ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး ဒသမနေ့ ကျင်းပ

နေပြည်တော် ၁၄ ဇွန်

 

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး ဒသမနေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော် နာယက မန်းဝင်းခိုင်သန်း က ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုသည်ဟု မှတ်ယူရမည့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ဥပဒေကိုပြင်ဆင်သည့် ဥပဒေကြမ်းနှင့် ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းတို့နှင့် စပ်လျဉ်း၍ လွှတ်တော်မှ မှတ်တမ်းတင်ကြောင်း ကြေညာသည်။

 

ထို့နောက် နိုင်ငံတော်သမ္မတထံမှ သဘောထားမှတ်ချက်ဖြင့် ပြန်လည်ပေးပို့ထားသော သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှု ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို ဥပဒေကြမ်းကော်မတီဝင် ဦးကျော်ကျော်က နိုင်ငံတော်သမ္မတက သဘောထား မှတ်ချက်ဖြင် ပြန်လည်ပေးပို့လာသည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်း၏ အပိုဒ်၂ အပိုဒ်ခွဲ(ဎ)နှင့် အပိုဒ်ခွဲ(ဏ)တို့ကို  နိုင်ငံတော်သမ္မတ၏ သဘောထားမှတ်ချက်ကို ပယ်ဖျက်၍ လည်းကောင်း၊  အပိုဒ် ၂ အပိုဒ်ခွဲ(ဋ)၊ အပိုဒ် ၃ အပိုဒ်ခွဲ(ဂ)၊ အပိုဒ် ၁၂ အပိုဒ်ခွဲ(ဒ)၊ အခန်း(၉)ခေါင်းစဉ်၊ အပိုဒ် ၁၈၊ အပိုဒ် ၂၀၊ အပိုဒ် ၂၂၊ အပိုဒ် ၂၃ နှင့် အပိုဒ် ၂၄ အပိုဒ်ခွဲ(ခ)တို့ကို နိုင်ငံတော်သမ္မတ၏ သဘောထားမှတ်ချက်နှင့်အညီ ပြင်ဆင်၍ လည်းကောင်း အတည်ပြု ပြဋ္ဌာန်းသင့်ပါကြောင်းကို လေ့လာတွေ့ရှိရပါကြောင်း ရှင်းလင်းဖတ်ကြားသည်။

 

ယင်းနောက် ပြည်ထောင်စု လွှတ်တော်နာယက မန်းဝင်းခိုင်သန်းက အဆိုပါ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းကြောင်း ကြေညာသည်။

 

ဆက်လက်၍ အမျိုးသား ပညာရေးမူဝါဒ ကော်မရှင်၏ ၆ လတာ (၂၀၁၇ ခုနှစ် အောက်တိုဘာလမှ ၂၀၁၈ ခုနှစ် ဧပြီလအထိ) ကာလအတွင်း လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာနှင့် စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

 

လှိုင်းဘွဲ့ မဲဆန္ဒနယ်မှ ဦးခင်ချိုက တက္ကသိုလ်၊ ကောလိပ်၊ အဆင့်မြင့်ပညာ သင်ကြားပြီး ဘွဲ့ရများနှင့် အလုပ်အကိုင် အခွင့်အလမ်းများသည် နိုင်ငံ၏ ပညာရေးအပေါ် လူငယ်များ ယုံကြည်အားထား လာနိုင်မှု အထင်ကြီး လေးစားမှုများနှင့် တိုက်ရိုက်ဆက်စပ် ပတ်သက်နေသည့်အတွက် အသက်မွေးပညာ တက္ကသိုလ်များနှင့် အစိုးရဌာန၊ အဖွဲ့အစည်းလုပ်ငန်းများ ကုမ္ပဏီများ၏ နှစ်အလိုက် လိုအပ်လာနိုင်မည့် ပညာရှင်၊ ဝန်ထမ်းလိုအပ်ချက်နှင့် နှစ်အလိုက် မွေးထုတ်ပေးမည့် ဘွဲ့ရပညာတတ်အချိုး မှန်ကန်မျှတရေး၊ ပညာသင်ကြားရင်း လုပ်ငန်းခွင့်နှင့် ဆက်စပ်သင်ယူ လေ့လာနိုင်ရေး၊ ကိုယ်ပိုင်လုပ်ငန်းဖြစ်စေ၊ လုပ်ခ လခစားဖြစ်စေ၊ အလုပ်အကိုင် အခွင့်အလမ်းနှင့် သင်ယူမှု၊ သင်ကြားခဲ့ရသည့် ပညာ၊ ဘွဲ့ဒီဂရီတစ်ခုနှင့် တစ်ခု အချိုးညီ မျှတရေး အတွက်ကိုလည်း ပညာရေးမူဝါဒ အနေဖြင့် ထည့်သွင်း စဉ်းစားသင့်သည်ဟု ယူဆပါကြောင်း။

