ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အဋ္ဌမ ပုံမှန် အစည်းအဝေး အောင်မြင်စွာ ကျင်းပပြီးစီး

နေပြည်တော် ၂၁  ဇွန် 

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အဋ္ဌမပုံမှန် အစည်းအဝေး (၁၁) ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုလွှတ်တော် နာယက မန်းဝင်းခိုင်သန်းက ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အဋ္ဌမ ပုံမှန်အစည်းအဝေးကာလ ဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

အစည်းအဝေးတွင် ဥပဒေကြမ်း နှစ်ခုမှတ်တမ်းတင်ခြင်း၊ အမျိုးသားပညာရေး မူဝါဒကော်မရှင်၏ လုပ်ငန်း ဆောင်ရွက်ခဲ့မှုအစီရင်ခံစာနှင့်  စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအပေါ် ပြန်လည် ရှင်းလင်းဆွေးနွေးခြင်း၊ အခွန်အယူခံခုံအဖွဲ့ဥပဒေကြမ်းနှင့်  စပ်လျဉ်း၍ အစီရင်ခံစာဖတ်ကြားခြင်းနှင့်  အတည်ပြုချက် ရယူခြင်းတို့ကို ဆောင်ရွက်ကြသည်။

ပြည်ထောင်စုလွှတ်တော် နာယက ကပြည်ထောင်စုလွှတ်တော်က အတည်ပြုသည်ဟု မှတ်ယူရမည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို စတုတ္ထအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းနှင့်  ရုပ်မြင်သံကြားနှင့်  ဗီဒီယိုဥပဒေကို ပြင်ဆင်သည့် ဥပဒေ ကြမ်းတို့ကို လွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာသည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက က နိုင်ငံတော်သမ္မတထံမှ သဘောထားမှတ်ချက်ဖြင့် ပြန်လည် ပေးပို့ထားသော သိပ္ပံ၊ နည်းပညာနှင့်  ဆန်းသစ်တီထွင်မှု ဥပဒေကြမ်းနှင့်  စပ်လျဉ်း၍ တစ်ပိုဒ်ချင်းစီအလိုက် လွှတ်တော်၏ အဆုံးအဖြတ်ရယူ အတည်ပြုသည်။

ယင်းနောက် အမျိုးသားပညာရေးမူဝါဒကော်မရှင်၏ ၆လတာ (၂၀၁၇ခုနှစ်၊ အောက်တိုဘာလမှ ၂၀၁၈ခုနှစ် ဧပြီလအထိ) ကာလအတွင်း လုပ်ငန်းဆောင်ရွက်ခဲ့မှု အစီရင်ခံစာနှင့်  စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် များ၏ ဆွေးနွေးချက်များအပေါ် အမျိုးသားပညာရေးမူဝါဒကော်မရှင်နှင့်  ပညာရေးဝန်ကြီးဌာနတို့က ပြန်လည် ရှင်းလင်း ဆွေးနွေးကြသည်။

အမျိုးသားပညာရေးမူဝါဒကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးညီလှငယ် က ကော်မရှင်သည် အမျိုးသားပညာရေး မူဝါဒများ ချမှတ်ခြင်း၊ မူဝါဒချမှတ်ရာတွင် အထောက်အကူပြုမည့် အကြံပြုအစီရင်ခံစာများ ပြုစုခြင်းနှင့်  သုတေသနများ ပြုလုပ် ခြင်းတို့ကို ဆောင်ရွက်ရာတွင် နိုင်ငံတော်နှင့်  ပြည်သူကို အမှန်တကယ် အကျိုးပြုနိုင်မည့် လုပ်ငန်း၊ ဆောင်ရွက်နိုင်မည့်အင်အားနှင့်  လိုအပ်ချက်ရှိမှု အခြေအနေ၊ လူသား အရင်းအမြစ်အင်အား၊ ငွေကြေးအင်အား၊ ရင်းနှီးမြှုပ်နှံမှုအရ ပြန်လည်ရရှိနိုင်မည့် အကျိုးရလဒ်၏ တွက်ခြေကိုက်မှု အခြေအနေ (Cost Effectiveness)၊ ရေရှည်အကျိုးရှိစွာ ဆောင်ရွက်နိုင်မှုအခြေအနေ စသည့် အကြောင်းအရာများကို ထည့်သွင်းစဉ်းစား၍ မူဝါဒချမှတ် ဆောင်ရွက်နိုင်ရေးအတွက် အချက်လက်စုဆောင်းခြင်း၊ ညှိနှိုင်းခြင်း၊ ဆွေးနွေး ဆုံးဖြတ်ခြင်း အစရှိသည်တို့ကို အလေးအနက်ထားပြီး ဆောင်ရွက်ခဲ့ပါကြောင်း။

