ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၃) ကြိမ်မြောက်ပုံမှန်အစည်းအဝေး ပထမနေ့ကျင်းပ

နေပြည်တော် ၁၅  ဇူလိုင် 

 

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်(၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမ နေ့ကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ggrg

 

အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်က ကြိုဆိုနှုတ်ခွန်း ဆက်စကားပြောကြားရာ၌ ယနေ့စတင်ကျင်းပသည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေးကာလတွင် နိုင်ငံတော်အတွက် နှစ်စဉ်မဖြစ်မနေ ဆောင်ရွက်ပေးရမည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် နိုင်ငံတော်၏ အမျိုးသားစီမံကိန်း ဥပဒေကြမ်း၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းနှင့် ပြည်ထောင်စု၏ အခွန်အကောက်ဆိုင်ရာ ဥပဒေကြမ်းတို့နှင့်စပ်လျဉ်းပြီး ဆွေးနွေးအတည် ပြုခြင်းကို ဦးစားပေးဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ယနေ့တွင် အမျိုးသားစီမံကိန်း ဥပဒေကြမ်းနှင့် ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းတို့ကို ပြည်ထောင်စုအစိုးရအဖွဲ့ ကိုယ်စား သက်ဆိုင်ရာ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဝင်က လွှတ်တော်သို့တင်သွင်းမည်ဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ်များအားလုံးသို့လည်း ဖြန့်ဝေပေးမည်ဖြစ်ပါကြောင်း။

 

ဥပဒေကြမ်းတွင်ပါရှိသည့် စီမံကိန်းလုပ်ငန်းများ၊ ရငွေသုံးငွေများနှင့် စပ်လျဉ်းပြီး စိစစ်ကြမည့် ပူးပေါင်းအဖွဲ့များအနေဖြင့်လည်း သတ်မှတ်ပြဋ္ဌာန်းထားသည့် လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ၊ နိုင်ငံတော်၏ဘဏ္ဍာရေးဆိုင်ရာမူဝါဒ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ စိစစ်ဆောင်ရွက်ကြရန်မှာကြားလိုကြောင်း၊ ပုံမှန်အစည်းအဝေး သတ်မှတ်ကာလအတွင်း ဘဏ္ဍာရေးနှစ်သစ်အတွက် အချိန်မီ ဆွေးနွေးအတည်ပြုပေးရန် လိုအပ်သလို မျှတမှန်ကန်စွာ စိစစ်ရန်လည်း လိုအပ်ပါကြောင်း၊ ဥပဒေကြမ်းပူးပေါင်းကော်မတီ၊ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီနှင့် စိစစ်ရေးပူးပေါင်းအဖွဲ့များအနေဖြင့် သတ်မှတ်ရက်အမီ အစီရင်ခံစာတင်သွင်းနိုင်ရေး အလေးထားဆောင်ရွက်ပေးကြရန် ဖြစ်ပါကြောင်း။

 

ထို့ပြင် ဆောင်ရွက်ဆဲဖြစ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးလုပ်ငန်းစဉ်များကိုလည်း ဆက်လက်လုပ်ဆောင်ကြရမည်ဖြစ်သကဲ့သို့ လွှတ်တော်အသီးသီးတွင်ရှိနေသည့် ဥပဒေကြမ်းများ ဆွေးနွေးအတည်ပြုခြင်းအပါအဝင် အခြားလွှတ်တော်ဆိုင်ရာလုပ်ငန်းများလည်း ဦးစားပေးအလိုက် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေနှင့် လုပ်ငန်းဆောင်ရွက်ခွင့် ရရှိထားသည့် မြို့နယ်ပေါင်း ၃၂၅ မြို့နယ်အနက် ၂၀၁၉ ခုနှစ် ဇွန် ၃၀ ရက်အထိ လုပ်ငန်းပြောင်းလဲ ဆောင်ရွက်ခွင့်ပြုရန် တင်ပြလာသည့် မြို့နယ် ၁၁၄ မြို့နယ်အတွက် ခွင့်ပြုမိန့်များ ထုတ်ပေး ခဲ့ပြီးဖြစ်ပါကြောင်း၊ ယနေ့အထိ ၁၅ မြို့နယ်သည် လုပ်ငန်းများအားလုံးပြီးစီးကြောင်း အစီရင်ခံစာ များတင်ပြခဲ့ပြီးဖြစ်ပါကြောင်း၊ ကျန်ရှိသည့်မြို့နယ်များ အနေဖြင့်လည်း ခွင့်ပြုဘဏ္ဍာနှစ်အတွင်း စနစ်တကျနှင့် အချိန်မီပြီးစီးရေး အလေးထားဆောင်ရွက်ကြစေလိုပါကြောင်း၊ အကြောင်းအမျိုး မျိုးကြောင့် လုပ်ငန်းများဆောင်ရွက်နိုင်ခြင်းမရှိပါကလည်း ပိုလျှံရန်ပုံငွေများကို သက်ဆိုင်ရာ ဌာနသို့ အချိန်မီပြန်လည်အပ်နှံကြရန် မှာကြားလိုပါကြောင်း။