 

ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာရေးသည် နိုင်ငံတစ်ခုတည်း အတွင်းတွင်သာ ဆောင်ရွက်မရသကဲ့သို့ ပြောင်းလဲတိုးတက်နေသည့် ခေတ်နှင့်အညီ ရင်ဘောင်တန်းရန် နိုင်ငံတကာ၏ ပညာရေးလုပ်ငန်း ဆောင်ရွက်ချက်များကို မျက်ခြေမပျက် လေ့လာနိုင်မှု၊ ပူးပေါင်းဆောင်ရွက်မှု၊ အပြန်အလှန် လေ့လာသင်ယူစေမှု၊ အရည်အချင်းနှင့်  ထိုက်သင့်သည့် ပညာတော်သင် စေလွှတ်သင်ကြားစေမှု စသည်များကိုလည်း ပိုမိုဆောင်ရွက်လာနိုင်မည်ဆိုလျှင် လူငယ်များ၏ ပညာရေးဆိုင်ရာ အားထုတ်ကြိုးပမ်းမှုများ အပြိုင်အဆိုင် လေ့လာသင်ယူ တီထွင်ကြံဆမှုများ တိုးတက်လာမည်ဟု ယူဆမိသည့်အတွက်  နိုင်ငံ၏ ပညာရေးကဏ္ဍ အမှန်လိုအပ်ချက် အနေအထားနှင့်  ပြုပြင်ဆောင်ရွက်မှုများကို ဆန်းစစ်လေ့လာ ပြုပြင်ဆောင်ရွက် သင့်ပါကြောင်း ဆွေးနွေးသည်။

 

မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ ဦးလှဆန်းက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အမျိုးသား ပညာရေးမူဝါဒ ကော်မရှင်၏ အစီရင်ခံစာသည် အားလုံးပြီးပြည့်စုံသည် မဟုတ်သော်လည်း ယနေ့ခေတ် ပညာရေးသည်  မြန်မာနိုင်ငံ၏ ပကတိအနေအထားကို ပေါ်လွင်ထင်ဟပ်စေသည်ဟု လက်ခံသူ အများအပြား ရှိပါကြောင်း၊ အမျိုးသား ပညာရေးမူဝါဒ ကော်မရှင် အစီရင်ခံစာ စာမျက်နှာ ၈၀ တွင် ဖော်ပြသည့် အခြေခံပညာ အထက်တန်းအဆင့် သင်္ချာနှင့် သိပ္ပံဘာသာရပ်များကို အင်္ဂလိပ် ဘာသာစကားဖြင့် သင်ကြား သင်ယူရေးသည် အမှန်တကယ်လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်မှုမရှိကြောင်း၊ ရလဒ်များလည်း မကောင်းမွန်ပါကြောင်း၊ အလွတ်ကျက် အလွတ်ဖြေနည်းလမ်း အသုံးပြုထားသည်ကို ပေါ်လွင်စေသကဲ့သို့ ကျူရှင် ၉၁ ရာခိုင်နှုန်းခန့် ယူနေရကြောင်းကို ညွှန်ပြထားသောကြောင့် လက်ရှိမူဝါဒများကို ပြန်လည်သုံးသပ်ပြီး အခြေခံပညာ အထက်တန်းအဆင့်တွင် သင်္ချာနှင့် သိပ္ပံဘာသာရပ်များတွင် ပိုမိုထိရောက်စွာ သင်ကြားနိုင်မည့် ဘာသာစကားတစ်ရပ် ချမှတ်ဆောင်ရွက်ရန် လိုအပ်ကြောင်းကို အကြံပြုထားသောကြောင့် လက်တွေ့ သဘောသဘာဝဖြင့် မှန်ကန်နေပါကြောင်း။