ထို့ပြင် မည်သည့်အကြောင်းအရာကို မည်သည့်အတွက်နှင့်  မည်သည့်အတွက်ကြောင့် မူဝါဒ ချမှတ်ရန် လိုအပ်သည်၊ မည်သို့ အကောင်အထည်ဖော် ဆောင်ရွက်မည်၊ ရလဒ်ကို မည်သို့ဆန်းစစ် အဖြေထုတ်၍ လိုအပ်ချက်ကို မည်သို့ ဖြည့်စွမ်းမည်၊ မိဘပြည်သူများကို မည်သို့ အသိပေးမည် စသည်တို့ကိုလည်း ထည့်သွင်း တွက်ချက်ရပါကြောင်း၊ ထို့ကြောင့်ကော်မရှင်သည် လိုအပ်ချက်ကို အခြေခံ၍ လက်တွေ့ကျပြီး ဖြစ်သင့်သော မူဝါဒများကို လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နေကြသည့် ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများသို့ ချမှတ်အကြံပြုလျက် ရှိပါကြောင်း ရှင်းလင်းဆွေးနွေးသည်။

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ဝန်ကြီးဌာန အနေဖြင့် ပညာရေး ပြုပြင်ပြောင်းလဲမှုများကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အမျိုးသားပညာရေး ဥပဒေ ၂၀၁၄နှင့် အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေ ၂၀၁၅ တို့နှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း ၂၀၁၆ - ၂၀၂၁တွင် ဖော်ပြထားသည့် ဦးစား ပေးလုပ်ငန်းစဉ်များနှင့် မဟာဗျူဟာစီမံကိန်း လုပ်ငန်းများကို ကြိုးပမ်းအကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ 

လတ်တလောတွင် စနစ်သစ် ပညာရေးကို ပြုပြင်ပြောင်းလဲ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ကာလဖြစ်သည့်အတွက် ပြည်သူများ မျှော်လင့်နေသည့် နိုင်ငံတကာအဆင့်မီ လူငယ်မောင်မယ်များကို ပြုစုပျိုးထောင်သည့်အခါတွင် အခြေခံပညာကို သင်ယူပြီး မြောက်မှသာ တက္ကသိုလ်ပညာ ရပ်များကို သင်ယူနိုင်သည့် အဆင့်ရောက်ရှိအောင် စနစ်သစ်ပညာရေးကို ကူးပြောင်းဆောင်ရွက်လျက် ရှိပါကြောင်း။

ကျောင်းသားကျောင်းသူ တိုးတက်မှု ဦးရေကို ၃နှစ်တာကာလ နှိုင်းယှဉ်မည် ဆိုပါက ၂၀၁၅ -၂၀၁၆ ပညာသင်နှစ်တွင် ၈ ဒသမ ၆သန်းကျော်၊ ၂၀၁၆ - ၂၀၁၇ ပညာ သင်နှစ်တွင် ၈ ဒသမ ၈၉ သန်းနှည့် ၂၀၁၇ - ၂၀၁၈ ပညာသင်နှစ်တွင် ၉ ဒသမ ၁၇သန်း အထိ ဖြစ်ပါကြောင်း၊ ကျောင်းအဆင့် တိုးမြှင့်ဖွင့်လှစ် ပေးနိုင်ခဲ့သည့်အပြင် အဓိက အခက်အခဲရှိနေသည့် ဒေသများကို ဦးစားပေး ဖြည့်ဆည်းပေးနိုင်ခဲ့သည့်အတွက် ကျောင်းသား၊ ကျောင်းသူဦးရေ တိုးတက် များပြားလာသကဲ့သို့ နှစ်အလိုက် အတန်းကူးပြောင်းမှု အခြေအနေသည်လည်း အလယ်တန်း၊ အထက်တန်း၌ ကျောင်းသား၊ ကျောင်းသူဦးရေ သိသိသာသာ တိုးတက်များပြားလာပါကြောင်း။