 

ယခုတစ်ကြိမ်ကျင်းပသည့် ပုံမှန်အစည်းအဝေးကာလ ၁၀ ပတ်ခန့် ကြာမြင့်မည်ဖြစ် သကဲ့သို့ လွှတ်တော်ကိုယ်စားလှယ်များအနေနှင့်လည်း ပိုမိုများပြားသည့် လုပ်ငန်းတာဝန်များကို ဆောင်ရွက်ကြရမည်ဖြစ်သည့်အတွက် အချိန်ကိုတန်ဖိုးထားပြီး အကျိုးရှိရှိ အသုံးပြုစီမံ ဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ထို့ပြင် ရာသီဥတုနှင့် ပတ်ဝန်းကျင်အပြောင်း အလဲကာလတွင် ကိုယ်စားလှယ်များ တစ်ဦးချင်းအနေဖြင့် ကျန်းမာရေးကို အထူးဂရုပြုနေထိုင် သွားကြရန် ပြောကြားလိုပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် နိုင်ငံတော်နှင့် နိုင်ငံသားပြည်သူများ အကျိုးစီးပွားအတွက် ဥပဒေပြုရေးကဏ္ဍတာဝန်များ ထမ်းဆောင်ကြ ရာတွင် အုပ်ချုပ်ရေး၊ တရားစီရင်ရေးကဏ္ဍများတွင် ပါဝင်စွက်ဖက်သည့် လုပ်ဆောင်မှုမျိုး မဖြစ်စေရန် လိုအပ်ပါကြောင်း။

 

မိမိတို့ တစ်ဦးချင်းစီက ဥပဒေပြုရေးကဏ္ဍ တာဝန်နှင့် လုပ်ပိုင်ခွင့်ကို ပိုင်းခြားနားလည် ပြီး အခြားကဏ္ဍများအပေါ် အပြန်အလှန်ထိန်းကျောင်းရင်း ပူးပေါင်းဆောင်ရွက်နိုင်ကြပါစေ ကြောင်း ပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယကက နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ သွားရောက်ခဲ့သည့် ပြည်ပခရီးစဉ်များ၊ ပြည်ထောင်စုလွှတ် တော်နာယကနှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ ပြည်ပခရီးစဉ်များကို တင်ပြပြီး လွှတ်တော် က မှတ်တမ်းတင်ကြောင်း ကြေညာသည်။

 

ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယကက နိ်ုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ကရင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် ဦးဘိုဘိုဝေမောင် (ခ) စောဘိုဘို၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်း အမြစ်ဝန်ကြီးဌာန ဝန်ကြီးအဖြစ် ဦးမိုးကျော်သူ၊ ချင်းပြည်နယ်အစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေး နှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန ဝန်ကြီးအဖြစ် ဦးဖွေ၊ တနင်္သာရီတိုင်းဒေသကြီး အစိုးရ အဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန ဝန်ကြီးအဖြစ် ဦးကျော်မင်း (ခ) ဦးဖိုးမင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်း အမြစ်ဝန်ကြီးဌာန ဝန်ကြီးအဖြစ် ဒေါ်မိုးမိုးစုကြည်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူဝင်မှု ကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန ဝန်ကြီးအဖြစ်  ဦးမြင့်အောင်၊ ကရင်ပြည် နယ်အစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန ဝန်ကြီးအဖြစ်  ဦးမင်းကိုခိုင်၊ ပဲခူးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန ဝန်ကြီးအဖြစ်  ဦးထွန်းထွန်းဦးတို့အား ခန့်အပ်တာဝန်ပေးအပ်ခြင်းတို့ကို လွှတ်တော်သို့ တင်ပြ ပြီး မှတ်တမ်းတင်ကြောင်း ကြေညာသည်။