 

အမျိုးသား ပညာရေးမူဝါဒ ကော်မရှင်၏ စာမျက်နှာ ၂၅ ကော်မရှင်၏ သုံးသပ်ချက်တွင် ကျောင်းသား ၆ သိန်းဖြေဆိုလျှင် ၂ သိန်းခန့်သာ ဖြေဆိုအောင်မြင်ကြပြီး ၄ သိန်းခန့်သည် ပြင်ပလုပ်ငန်းခွင်များသို့ ရောက်ရှိသွားနိုင်သည်ဟု သုံးသပ်ချက် မှန်ကန်သည်ဟု ယူဆနိုင်ပါကြောင်း၊ အစိုးရ စာသင်ကျောင်းများ၊ ပုဂ္ဂလိက စာသင်ကျောင်းများ၊ ဘုန်းတော်ကြီးပညာရေး စာသင်ကျောင်းများမှ ပညာသင်ကြားခြင်းကို အသေး စိတ်လေ့လာပြီး ပြင်ဆင်ဖြည့်စွက်သင့်သည့် ဥပဒေများ၊ ပညာရေး ဘတ်ဂျက်များအတွက် လွှတ်တော် ကိုယ်စားလှယ်များမှ မျိုးဆက်သစ်များအတွက် ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် တိုက်တွန်းကြောင်း ဆွေးနွေးသည်။

 

တပ်မတော်သား အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး မောင်မောင်စိုးက အခြေခံ ပညာကျောင်းများတွင် အရည်အချင်း ပြည့်မီသော ဆရာများ လုံလောက်မှု မရှိခြင်း၊ အထူးသဖြင့် မူလတန်း ကျောင်းများတွင် ဆရာ မမြဲခြင်း၊ လုပ်ငန်းခွင်အတွင်းတွင် ဆရာအတတ်ပညာကို ကျွမ်းကျင်စွာ သင်ကြား လေ့ကျင့်ပေးထားနိုင်မှု မရှိသည့် ဆရာအရေအတွက် များပြားလွန်းခြင်းတို့ကို တွေ့ရှိရကြောင်း အကြံပြုထား ပါကြောင်း၊ မူလတန်း ပညာရေးသည် အခြေခံကျပြီး အရေးကြီးသောကြောင့် ဆရာ၊ ဆရာမတို့ကို ကောင်းစွာ လေ့ကျင့်ပေးပြီးမှသာ စာပေသင်ကြားရေး ဆောင်ရွက်စေသင့်ပါကြောင်း၊ ဆရာ ဆရာမများ အနေဖြင့် ရရှိခဲ့သည့် ဘွဲ့နှင့် သင်ကြားနေရသည့် ဘာသာရပ် ကိုက်ညီမှု မရှိခြင်းများကိုလည်း မည်သို့ စီမံဆောင်ရွက်မည်ကို စဉ်းစားသင့်ကြောင်းကို အကြံပြုလိုပါကြောင်း၊ လုပ်ငန်းခွင်အတွင်း ဆရာများ စဉ်ဆက်မပြတ် လေ့ကျင့်ပေးခြင်းထက် ဆရာ အတတ်သင်ကောလိပ်၊ ပညာရေး ကောလိပ်များအား ပိုမိုဖွင့်လှစ် သင်ကြားပေးနိုင်ရန် သက်ဆိုင်ရာ ဌာနများက ပူးပေါင်း ဆောင်ရွက်သွားသင့်ပါကြောင်း၊ KG,Grade 1,2,3,4,5 သင်ကြားသော ဆရာများသည် အရည်အချင်းရှိရန် လိုအပ်ပြီး ဆရာ၊ ဆရာမများ၏ ရာထူးတိုးမှု အနေဖြင့် မူလတန်းပြမှ အလယ်တန်းပြ၊  အထက်တန်းပြ  အဆင့်တိုးခြင်းများကြောင့် ကျွမ်းကျင်မှုမရှိသော ဘာသာရပ်၊ အတန်းပြောင်းလဲ သင်ကြားနေရခြင်း အခက်အခဲရှိကြောင်း တွေ့ရှိရသောကြောင့် ကျွမ်းကျင်သော ဘာသာရပ်၊ အတန်းများတွင်သာ သင်ကြားစေပြီး ရာထူး၊ အဆင့်တိုးခြင်း၊ လစာတိုးခြင်းစနစ် စည်းမျဉ်းကို  စဉ်းစား ဆောင်ရွက်သင့်ကြောင်းကို အကြုံပြုလိုပါကြောင်း။