ဝန်ကြီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူများကို သင်ယူမှု အခွင့်အလမ်း ရရှိရုံ ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်ပေးခြင်းသာ မဟုတ်ဘဲ သင်ယူမှု အခွင့်အလမ်း မြင့်မားလာသကဲ့သို့ ပညာရေးအရည်အသွေး မြင့်မားစေရန်အတွက် ဆရာ၊ ဆရာမများကို သင်တန်းပေးခြင်း၊ ဘာသာရပ်ဆိုင်ရာ အရည်အသွေးများ မြှင့်တင်ပေးခြင်း၊ သင်ရိုးညွှန်းတန်းများ ပြုပြင်ပြောင်းလဲခြင်း၊ ကျောင်းသုံးဖတ်စာအုပ်များ အသစ်ပြုစု ဖြန့်ဝေပေးခြင်း၊ သင်ထောက်ကူပစ္စည်းများ ဖြည့်ဆည်းပေးခြင်း၊ ဆရာ၊ ဆရာမများကို မွမ်းမံသင်တန်းများ ပေးခြင်းနှင့် မူလတန်းပညာသင်ယူနေသူ အားလုံးကို မူလတန်းပညာ သင်ယူပြီးမြောက်ရေး အတွက် အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်းပါ အတိုင်းကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း။

သင်ယူမှုအားကောင်းစေရန်နှင့် တစ်သက်တာ သင်ယူနိုင်စေရန် နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသော ကျောင်းသား၊ကျောင်းသူများအဖြစ် ပြုစုပျိုးထောင်နိုင်ရန် ကလေးများကို ကာယ၊ ဉာဏဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပြီး ကလေးငယ်များကို ပြုစုပျိုးထောင်မည့် ဆရာ၊ဆရာမ များ၏ အရည်အသွေး မြင့်မားရေးနှင့် ကျား၊ မ အချိုးမျှတရေး၊ သင်တန်းများ တိုးချဲ့ရေး၊ Grade 3 ပြီးသွားသည့် မူလတန်း ကျောင်းသား ကျောင်းသူတိုင်း စာဖတ်နိုင်၊ ရေးနိုင်၊ တွက်နိုင်မှသာ တစ်သက် တာ ဆက်လက် သင်ယူနိုင်သူများ ဖြစ်လာမည် ဖြစ်ပါကြောင်း။

