ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒသမပုံမှန်အစည်းအဝေး နဝမနေ့ ကျင်းပ

နေပြည်တော် ၁၃ ဒီဇင်ဘာ 
 
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒသမပုံမှန်အစည်းအဝေး နဝမနေ့ကို ယနေ့နံနက် ၁၀နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ ၌ ကျင်းပသည်။
 
အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီ အတွင်းရေးမှူး ဦးကျော်စိုးလင်း က ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ လပေါင်း ၃၀ လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာကို ဖတ်ကြားတင်ပြရာတွင် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်၏ လပေါင်း ၃၀ ကာလ သက်တမ်းအတွင်း ဥပဒေစုစုပေါင်း ၇၁ ခု အတည်ပြုနိုင်ရန် ဥပဒေကြမ်းပူးပေါင်းကော်မတီသည် စုစည်းညီညွတ်မှု၊ အပြန် အလှန်လေးစားမှု၊ စိတ်ရှည်သည်းခံမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှု၊ မနားမနေ လုပ်ငန်း ဆောင်ရွက်မှု၊ ပြည်သူ့အကျိုးစီးပွားကိုသာ ဦးတည်ရှေးရှုမှုနှင့်စေတနာ ထားမှုများဖြင့် အစဉ်ကြိုးပမ်း ဆောင်ရွက်ခဲ့ကြရပါကြောင်း။
 
ထိုသို့ဆောင်ရွက်နိုင်ခြင်းကြောင့် အတွေ့အကြုံကောင်းများစွာကို ရရှိခဲ့ပြီး နိုင်ငံ တော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားအတွက် ဥပဒေပြုရေးလုပ်ငန်းများဖြင့် အကျိုးပြု နိုင်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ဥပဒေကြမ်းပူးပေါင်းကော်မတီအနေဖြင့် စေတနာ၊ ဝါသနာ၊ လုံံ့လဝီရိယကို အခြေခံပြီး ဥပဒေပြုရေးလုပ်ငန်းများအတွက် နေ့ညမဟူ၊ အချိန်ယူ ပြင်ဆင်ကာ ကြိုးပမ်းခဲ့ကြပါကြောင်းနှင့် ဆက်လက်၍လည်း ပြည်ထောင်စုလွှတ်တော် ၏ ဂုဏ်သိက္ခာကို ကာကွယ်စောင့်ရှောက်ပြီး ဥပဒေပြုရေးတာဝန်များကို တတ်စွမ်း သရွှေ့ထမ်းရွက်သွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။
 
ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ် က အဆိုပါ အစီရင် ခံစာကို လွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာသည်။
 
ယင်းနောက် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း က နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော Memorandum of Association (MoA) on the Establishment of BIMSTEC Technology Transfer Facility ကို လက်မှတ်ရေးထိုးရေးနှင့် နှစ်စဉ်ကြေးထည့်ဝင်ရေးတို့နှင့် စပ်လျဉ်း၍ လွှတ်တော်သို့ ရှင်းလင်းတင်ပြရာတွင် စာချွန်လွှာတွင် ပါဝင်လက်မှတ်ရေးထိုးခြင်းအားဖြင့် အသေးစား၊ အလတ်စားနှင့် အငယ်စား စီးပွားရေးလုပ်ငန်းများအတွက် သင့်လျော်သော နည်းပညာ ရပ်များကို ထိရောက်စွာ ဖလှယ်နိုင်ခြင်း၊ စိုက်ပျိုးရေးဆိုင်ရာနည်းပညာများ၊ ဆေးဝါး ဆိုင်ရာနည်းပညာများ၊ ကျန်းမာရေးဆိုင်ရာ နည်းပညာများ၊ သဘာဝဘေးအန္တရာယ် လျှော့ချခြင်းနှင့် ရာသီဥတု ပြောင်းလဲမှုတို့နှင့် လိုက်လျောညီထွေဆောင်ရွက်ခြင်း ဆိုင်ရာနည်းပညာများ၊ သတင်းအချက်အလက် ဆက်သွယ်ရေး နည်းပညာများ၊ စွမ်းအင်အသစ်နှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် နည်းပညာ အပါအဝင် ဦးစားပေး နယ်ပယ် ၁၄ရပ်တွင် ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများအကြား နည်းပညာလွှဲပြောင်းမှုကို လွယ်ကူချောမွေ့စွာ ရရှိနိုင်မည့် အကျိုးကျေးဇူးများ ရရှိစေမည်ဖြစ်ပါ ကြောင်း။
 
