ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၃)  ကြိမ်မြောက် ပုံမှန်အစည်းအဝေး တတိယနေ့ကျင်းပ

နေပြည်တော်  ၂၂   ဇူလိုင် 


ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၃)  ကြိမ်မြောက်ပုံမှန်အစည်းအဝေး တတိယနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။


ယနေ့အစည်းအဝေးတွင် ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ အတွင်းရေးမှူး ဦးခင်ဇော်က အထောက်အကူပေးရေးအဖွဲ့၏ ၆ လတာကာလ တိုင်းဒေသကြီးနှင့် ပြည်နယ်ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ရုံးများဖွင့်လှစ်ခြင်း၊ ဝန်ထမ်းရေးရာလုပ်ငန်း ကော်မတီ၏ ဆောင်ရွက်ချက်၊ ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့သို့ ပြည်သူများထံမှပေးပို့လာသော တင်ပြစာကိစ္စရပ်များအပေါ် ဆောင်ရွက်ချက်၊ အစီရင်ခံစာကာလ အတွင်း ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့သို့ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်မှလွှဲပြောင်းပေးပို့လာသော အမှုများအပေါ်ဆောင်ရွက်ချက်၊ အမျိုးသားလွှတ်တော်ဥပဒေကြမ်းရေးဆွဲရေးကော်မတီ၏ အစည်းအဝေးများတက်ရောက်ဆွေးနွေးခြင်း၊ ပြည်တွင်း ပြည်ပ ဆက်ဆံရေးကော်မတီ၏ ဆောင်ရွက်ချက်၊ ဆင်းရဲနွမ်းပါးသူနှင့် ရှေ့နေငှားရမ်းရန် ငွေကြေးမပြည့်စုံသော ဆင်းရဲနွမ်းပါးသူများအတွက် အမှုလိုက်ပါဆောင်ရွက်ပေးခြင်း၊ ဥပဒေဆိုင်ရာအထောက်အကူပေးခြင်းဆောင်ရွက်ချက်များ၊ ဥပဒေဆိုင်ရာအသိပညာပေး လုပ်ငန်းများဆောင်ရွက်ခြင်းနှင့် အစီရင်ခံစာကာလအတွင်း ဘဏ္ဍာရေးကြီးကြပ်မှုကော်မတီ၏ ဆောင်ရွက်ချက်များကို ဖတ်ကြားတင်ပြရာ ပြည်ထောင်စုလွှတ်တော်နာယကက အထက်ပါအစီရင်ခံစာနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။


ထို့နောက် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက  နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော Memorandum of Understanding on the Improvement of Safety Standards and Inspection for Non-Convention Ships Within ASEAN Member States တွင် မြန်မာနိုင်ငံက ပါဝင်လက်မှတ်ရေးထိုးနိုင်ရေးကိစ္စနှင့်စပ်လျဉ်း၍ ဤနားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခြင်းအားဖြင့် အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ၏ အပြည်ပြည်ဆိုင်ရာကွန်းဗင်းရှင်းများကို လိုက်နာရန်မလိုအပ်သော သင်္ဘောများအတွက် ထုတ်ပေးထားသော လက်မှတ်များကို အခြားအဖွဲ့ဝင်နိုင်ငံများက အပြန်အလှန်အသိအမှတ်ပြု လက်ခံနိုင်ခြင်း၊ သင်္ဘောများ၏ တည်ဆောက်တပ်ဆင်ခြင်းဆိုင်ရာ စံနှုန်းများကို  အဖွဲ့ဝင်နိုင်ငံအားလုံးက တစ်ပြေးညီ သတ်မှတ်လိုက် နာစေခြင်းကြောင့် သင်္ဘောများပြေးဆွဲရာတွင် အခြားဆိပ်ကမ်းမြို့များ၌ စစ်ဆေးမှုများ ထပ်မံဆောင်ရွက်ရန် မလိုအပ်သဖြင့် အချိန်ကုန်သက်သာစေပြီး လုပ်ငန်းများလွယ်ကူလျင်မြန်စေခြင်း၊  အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းများတွင်ပါရှိသော အချို့လိုအပ်ချက်များကို Non-Convention Ships(NCS) များအတွက် ကင်းလွတ်ခွင့်ရရှိသောကြောင့် သင်္ဘောပိုင်ရှင်များ ကုန်ကျစရိတ် သက်သာစေနိုင်ခြင်းနှင့် မြန်မာနိုင်ငံအတွင်းရှိ Non-Convention Ships(NCS) များနှင့်ကိုက်ညီ သောကမ်းရိုးတမ်းရေယာဉ်များ အာဆီယံဒေသတွင်း ပြေးဆွဲနိုင်မည်ဖြစ်သည့်အတွက် ကုန်စည်စီးဆင်းမှုပိုမိုကောင်းမွန်လာပြီး အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိနိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ပါကြောင်း။


