်သင့်ပါကြောင်း။

အသေးစား ဓာတ်အားပေးစနစ် လည်ပတ်ရန်နှင့် ပြင်ဆင်ထိန်းသိမ်းရန်အတွက် ရင်းနှီးမြှုပ်နှံသူက ကျေးရွာတစ်ရွာလျှင် ဝန်ထမ်းတစ်ဦးခန့်အပ်ပြီး Prepaid စနစ်ဖြင့် ကြိုတင်ငွေကောက်ခံခြင်းဖြင့် လုပ်ငန်းလည်ပတ် ဆောင်ရွက်မည်ဖြစ်ပြီး နည်းပညာ အကူအညီပေးရန်အတွက် အီတလီအစိုးရက ကမ္ဘာ့ဘဏ်သို့ သီးခြားရန်ပုံငွေ အမေရိကန်ဒေါ်လာ  ၁ ဒသမ ဝ၅ သန်း ထောက်ပံ့ပေးသွားမည် ဖြစ်သည့်အတွက် စနစ်တကျဆောင်ရွက်ထားသည်ကို တွေ့ရှိရပါကြောင်း ဆွေးနွေးသည်။

အလားတူ ဆိပ်ဖြူမဲဆန္ဒနယ်မှ ဦးအောင်သိုက်၊ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)မှ ဦးဥက္ကာမင်း၊ မော်လိုက်မဲဆန္ဒနယ်မှ ဒေါ်ချိုချိုဝင်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးဝှေ့တင်း၊ ကျိုက်လတ်မဲဆန္ဒနယ်မှ ဦးရန်လင်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးလားလ်မင်းထန်၊ လဟယ်မဲဆန္ဒနယ်မှ ဦးသက်နောင်၊ အင်းတော်မဲဆန္ဒနယ်မှ ဒေါက်တာဒေါ်ပြုံး၊ ကလေးမဲဆန္ဒနယ်မှ ဒေါ်အေးအေးမူ (ခေါ်) ဒေါ်ရှားမီး၊ ဖာပွန်မဲဆန္ဒနယ်မှ ဦးစောထွန်းမြအောင်၊ ကျုံပျော်မဲဆန္ဒနယ်မှ ဦးစိုးအောင်နိုင်၊ မိုင်းရယ်မဲဆန္ဒနယ်မှ ဦးစိုင်းသီဟကျော်နှင့် ကသာမဲဆန္ဒနယ်မှ ဦးမြင့်ကြည်တို့က ဆွေးနွေးကြသည်။

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် နဝမပုံမှန် အစည်းအဝေး အဋ္ဌမနေ့ကို သြဂုတ် ၁၃ ရက်တွင် ဆက်လက်ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။ 

မျိုးမြင့်၊ ဟန်လင်းနိုင်