 
သို့ဖြစ်ပါ၍ မြန်မာနိုင်ငံအနေဖြင့် Memorandum of Association(MoA) on the Establishment of BIMSTEC Technology Transfer Facility အား လက်မှတ်ရေး ထိုးနိုင်ပါရန်နှင့် နှစ်စဉ်ကြေး အမေရိကန်ဒေါ်လာ ၁၃၃၅၆ ထည့်ဝင်နိုင်ရေးတို့အတွက် ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ရယူပေးနိုင်ပါရန် တင်ပြအပ်ပါကြောင်း ပြောကြား သည်။
 
ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယကက ယင်းကိစ္စနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ် ရှိပါက အမည်စာရင်း တင်သွင်းနိုင် ကြောင်း ကြေညာသည်။
 
ဆက်လက်၍စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနဒုတိယဝန်ကြီး ဦးဆက်အောင်က ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးပို့သော ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း နှစ်ပတ်လည်အစီရင်ခံစာနှင့် စပ်လျဉ်း၍ လွှတ်တော်သို့ ရှင်းလင်းတင်ပြရာတွင်  ယင်းအစီရင် ခံစာသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်သူဗဟိုပြုဖွံ့ဖြိုးတိုး တက်ရေး လုပ်ငန်းများကို မူဝါဒများ၊ ဦးစားပေးကဏ္ဍများ သတ်မှတ်ပြီး အကောင် အထည်ဖော် ဆောင်ရွက်နိုင်ခဲ့မှုများကို ခြုံငုံသုံးသပ်တင်ပြထားခြင်း ဖြစ်ပါကြောင်း၊ နိုင်ငံတော်အနေ ဖြင့်တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူများ၏ လူမှုဘဝစီးပွားတိုးတက် မြင့်မားရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည် ထောင်စုကြီးတည်ဆောက်နိုင်ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်သည့် ဖွံ့စည်းပုံ အခြေ ခံဥပဒေပြင်ဆင်ရေးတို့ကို အလေးထားဆောင်ရွက်ရင်း ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းရရှိခြင်းမှတစ်ဆင့် ဝင်ငွေတိုးမြှင့်ရရှိစေခြင်းတို့ ဆောင်ရွက် သွားမည် ဖြစ် ပါကြောင်းနှင့် အစီရင်ခံစာအား ပြည်ထောင်စုလွှတ်တော်မှ မှတ်တမ်းတင် ပေးနိုင်ပါရန် တင်ပြအပ်ပါကြောင်း ပြောကြားသည်။
 
ထို့နောက် ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ ဝင် ဒေါ်ရွှေရွှေစိန်လတ်က အဆိုပါ အစီရင်ခံစာနှင့် စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်းပူးပေါင်း ကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာ (၁၃/၂၀၁၈) ကိုဖတ်ကြားတင်ပြ၍ လွတ်တော်က ဆွေးနွေးစဉ်းစားရန် အဆိုတင်သွင်းသည်။
 
ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယက က အဆိုပါ အစီရင်ခံစာနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ် ရှိပါက အမည်စာရင်း တင် သွင်းနိုင်ကြောင်း ကြေညာသည်။
 
ဆက်လက်၍ ဒုတိယဝန်ကြီး ဦးဆက်အောင် က ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးပို့သော ၂၀၁၇ - ၂၀၁၈  ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံး ဆိုင်ရာ နှစ်ပတ်လည်အစီရင်ခံစာ နှင့် စပ်လျဉ်း၍ လွှတ်တော်သို့ ရှင်းလင်းတင်ပြရာတွင် ၂၀၁၇ - ၂၀၁၈ဘဏ္ဍာနှစ် ဘဏ္ဍာငွေအရအသုံးဆိုင်ရာ အကောင်အထည်ဖော်ဆောင် ရွက်နိုင်မှု အခြေအနေနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဌာနအဖွဲ့အစည်းများ၏ ရငွေအပိုင်း တွင် ငွေလုံးငွေရင်းရငွေနှင့် ကြွေးမြီရငွေများမှာ လျာထားချက် ပြည့်မီရန် လိုအပ်ခဲ့ ပါကြောင်း၊ ပြည်ပအကူအညီရငွေများ ချေးယူငွေများနှင့် ပတ်သက်၍ သက်ဆိုင်ရာ ဘဏ္ဍာနှစ်တွင် အမှန်တကယ်ရရှိမည့် ရငွေများအား ထည့်သွင်းလျာထား မှသာ လျာထားချက်နှင့်  အကောင်အထည်ဖော်ဆောင်နိုင်မှု နီးစပ်မည် ဖြစ်သည်ကို သုံးသပ်တင်ပြအပ်ပါ ကြောင်း။
 