အရိုးစွဲနေသည့် အလွတ်ကျက်မှတ်မှုမှ စဉ်းစားတွေးခေါ်မှုကို အားပေးမြှင့်တင် နိုင်စေရန် ဆရာ၊ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် သင်ယူသူများအားလုံး စာဖတ်ရန်နှင့် အသုံးချသုတေသနများကို ဆောင်ရွက်ပြီး သုတေသနရလဒ်များမှ သုတေသနစာတမ်းများ ပြုစုခြင်း၊ သုတေသနစာတမ်းဖတ်ကြားခြင်း၊ သုတေသနဂျာ နယ်များတွင် ရေးသားပြုစုပြီး နက်နက်နဲနဲ သင်ကြားသင်ယူရင်း Deep Learning ကို  ဆရာနှင့် သင်ယူသူတို့ များများဆွေးနွေးနိုင်မှသာ Quality Education ကို အကောင် အထည်ဖော် ဆောင်ရွက်နိုင်မည် ဖြစ်သကဲ့သို့ သက်မွေးပညာရေးနှင့် လေ့ကျင့်ရေး  အနေဖြင့်လည်း ပထမတန်းစား ပညာရေးဖြစ်မှသာ လုပ်သားဈေးကွက်အတွင်းတွင် ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် ကျွမ်းကျင်သူများကို ပြုစုပျိုးထောင်ပေးနိုင်မည် ဖြစ်သည့်အပြင် Quality Education ကိုဦးတည်တိုးချဲ့ အကောင်အထည်ဖော် ဆောင်ရွက်သည့် အခါတွင် ပညာရေးဝန်ကြီးဌာန အနေဖြင့် မိဘများ၊ ဆရာများ၊ ပြည်သူများ၊ တိုင်းဒေသကြီး ၊ ပြည်နယ်အစိုးရအဖွဲ့များ၊ လွှတ်တော်ကိုယ်စားလှယ်များ၏ စုပေါင်း အင်အားဖြင့်သာ ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်မည် ဖြစ်ပါကြောင်း ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ပြည်ထောင်စုလွှတ်တော် နာယက က အမျိုးသားပညာရေး မူဝါဒ ကော်မရှင်၏ ၆လတာကာလအတွင်း လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာ အမှတ် ၃ အပါအဝင် လွှတ်တော် ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များ၊ သက်ဆိုင်ရာကော် မရှင်နှင့် ပညာရေးဝန်ကြီးဌာနတို့၏ ပြန်လည်ရှင်းလင်း တင်ပြချက်များကို လွှတ်တော် ကမှတ်တမ်းတင်ကြောင်း ကြေညာသည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော်ဥပဒေကြမ်းပူးပေါင်းကော်မတီဝင် ဒေါ်နွယ်နွယ်အောင်က ပြည်ထောင်စု အစိုးရအဖွဲ့မှ ပေးပို့သော အခွန်အယူခံခုံအဖွဲ့ ဥပဒေ ကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ ထပ်မံလေ့လာတွေ့ ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို ဖတ်ကြားတင်ပြရာတွင် အဆိုပါ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ကော်မတီသည် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အဋ္ဌမပုံမှန် အစည်းအဝေး သတ္တမနေ့၌ ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို တင်ပြခဲ့ပါကြောင်း၊ ၂၀၁၈ခုနှစ် ဇွန်လ ၁၁ရက်တွင် ကျင်းပသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် များဖြစ်ကြသည့် ဒေါက်တာခွန်ဝင်းသောင်း၊ ဦးစိုးသိန်း (ခ) ဦးမောင်စိုးနှင့် ဦးမျိုးဝင်းတို့မှ ပြင်ဆင်ချက်များ တင်သွင်း၍ အကြံပြု ဆွေးနွေးခဲ့ပါကြောင်း။

သို့ဖြစ်ပါ၍ ကော်မတီသည် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များ၏ အကြံပြုဆွေးနွေး ချက်များနှင့် စပ်လျဉ်း၍ ကြားနာညှိနှိုင်းသည့် အစည်းအဝေးကို ၂၀၁၈ခုနှစ် ဇွန်လ ၁၄ ရက်တွင် ကျင်းပပြုလုပ်ခဲ့ရာ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၊ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး၊ ပြည်ထဲရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ လျှပ်စစ် နှင့် စွမ်းအင်ဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုရှေ့နေ ချုပ်ရုံး၊ နေပြည်တော်ကောင်စီနှင့် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်း ရှင်များ အသင်းချုပ်တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါကြောင်း။

ယင်းသို့ ညှိနှိုင်းဆွေးနွေးခဲ့ရာတွင် အကြံပြု ဆွေးနွေးခဲ့သည့် ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်များက ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ ထပ်မံပြင်ဆင်ချက် များကို သဘောတူလက်ခံခဲ့ကြပါကြောင်း၊ သို့ဖြစ်ပါ၍ ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ ပြင်ဆင်ချက်များကို လွှတ်တော်က အတည်ပြု ဆောင်ရွက်နိုင်ပါရန် ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၉၉ အရထပ်မံ အစီရင်ခံတင်ပြအပ်ပါကြောင်း ရှင်းလင်း ပြောကြားသည်။

ထို့နောက် ယင်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍ တစ်ပိုဒ်ချင်းစီအလိုက် အတည်ပြုရန် အဆိုတင်သွင်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူ အတည်ပြုသည်။

ဆက်လက်၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က အဆိုပါ ဥပဒေကြမ်းတစ်ရပ်လုံးကို အတည်ပြုရန် အဆိုတင်သွင်းသည်။

ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယက က ယင်းဥပဒေကြမ်းတစ်ရပ်လုံးကို အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်က သဘောတူ အတည်ပြုကြောင်း ကြေညာသည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက က ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အဋ္ဌမ ပုံမှန်အစည်းအဝေး ကာလ ဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာတွင် အဋ္ဌမပုံမှန်အစည်းအဝေး ကာလအတွင်း ပြည်ထောင်စု လွှတ်တော် အစည်းအဝေးကို ၁၁ ရက် ကျင်းပပြုလုပ်နိုင်ခဲ့ပြီး လွှတ်တော်၏ အဓိကလုပ်ငန်းတာဝန်ဖြစ်သည့် ဥပဒေပြုရေးအပိုင်းတွင်   ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးရေးဆွဲတင်ပြ ခြင်းဆိုင်ရာဥပဒေကို ပြင်ဆင်သည့်ဥပဒေအပါအဝင် ဥပဒေ ၆ ခုကို အတည်ပြု ထုတ်ပြန်နိုင်ခဲ့ပြီး နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုး ထုတ်ပြန်နိုင်ရန်အတွက် ဥပဒေကြမ်း ၄ ခုကိုလည်း ပေးပို့ထားပါကြောင်း။

ယခုအစည်းအဝေးကာလတွင် ဥပဒေပြုရေးလုပ်ငန်းများအပြင် နိုင်ငံတော် သမ္မတက အဆိုပြုခန့်အပ် တာဝန်ပေးလိုသည့် ပြည်ထောင်စုဝန်ကြီးတစ်ဦးနှင့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးအဖွဲ့ဝင် တစ်ဦးတို့အတွက် လွှတ်တော်၏ သဘောတူညီချက်ရယူပေးခဲ့ပြီး ဒုတိယဝန်ကြီး တစ်ဦးနှင့် တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီး ၄ ဦး ခန့်အပ်တာဝန် ပေးအပ်ခြင်းတို့ကိုလည်း လွှတ်တော်က  မှတ်တမ်းတင် ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊  ထို့အပြင်  နိုင်ငံ့ဝန်ထမ်းများ၏ လစာနှုန်းထားများ တိုးမြှင့်ခြင်းနှင့် စပ်လျဉ်းသည့်သဝဏ်လွှာ၊ ရခိုင်ပြည်နယ်အတွင်း နိုင်ငံသားစိစစ်ရေးခံယူရမည့်သူ၏ သက်သေခံကတ်ပြား (National Verification Card) ထုတ်ပေးခြင်းအပါအဝင် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင် အထည်ဖော် ဆောင်ရွက်ရေးကော်မတီတို့၏ လုပ်ငန်းဆောင်ရွက်မှု  အခြေအနေ ရှင်းလင်းတင်ပြချက်၊ အရေးပေါ်ရန်ပုံငွေ ခွဲဝေသုံးစွဲခြင်းဆိုင်ရာ ကိစ္စရပ်တစ်ခု၊  အမျိုးသားလူ့အခွင့်အရေး ကော်မရှင်၏ ၂၀၁၇ ခုနှစ်၊ နှစ်ပတ်လည်အစီရင်ခံစာနှင့် အမျိုးသားပညာရေးမူဝါဒကော်မရှင်၏ အစီရင်ခံစာအမှတ်(၃)တို့ အပါအဝင် အစီရင်ခံ စာ သုံးခု၊  ပြည်ထောင်စုလွှတ်တော် ပထမသက်တမ်း ၅ နှစ်ကာလနှင့် ဒုတိယသက် တမ်း ၂၀၁၇ ခုနှစ် မတ် ၃၁ ရက်အထိ ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက် နှင့် ရယူထားသည့် ပြည်ပချေးငွေဆိုင်ရာလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေတို့ကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများက ရှင်းလင်းတင်ပြပြီး လွှတ်တော်က ဆွေးနွေး မှတ်တမ်းတင်ခြင်း ဆောင်ရွက်နိုင်ခဲ့ပါကြောင်း။

ထို့အပြင် နိုင်ငံတော်သမ္မတထံမှ ပေးပို့တင်ပြလာသည့်  အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ် နှစ်ခု၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ချေးငွေရယူခြင်းကိစ္စရပ်တစ်ခု တို့ကိုလည်း ဆွေးနွေးအတည်ပြုခြင်း ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ မကြာခင်ကာလတွင်  ပြန်လည်ကျင်းပမည့် ပြည်ထောင်စုလွှတ်တော် နဝမပုံမှန် အစည်းအဝေးတွင် ဘဏ္ဍာရေးနှစ် ပြောင်းလဲသတ်မှတ်မှုအရ ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာရေးနှစ်အတွက် နိုင်ငံ တော်၏ အမျိုးသားစီမံကိန်း၊ နှစ်စဉ်အရအသုံး ခန့်မှန်းခြေငွေစာရင်းနှင့် အခွန်အကောက်ဆိုင်ရာ ဥပဒေကြမ်းတို့ကို ဆွေးနွေးအတည်ပြုပေးနိုင်ရေး အပါအဝင် အခြားသောလွှတ်တော်ဆိုင်ရာ လုပ်ငန်း တာဝန်များကိုလည်း ဆက်လက်ဆောင်ရွက် သွားကြရဦးမည်ဖြစ်ပါကြောင်း။