 

ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၁၈ ခုနှစ်) ပြင်ဆင် ရေးပူးပေါင်းကော်မတီဝင် ဒေါက်တာမြတ်ဉာဏစိုးက ကော်မတီ၏ အကောင် အထည်ဖော် ဆောင်ရွက်မှုအစီရင်ခံစာကို ဖတ်ကြားတင်ပြရာ ပြည်ထောင်စုလွှတ်တော် နာယကက အစီရင်ခံစာပါ အကြောင်းအရာ၊ နောက်ဆက်တွဲဇယားပါ အကြံပြုချက်များနှင့် သက်ဆိုင်သည့် သုံးသပ်အကြံပြုချက်ကို ဆွေးနွေးသည့်အခါ ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ သုံးသပ်ချက်အပေါ်သတိမူ၍ ဆွေးနွေးကြရန်နှင့် ဆွေးနွေးလိုသည့် ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

 

ထို့နောက် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်းဥပဒေကြမ်းနှင့်စပ်လျဉ်း၍ တင်ပြရာတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် နှစ်ကုန်တွင်ရှိမည့် ပြည်တွင်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုးသည် နှစ်အလိုက်ဈေးနှုန်းများအရ ငွေကျပ် ၁၁၉၀၂၃ ဒသမ ၄ ဘီလီယံ ခန့်မှန်းထားရှိပါကြောင်း။

 

နှစ်အလိုက်တန်ဖိုးအရ တစ်ဦးကျထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုးသည် ငွေကျပ် ၂၁၈၀၇၅၅ ရရှိရန် မျှော်မှန်းထားပါကြောင်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍနှစ်တွင် တစ်ဦးကျ ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုးသည် ငွေကျပ် ၁၉၄၉၇၃၀ ခန့်မှန်းခဲ့ပါကြောင်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ငွေကျပ် ၁၇၂၉၃၁၇ ရရှိခဲ့ပါကြောင်း၊ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုသည် နိုင်ငံပိုင်အခန်းကဏ္ဍက ငွေကျပ် ၁၀၁၅၄ ဒသမ ၉ ဘီလီယံ ၊ ပို့ကုန်ကို အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၅ ဘီလီယံ တင်ပို့ရန်နှင့် သွင်းကုန်ကို အမေရိကန်ဒေါ်လာ ၁၇ ဒသမ ၅ ဘီလီယံ တင်သွင်းရန်၊ စုစုပေါင်း ပြည်ပကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၃၃ ဘီလီယံ ရရှိရန် ရည်မှန်းထားပါ ကြောင်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းဥပဒေ(မူကြမ်း)ကို ပြည်ထောင်စုလွှတ်တော်က ဆွေးနွေးအတည်ပြုပေးနိုင်ပါရန် တင်သွင်းအပ်ပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ဥပဒေကြမ်းပူးပေါင်းကော်မတီဝင် မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဒေါ်နွယ်နွယ်အောင်က နိုင်ငံတော်သမ္မတထံမှ သဘောထားမှတ်ချက်ဖြင့် ပြန်လည်ပေးပို့ထား သော ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ကော်မတီ၏ လေ့လာ တွေ့ရှိချက်နှင့် သဘောထားမှတ်ချက်များ ပါဝင်သော အစီရင်ခံစာကို ဖတ်ကြားတင်ပြရာ ပြည်ထောင်စုလွှတ်တော်နာယကက အထက်ပါ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍  ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

 