ပြည်ထောင်စုဌာနအဖွဲ့အစည်းများ၏ သုံးငွေအပိုင်းတွင် ငွေလုံးငွေရင်းအသုံး စရိတ်များ၌ တစ်ချို့သော ပြည်ပအကူအညီငွေ ချေးယူငွေဖြင့် သုံးစွဲရသည့် အသုံးစ ရိတ် များ သုံးစွဲနိုင်မှု မရှိခဲ့ပါကြောင်း၊ ပြည်ထောင်စုဌာနအဖွဲ့အစည်းများနှင့် ပြည် ထောင်စု ဘဏ္ဍာငွေ အစီအစဉ် ပြင်ပတွင် ဆောင်ရွက်သော အဖွဲ့အစည်းများအနေဖြင့် လာမည့် ဘဏ္ဍာနှစ်အရအသုံးခန့်မှန်းခြေ ငွေစာရင်းများ ရေးဆွဲရာတွင် အရအသုံး လျာထားချက် များကို ပိုမိုနီးစပ်အောင် လျာထားရန် လိုအပ်ပါကြောင်း၊ အထွေထွေ ကြိုတင် ရန်ပုံငွေများ  ကျခံသုံးစွဲခြင်းနှင့် ရန်ပုံငွေလွဲပြောင်းသုံးစွဲခြင်း များကို ဘဏ္ဍာရေးစည်း မျဉ်းများနှင့်အညီ တင်ပြသုံးစွဲရန် လိုအပ်သည်ကို သုံးသပ်တင် ပြအပ်ပါကြောင်း။
 
ယခုတင်ပြသည့် ရငွေနှင့်သုံးငွေများသည် ဘဏ္ဍာရေးနှစ် ကုန်ဆုံးချိန် မတ် ၃၁ရက် စာရင်းပိတ်သည့် ယာယီအရအသုံးစာရင်းများသာ ဖြစ်ပါကြောင်း၊ ပြည်ထောင် စုစာရင်း စစ်ချုပ်ရုံးမှ စစ်ဆေးအတည်ပြုပြီးသော အမှန်စာရင်းများ ရရှိလာသည့်အခါ တွင် ထပ်မံ သုံးသပ် တင်ပြသွားမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ယင်းအစီရင်ခံစာကို ပြည်ထောင်စု လွှတ်တော်မှ ဆွေးနွေးသုံးသပ်၍ အတည်ပြုမှတ်တမ်းတင်ပေးနိုင်ပါရန် တင်ပြအပ်ပါ ကြောင်း ပြောကြားသည်။
 
 
ထို့နောက် ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီအဖွဲ့ဝင် ဒေါ်ချိုချိုဝင်း က အဆိုပါ အစီရင်ခံစာနှင့် စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်းပူး ပေါင်းကော် မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာ (၁၄/၂၀၁၈) ကိုဖတ်ကြားတင်ပြ၍ လွှတ်တော်က ဆွေးနွေးစဉ်းစားရန် အဆိုတင်သွင်း သည်။
 
ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယက က အဆိုပါ အစီရင်ခံစာနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ် ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။
 
ထို့နောက် ဒုတိယဝန်ကြီး ဦးဆက်အောင် က ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးပို့သော ၂၀၁၈ခုနှစ်၊ ကာလလတ်ကြွေးမြီစီမံခန့်ခွဲမှု မဟာဗျူဟာထုတ်ပြန်ရေးနှင့် စပ်လျဉ်း၍ လွှတ်တော်သို့ တင်ပြရာတွင် ကာလလတ်ကြွေးမြီစီမံခန့်ခွဲမှု မဟာဗျူဟာ ကိုထုတ်ပြန်နိုင်ခဲ့သည်မှာ နှစ်နှစ်တာရှိပြီ ဖြစ်ပါကြောင်း၊ ၂၀၁၈ခုနှစ်၊ ကာလလတ်ကြွေး မြီစီမံခန့်ခွဲမှုမဟာဗျူဟာကို ယခင်နှစ် များက လွှတ်တော်ကိုယ်စားလှယ်များ၏ အကြံပြု ချက်များ၊ သဘောထားမှတ်ချက်များ ကို ထည့်သွင်းသုံးသပ်၍ ပိုမိုပြည့်စုံသော မဟာဗျူဟာ ဖြစ်စေရန် ပြုစုတင်ပြထားပါ ကြောင်း၊ ပြည်သူ့ငွေစာရင်းပူးပေါင်း ကော်မ တီ၏ သုံးသပ်တွေ့ရှိချက်များနှင့် သဘော ထား မှတ်ချက်များကိုလည်း အလေးထား ၍လိုက်နာကျင့်သုံးလျက်ရှိပါကြောင်း၊ ထို့ကြောင့် ၂၀၁၈ခုနှစ်၊ ကာလလတ်ကြွေးမြီ စီမံခန့်ခွဲမှု မဟာဗျူဟာကို ပြည်ထောင်စု လွှတ်တော်က အတည်ပြုပေးနိုင်ပါရန် တင်ပြအပ်ပါကြောင်း ပြောကြား သည်။
 