 

တက္ကသိုလ်များတွင် သုတေသနလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆရာများကို ပညာတော်သင် စေလွှတ်ပေးခဲ့သော်လည်း ပြည့်စုံသော ဓာတ်ခွဲခန်းများမရှိခြင်း၊ ရာထူးရရှိရေးအတွက် သုတေသန ပြုလုပ်နေခြင်းတို့ကို ပြုပြင်ဆောင်ရွက်ရန် လိုအပ်နေကြောင်း ကော်မရှင်မှ အကြံပြုထားပါကြောင်း၊ သုတေသန လုပ်ဆောင်နိုင်စေရန် နိုင်ငံတကာ တက္ကသိုလ်များနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်း၊ ပတ်ဝန်းကျင်ကောင်းများ ထူထောင်ပေးခြင်း၊ ရန်ပုံငွေလုံလောက်စွာ ထောက်ပံ့ပေးခြင်းနှင့် စွမ်းဆောင်မှုအလိုက်  ချီးမြှင့်ပေးနိုင်ရန်တို့ကို  သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ဆက်လက်ဆောင်ရွက်ပေးရန် တိုက်တွန်းပါကြောင်း၊ အမျိုးသား ပညာရေးမူဝါဒ ကော်မရှင်မှ တင်ပြသည့်အစီရင်ခံစာအပေါ် သက်ဆိုင်ရာ ဌာနအသီးသီးမှ မြန်မာနိုင်ငံ ပညာရေး တိုးတက်အောင်မြင်ရေးအတွက် အလေးထား လိုက်ပါလုပ်ဆောင်ကြရန် လိုအပ်ပါကြောင်း ဆွေးနွေးသည်။

 

အလားတူ ငပုတော မဲဆန္ဒနယ်မှ ဦးသန်းအောင်၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၈)မှ ဦးကျော်ထွေး၊  မိုးမောက် မဲဆန္ဒနယ်မှ ဦးဝင်းအောင်၊ ချောက်မဲဆန္ဒနယ်မှ ဦးဘိုကြီး၊ ဆိပ်ဖြူ မဲဆန္ဒနယ်မှ ဦးအောင်သိုက်၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၄) ဦးဇုန်လှယ်ထန်း၊ ပုဏ္ဏားကျွန်း မဲဆန္ဒနယ်မှ ဦးဦးထွန်းမောင်၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါ်ထုမေ၊ ရေကြည် မဲဆန္ဒနယ်မှ ဒေါက်တာစံရွှေဝင်း၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)မှ နော်လှလှစိုးနှင့် တွံတေးမဲဆန္ဒနယ်မှ ဦးမြင့်လွင်တို့က ဆွေးနွေးကြသည်။

 

ထို့နောက် လွှတ်တော်များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရေးအဖွဲ့၏ ၂၀၀၆-၂၀၀၇ ခုနှစ် လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာနှင့် စပ်လျဉ်း၍ လွှတ်တော်များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်က အစီရင်ခံစာအပေါ် ဆွေးနွေးခဲ့ကြသည့် လွှတ်တော်ကိုယ်စားလှယ် ၃ ဦး၏ ထောက်ခံ အကြံပြုသုံးသပ်၊ ဝေဖန်ထောက်ပြမှုများကို ကြိုဆိုပါကြောင်းနှင့် အပြုသဘောထောက်ပြ အကြံပြုချက်များ အပေါ်တွင် အဖွဲ့အနေဖြင့် အလေးထား သုံးသပ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးဇင်လင်း၏ ဆွေးနွေးချက်နှင့် ပတ်သက်၍ ရှင်းလင်းရန် လိုအပ်လာသည့်အတွက် လေးစားစွာ ပြန်လည် ရှင်းလင်းသွားမည် ဖြစ်ကြောင်း၊ လွှတ်တော်များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရေး အဖွဲ့(JCC)ကို ဖွဲ့စည်းရာတွင် JCC ဖွဲ့စည်းခြင်း ကိစ္စနှင့် JCC ဆောင်ရွက်ခြင်းကိစ္စ ၂ မျိုးခွဲ၍ ရှင်းလင်းသွားမည် ဖြစ်ကြောင်း။