ယင်းနောက် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍တင်ပြရာတွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်၊ အမျိုးသားစီမံကိန်းတွင်စုစုပေါင်း ပြည်တွင်း ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုးကို နှစ်အလိုက်ဈေးနှုန်းအရ ကျပ် ၁၀၆ ဒသမ ဝ၉၆ ထရီလီယံနှင့် ၇ ဒသမ ၆ ရာခိုင်နှုန်း တိုးတက်ရန်ရည်မှန်းခဲ့ရာ ပထမ (၆) လပတ်တွင် ကျပ် ၆၇ ဒသမ ၁၈၆ ထရီလီယံရရှိခဲ့သဖြင့်  စီမံကိန်းရည်မှန်းချက်အပေါ် ၆၃ ဒသမ ၃ ရာခိုင်နှုန်း အကောင်အထည်ဖော်နိုင်ခဲ့ပါကြောင်း၊ ပုံမှန်ဈေးနှုန်းအရ ၆ ဒသမ ၃ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး နှစ်ကုန်တွင် စီးပွားရေးတိုးတက်မှုနှုန်း ၆ ဒသမ ၈ ရာခိုင်နှုန်းရရှိရန် ရည်မှန်းထားပါကြောင်း။

 

၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ်တွင် တစ်မျိုးသားလုံး၏ စုစုပေါင်း ပြည်တွင်းထုတ်လုပ် မှုနှင့် ဝန်ဆောင်မှုတန်ဖိုး(ဂျီဒီပီ)ကို နှစ်အလိုက်ဈေးနှုန်းအရ ကျပ် ၁၁၉ ဒသမ ဝ၂၃ ထရီလီယံ ရရှိရန်ခန့်မှန်းထားပါကြောင်း၊ ဂျီဒီပီတိုးတက်မှုနှုန်းကို ၇ ရာခိုင်နှုန်းကို ရရှိနိုင်မည်ဟု မျှော်မှန်း ထားပါကြောင်း။

 

၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ်အတွက်အသုံးစရိတ်ခွဲဝေချထားမှုကို နိုင်ငံတော်၏ ဦးစား ပေးလုပ်ငန်းများအနက် လျှပ်စစ်နှင့်စွမ်းအင်၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး၊ လမ်း၊ တံတား ကဏ္ဍများ၊ ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ လူမှုကာကွယ်စောင့်ရှောက်ရေး အသုံးစရိတ် များကို ဦးစားပေးလျာထားခဲ့ပါကြောင်း၊ ၂၀၁၉-၂၀၂၀ အတွက်  အရအသုံးခန့်မှန်းခြေငွေ စာရင်း ရေးဆွဲရာတွင် ယခင်နှစ်များကဲ့သို့ နှစ်လတ်ဘဏ္ဍာရေးမူဘောင်ကို အခြေခံ၍ ရေးဆွဲ ထားပါကြောင်း။

 

နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းများနှင့်ပတ်သက်၍ ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘော တူအတည်ပြုချက်အရ ၂၀၁၂-၂၀၁၃ ခု၊ ဘဏ္ဍာရေးနှစ်မှစ၍ ပြည်ထောင်စုဘဏ္ဍာငွေ စာရင်း အခြားစာရင်းရှင် Union Foud Account-Other Account (UFA-OA) နှင့် Union Foud Account-SEE Account(UFA-SEE) ဖွင့်လှစ် ဆောင်ရွက်ခွင့်ပြုခဲ့သော အဖွဲ့အစည်း ၂၀ ၏ ငွေကြေးစီမံခန့်ခွဲမှု အစီအစဉ်အားလုံးကို ၂၀၁၉-၂၀၂၀ခု၊ ဘဏ္ဍာရေးနှစ်မှစတင်၍ ပြည်ထောင် စုဘဏ္ဍာရန်ပုံငွေစာရင်း (UFA-SEE) Account တစ်ခုတည်းဖြင့်သာ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။

 

မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းတွင် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ၏ စွမ်းဆောင်ရည်နှင့် ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ပေးရန် Action Plan များချမှတ်ထားပြီး အစိုးရပိုင်အဖြစ် ဆက်လက်ထားရှိခြင်း၊  ပုဂ္ဂလိကပိုင်အဖြစ် ပြောင်းလဲ ခြင်း၊ အများပိုင်အဖြစ်ပြောင်းလဲခြင်း၊ အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုပုံစံ ပြောင်းလဲခြင်း စသည့် ဆောင်ရွက်မှုများကို စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

 