ယင်းနောက် ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေး အဖွဲ့ အတွင်းရေးမှူး ဦးခင်ဇော် က ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေး အဖွဲ့၏ (၆)လတာကာလအတွင်း လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာကို လွှတ်တော် သို့တင်ပြသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယကက အဆိုပါ အစီရင်ခံစာနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ် ရှိပါက အမည်စာရင်းတင်သွင်း  နိုင်ကြောင်း ကြေညာသည်။
 
ဆက်လက်၍ ဒုတိယဝန်ကြီး ဦးဆက်အောင် က နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ရန်ကုန်တိုင်း ဒေသကြီးအတွင်း စီမံကိန်းလုပ်ငန်းများ ဆောင်ရွက် ရန်အတွက် ပြင်သစ်ဖွံ့ဖြိုးတိုးတက် ရေးအေဂျင်စီထံမှ ချေးငွေယူရိုသန်း ၇၀ ရယူရန် ကိစ္စနှင့် စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာအပေါ် ပြန်လည်ရှင်းလင်းဆွေးနွေးရာတွင် ချေးငွေ ရရှိစေရန် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ပြင်သစ်ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ တို့အကြား ဦးစွာချေးငွေစာချုပ် ချုပ်ဆိုပြီးနောက် ၄င်းချေးငွေဆိုင်ရာ စည်းကမ်းချက် များအတိုင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီတို့အကြား ထပ်ဆင့်ချေးငွေစာချုပ်ကို ချုပ်ဆိုဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်း၊ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီက လေ့လာသုံးသပ်သကဲ့သို့ သက်ဆိုင် ရာဌာနအနေဖြင့် စီမံကိန်းဖြစ်မြောက်နိုင်စွမ်းလေ့လာဆန်းစစ်ချက်တွင် ကုန်ကျစရိတ် နှင့် အကျိုးအမြတ်ရရှိမှုကို ခန့်မှန်းခြေစာရင်းအပါအဝင် စီမံကိန်း၏ စီးပွားရေး တွက်ခြေကိုက်မှုဆိုင်ရာ စိစစ်သုံးသပ်ချက်များ ပါဝင်ဆောင်ရွက်မည် ဖြစ်ပါကြောင်းနှင့် အဆိုပါ ချေးငွေပြန်လည်ပေးဆပ်ရေးတာဝန်သည် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမှ တာဝန်ယူပေးဆပ်မည် ဖြစ်ပါကြောင်း။
 
ထို့ကြောင့် ရန်ကုန်တိုင်းဒေသကြီးတွင် အကောင်အထည် ဖော်ဆောင်ရွက်မည့် သယ်ယူပို့ဆောင်ရေး၊ မြစ်ကမ်းပါးတစ်လျှောက် ဖွံ့ဖြိုးရေးနှင့် မြို့ပြယဉ်ကျေးမှုအမွေ အနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးမဟာဗျူဟာ စီမံကိန်းအတွက် ချေးငွေယူရိုသန်း ၇၀ ရယူနိုင်ရေးကိစ္စရပ်အား ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးနိုင်ပါရန် တင်ပြအပ်ပါကြောင်း ပြောကြားသည်။
 
ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယက က အဆိုပါ ချေးငွေယူရိုသန်း ၇၀ ရယူရန် ကိစ္စကို အတည်ပြုရန် စက်ခလုတ်အသုံးပြု၍ လွှတ်တော်၏ အဆုံးအဖြတ် ရယူရာ ထောက်ခံမဲ ၃၄ မဲ၊ ကန့်ကွက်မဲ ၄၉၇မဲ၊ ကြားနေမဲ ၆မဲဖြင့် ကန့်ကွက်မဲများ သဖြင့် လွှတ်တော်က သဘောမတူကြောင်း ကြေညာသည်။
 