၂၀၁၇-၂၀၁၈ ခု ဘဏ္ဍာရေးနှစ်အတွက်  ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေနှင့် မဲဆန္ဒနယ်မြေအလိုက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက် ပြီးစီးမှုကို ဖွံ့ဖြိုးရေးလုပ်ငန်းဗဟိုကော်မတီသို့ ၂၀၁၈ ခုနှစ် ဧပြီလ ၃၀ ရက်နေ့ နောက်ဆုံးထားပေးပို့တင်ပြကြရန် ညွှန်ကြားချက်ထုတ်ပြန် အကြောင်းကြားခဲ့ပါ ကြောင်း၊  သို့သော်လည်း မြို့နယ်ပေါင်း ၃၂၅ မြို့နယ်အနက် ယနေ့အထိ ၃ မြို့နယ် ပေးပို့တင်ပြရန် ကျန်ရှိနေပါကြောင်း၊ ကျန်ရှိသည့် မြို့နယ်များအနေဖြင့် လုပ်ငန်းပြီးစီးမှုများကို အမြန်ဆုံးပေးပို့ကြရန်နှင့်  အကြောင်းအမျိုးမျိုးကြောင့် ဆောင်ရွက်နိုင်ခြင်းမရှိ သည့် လုပ်ငန်းများအတွက် ပိုလျှံငွေများကိုလည်း သက်ဆိုင်ရာ မြန်မာ့စီးပွားရေးဘဏ်ခွဲ မှ တစ်ဆင့် ပြန်လည်အပ်နှံကြရန် အသိပေးပြောကြားလိုပါကြောင်း။

ထို့အပြင် နောင်လာမည့် ဘဏ္ဍာရေးနှစ်အတွက် မဲဆန္ဒနယ်မြေအလိုက် ဦးစား ပေးလုပ်ငန်းများကို ကြိုတင်လေ့လာစိစစ်ထားကြစေလိုပါကြောင်း၊ မြို့နယ်အလိုက် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ခွင့်ပြုဘဏ္ဍာနှစ် အတွင်း ပြီးစီးရန် တာဝန်ယူ ဆောင်ရွက်ကြရန်နှင့်  ဆောင်ရွက်ပြီးစီးသည့် လုပ်ငန်းအားလုံးအတွက် ငွေပေးချေခြင်း အပါအဝင် အထောက်အထားများ စုံလင်စွာထိန်းသိမ်းထားရှိပြီး စနစ်တကျစစ်ဆေးမှု ခံယူနိုင်ရေး အလေးထားဆောင်ရွက်ကြရန် မှာကြားလိုပါကြောင်း။

လွှတ်တော်အသီးသီး၏ လွှတ်တော်အစည်းအဝေးများ ရပ်နားထားစဉ်ကာလတွင် မိမိတို့၏ မဲဆန္ဒနယ်မြေ အသီးသီးတွင်ရှိသည့် ပြည်သူတို့၏ မှန်ကန်သည့် အသံကို နားထောင်ပြီး နယ်မြေဒေသအလိုက် လိုအပ်ချက်များကို ဥပဒေနှင့်အညီ တတ်စွမ်းသရွေ့ ဝိုင်းဝန်းကူညီပူးပေါင်းဆောင်ရွက်ခဲ့ကြရန် တိုက်တွန်း လိုပါကြောင်း ပြောကြား သည်။

ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယက က ဒုတိယအကြိမ် ပြည်ထောင် စုလွှတ်တော် အဋ္ဌမ ပုံမှန် အစည်းအဝေး အောင်မြင်စွာ ကျင်းပပြီးစီးကြောင်း ကြေညာသည်။

အောင်ရဲသွင်၊ အေးအေးသန့်