ပြည်ထောင်စုအစိုးရအဖွဲ့က ဘဏ္ဍာရေးကော်မရှင်၏ ထောက်ခံချက်နှင့်အတူ ပေးပို့ တင်ပြထားသည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေငွေ စာရင်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ဥပဒေ ကြမ်းတို့ကို ပြည်ထောင်စုလွှတ်တော်က ဆွေးနွေးသုံးသပ်၍ အတည်ပြုပေးနိုင်ပါရန် တင်ပြအပ် ပါကြောင်း ပြောကြားသည်။

 

ပြည်ထောင်စုလွှတ်တော်နာယကက ယနေ့ လွှတ်တော်သို့တင်သွင်းခဲ့သည့် ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်းဥပဒေကြမ်းနှင့် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံး ဆိုင်ရာဥပဒေကြမ်းတို့တွင်ပါရှိသည့် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများအလိုက် စီမံကိန်း လုပ်ငန်းများနှင့် ရငွေသုံးငွေများကို စိစစ်နိုင်ရန်အတွက် စိစစ်ရေးပူးပေါင်းအဖွဲ့ ၂၀ ကို ဖွဲ့စည်း ပေးထားပြီးဖြစ်ပါကြောင်း၊ စိစစ်ရေးပူးပေါင်းအဖွဲ့များအနေဖြင့် အဖွဲ့လိုက်စိစစ်သည့်အခါတွင် အထောက်အကူပြုစေရန် သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းများအလိုက် ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းများ၊ ရငွေသုံးငွေများ ရှင်းလင်းတင်ပြခြင်းအစီအစဉ်ကိ်ု ဇူလိုင် ၁၇ ရက်နှင့် ၂၂ ရက်တို့တွင် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။

 

ထို့ပြင် အဖွဲ့လိုက်စိစစ်တွေ့ရှိမှုကို သတ်မှတ်ရက်အမီ ပေးပို့နိုင်ရေးအတွက် အလေး ထားဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း၊ ဆက်လက်ပြီး ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီနှင့် ပြည်သူ့ငွေစာရင်ပူးပေါင်းကော်မတီတို့က တင်ပြပါ အမျိုးသားစီမံကိန်း ဥပဒေကြမ်းနှင့်  ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းတို့အတွက် လေ့လာ တွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာများကို ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရ အသုံးရေးဆွဲတင်ပြခြင်းဆိုင်ရာ ဥပဒေနှင့်အညီ လွှတ်တော်သို့တင်သွင်းနိုင်ရေး ဆောင်ရွက်ရန် ကြိုတင်အသိပေးအပ်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် ဥပဒေကြမ်းပူးပေါင်းကော်မတီဝင် ဦးဇော်ဝင်းက လွှတ်တော်နှစ်ရပ် သဘော ထားကွဲလွဲသော မြန်မာ့ဆက်သွယ်ရေးကော်ပိုရေးရှင်း ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်များပါဝင်သော အစီရင်ခံစာကိုလည်းကောင်း၊  ဥပဒေကြမ်းပူးပေါင်းကော်မတီဝင် ဦးနေမျိုးထွန်းက လွှတ်တော်နှစ်ရပ် သဘောထားကွဲလွဲသော ၂၀၁၇ ခုနှစ် မြေသိမ်းဥပဒေကြမ်းနှင့်စပ်လျဉ်း၍  ကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘော ထားမှတ်ချက်များပါဝင်သော အစီရင်ခံစာကိုလည်းကောင်း ဖတ်ကြားတင်ပြကြသည်။

 

အထက်ပါ ဥပဒေကြမ်းများနှင့်စပ်လျဉ်း၍  ပြည်ထောင်စုလွှတ်တော်နာယကက လွှတ်တော်နှစ်ရပ် သဘောကွဲလွဲသည့် အချက်များနှင့်တိုက်ရိုက်သက်ဆိုင်သည့် ပြင်ဆင်ချက် အဆို တင်သွင်းဆွေးနွေးလိုသည့် ကိုယ်စားလှယ်များရှိပါက ဆွေးနွေးလိုသည့် အပိုဒ်၊ အပိုဒ်ခွဲ၊ အကြောင်းအရာတို့ကို ဖော်ပြလက်မှတ်ရေးထိုးပြီး ပြည်ထောင်စုလွှတ်တော်ရုံး ညွှန်ကြားရေး မှူးချုပ်ထံ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။ 

 

သတင်းစဉ်