ထို့နောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ပို့ဆောင်ရေးနှင့်ဆက်သွယ် ရေးဝန်ကြီးဌာနက သတင်းအချက်အလက်ဗဟိုဌာနကြီး တည်ဆောက်ခြင်း စီမံကိန်း ဆောင်ရွက်ရန်အတွက် ကိုရီးယားသမ္မတနိုင်ငံ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုပူးပေါင်း ဆောင်ရွက်ရေးရန်ပုံငွေထံမှ ချေးငွေ အမေရိကန်ဒေါ်လာ ၉၃ ဒသမ ၇၇၉ သန်း ရယူရန်ကိစ္စနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။
 
လှိှုုင်းဘွဲ့ မဲဆန္ဒနယ်မှ ဦးခင်ချိုက အဆိုပါစီမံကိန်းနှင့် ပတ်သက်၍ ရုပ်ပိုင်းဆိုင် ရာနှင့် ပညာရပ်ပိုင်းဆိုင်ရာကဏ္ဍများရှိပါကြောင်း ၊ ယခုချေးငွေနှင့် ပတ်သက်၍  မည် သည့်လုပ်ငန်းကဏ္ဍအတွက် ခန့်မှန်းကုန်ကျငွေတန်းဖိုး မည်မျှ ကုန်ကျမည်၊ လုပ်ငန်း ကဏ္ဍတစ်ခုချင်းဆောင်ရွက်မည့်ပုံစံနှင့် ကွန်ယက်ချိတ်ဆက်မည့် သဘောတရားများကို ရုပ်ပုံ၊ ကားချပ်များနှင့် ရှင်းလင်းပြသ မည်ဆိုပါက ပို၍ ကောင်းမွန်မည်ဟု အကြံပြု လိုပါကြောင်း၊ စီမံကိန်းတွင်ပါဝင်သည့် Cyber လုံခြုံရေးနှင့်ပတ်သက်၍ အကြံပြုလို ပါကြောင်း၊  လက်ရှိ နိုင်ငံအတွင်း ဖေ့စ်ဘွတ် သုံးသူဦးရေသည် သန်း၂၀ အထက် ရှိနေပါကြောင်း၊ ဖေ့စ်ဘွတ်သည် တစ်ဦးနှင့် တစ်ဦး လွယ်လွယ်ကူကူချိတ်ဆက်နိုင်ပြီး ဗဟုသုတနှင့် လူသားများအတွက် အကျိုးပြုနိုင် စရာများ များစွာရနိုင်သကဲ့သို့ တစ်ဖက်တွင်လည်း မသမာသည့် ရည် ရွယ်ချက်များနှင့် မကောင်းမှု ဒုစရိုက်မျိုးစုံ ပြုလုပ်နိုင်မှုကိုလည်း တွေ့ရှိရပါကြောင်း။
 
ယခုအခြေအနေတွင်  မိန်းကလေးများသာမက ယောကျာ်းလေးများ၊ အထူး သဖြင့် ဂုဏ်သရေရှိ လူကြီးများသည်လည်း ပစ်မှတ်များ ဖြစ်လာနိုင်သည့်အနေ အထားဖြစ်နေသည်ကို ကြားသိရပါကြောင်း၊ Cyber Crime Police ၏  Hotline ဖုန်းနံ ပတ်သည်လည်း ထိထိရောက်ရောက် မထိန်းချုပ်နိုင်ပါကြောင်း၊ ပြည်သူများအတွက် အလွန် အန္တရာယ်ကြီးသည့် လူမသိသူမသိ ပြဿနာများကို ထိထိရောက်ကာကွယ် တားဆီးနိုင်ရန်အတွက်  ကြိုးစားဆောင်ရွက်နိုင်ရန် အကြံပြုလိုပါကြောင်း၊ နိုင်ငံနှင့် ပြည်သူများ အတွက် အကျိုးရှိပြီးနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုနိုင် သည့် လုပ်ငန်းစီမံကိန်းဖြစ်ရန် ချေးငွေအတွက် ထောက်ခံပါကြောင်းဆွေးနွေးသည်။
 
ယင်းကိစ္စနှင့် စပ်လျဉ်း၍ ကျောက်တန်းမဲဆန္ဒနယ်မှ ဒေါ်အေးမြမြမျိုး၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မဲဆန္ဒနယ်မှ ဦးနေကျော်၊ ခင်ဦးမဲဆန္ဒနယ်မှ ဒေါက်တာဝင်းအောင် တို့က ဆက်လက် ဆွေးနွေးကြသည်။
 
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒသမပုံမှန်အစည်းအဝေး ဒသမနေ့ကို   ဒီဇင်ဘာ ၁၈ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
 
အောင်ရဲသွင်၊ အေးအေးသန့် (သတင်းစဉ်)