 

ယင်းအဖွဲ့ ဖွဲ့စည်းခြင်းအပေါ်တွင် အမြင်မတူ အယူအဆ ကွဲပြားစေသည့်  အခြေခံ အကြောင်းများ ရှိသည့်အတွက်  နားလည်မှု လွဲမှားစေနိုင်သောကြောင့်  ရှင်းလင်းတင်ပြသွားမည် ဖြစ်ကြောင်း၊ လွှတ်တော်များ၏ ကော်မတီ၊ ကော်မရှင်၊ အဖွဲ့ ဖွဲ့စည်းရာတွင် လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများအရ ဖွဲ့စည်းခြင်းနှင့်စီမံခန့်ခွဲ အုပ်ချုပ်မှုအရ ဖွဲ့စည်းခြင်း ဟူ၍ ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါကြောင်း၊ JCC ဖွဲ့စည်းခြင်းသည် လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေအရ ဖွဲ့စည်းခဲ့သည် မဟုတ်ဘဲ စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ လုပ်ငန်းလိုအပ်ချက်အရ ဖွဲ့စည်းပါကြောင်း။

 

ဒုတိယနည်းလမ်းအရ  ပြည်ထောင်စုလွှတ်တော် နာယကက လက်မှတ်ရေးထိုးပြီး ပြည်ထောင်စုလွှတ်တော်ရုံး၊ အမိန့်ကြော်ငြာစာအရ ဖွဲ့စည်းခြင်း ဖြစ်ပါကြောင်း၊ လွှတ်တော်များ၏ အုပ်ချုပ်မှုဆိုင်ရာ ပူးပေါင်းကော်မတီကိုလည်း အမိန့်ကြော်ငြာစာနှင့် ဆောင်ရွက်ထားပါကြောင်း၊  ပထမအကြိမ် လွှတ်တော်သက်တမ်းတွင် ယင်းကျင့်ထုံး  နည်းလမ်းအတိုင်း ဆောင်ရွက်ခဲ့ပြီး အစဉ်အလာရှိပါကြောင်း။

 

တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးဇင်လင်း၏ ဆွေးနွေးချက်တွင်  အစီရင်ခံစာပါ အပိုဒ် ၁၅ မှ ၂၂ အထိ ဆောင်ရွက်မှုများကို များစွာကြိုဆိုကြောင်း အသိအမှတ်ပြုသကဲ့သို့၊ JCC အဖွဲ့၏ ရည်ရွယ်ချက်ဖြစ်သည့် လွှတ်တော်များ ဖွံ့ဖြိုးတိုးတက်ရေးကို ကန့်ကွက်ခြင်း မဟုတ်ပါကြောင်း၊ ရည်ရွယ်ချက်ကို ကြိုဆိုပါကြောင်းနှင့် ဥပဒေပြုသူများသည် လေးစားတန်ဖိုးထားပါကြောင်း၊ အစီရင်ခံစာအပေါ် ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဥပဒေ ၂၁(စ)ပါ ပြဋ္ဌာန်းချက်နှင့်အညီ မှတ်တမ်းတင်ရေးအတွက် လွှတ်တော် အဆုံးအဖြတ် ခံယူမည်ဖြစ်ပါကြောင်း ရှင်းလင်းတင်ပြသည်။

 

ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက မန်းဝင်းခိုင်သန်းက အဆိုပါ အစီရင်ခံစာနှင့်စပ်လျဉ်း၍  လွှတ်တော်က မဲခွဲဆုံးဖြတ်ရာ ထောက်ခံမဲ ၃၄၇ မဲ၊ ကန့်ကွက်မဲ ၁၈၄ မဲနှင့် ကြားနေမဲ ၇ မဲဖြင့် ထောက်ခံမဲများသဖြင့် ယင်းအစီရင်ခံစာအား လွှတ်တော်မှ မှတ်တမ်းတင်ကြောင်း ကြေညာသည်။

 

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး ၁၁ ရက်မြောက်နေ့ကို ဇွန် ၂၁ တွင် ဆက်လက် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

 

အေးအေးသန့်