သို့ဖြစ်ပါ၍  Memorandum of Understanding on the Improvement of Safety Standards and Inspection for Non-Convention Ships Within ASEAN Member States တွင် မြန်မာနိုင်ငံက နောက်မှအတည်ပြုပါဝင်ခြင်း နည်းလမ်းဖြင့် ပါဝင်လက်မှတ်ရေးထိုးနိုင်ရေးအတွက် ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးနိုင်ပါရန် ပြောကြားသည်။


ဆက်လက်၍ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက  နိုင်ငံတော်သမ္မတထံမှပေးပို့ထားသော The Protocol of 1988 relating to the International Convention on Load Lines  1966 (LLPROT 1988)တွင် မြန်မာနိုင်ငံက ပါဝင်လက်မှတ်ရေးထိုး နိုင်ရေးနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။


ပြည်ထောင်စုလွှတ်တော် နာယကက အထက်ပါကိစ္စများနှင့်ပတ်သက်၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။


ယင်းနောက်  အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ဥပဒေကြမ်းပါ စီမံကိန်းလုပ်ငန်းများနှင့် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကြမ်းပါ ရငွေသုံးငွေများနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ဝန်ကြီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အဆင့်ဆင့်စိစစ်ပြီး သာမန်ရငွေမှာ ငွေကျပ်သန်း ၁၉၉၁၀၆ ဒသမ ၆၁၀၊ သာမန်အသုံးစရိတ်မှာ ငွေကျပ် ၇၂၄၅၀ ဒသမ ၁၅၇ သန်း၊ ငွေလုံးငွေ ရင်းအသုံးစရိတ်မှာ ငွေကျပ်သန်း ၁၂၄၃၃ ဒသမ  ၃၁၀ ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနမှ လျားထားသည့် ရငွေကိုအနည်းဆုံးရရှိမည့် ငွေအဖြစ်သတ်မှတ်ပြီး ယင်းထက်ပိုမိုရရှိအောင် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပြီး ခွင့်ပြုထားသည့်အသုံးစရိတ်များကို သုံးစွဲရာတွင် အများဆုံးသုံးစွဲနိုင်သည့်ငွေအဖြစ်သတ်မှတ်၍ တတ်နိုင်သမျှလျော့နည်းသုံးစွဲပြီး လုပ်ငန်းပြီးမြောက်အောင် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။


သာမန်ရငွေကို အမှန်တကယ်ရရှိနိုင်မည့် ငွေပမာဏပေါ်မူတည်၍ ခန့်မှန်းလျာထားခြင်းဖြစ်ပြီး လျာထားသည့်အတိုင်း အပြည်အဝရရှိနိုင်ရန်နှင့် အသုံးစရိတ်များကိုလည်း လျာထားသည့် အတိုင်းအကျိုးရှိစွာသုံးစွဲနိုင်ရန် စိစစ်ကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းစီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် တည်ဆောက်ရေး၊ ဝယ်ယူရေးဆိုင်ရာ တင်ဒါလုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် ငွေကြေးသုံးစွဲမှုများကိုလည်း ဘဏ္ဍာရေးစီမံခန့်ခွဲမှုဆိုင်ရာ စည်းမျဉ်းညွှန်ကြားချက်များနှင့်အညီ စနစ်တကျသုံးစွဲသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။


စက်မှုဝန်ကြီးဌာန၏ ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ဥပဒေကြမ်းပါ စီမံကိန်းလုပ်ငန်းများနှင့် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကြမ်းပါ ရငွေသုံးငွေများနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ်အတွက် ဘဏ္ဍာငွေလျာထားချက်အနေဖြင့် Loan နှင့်  Grant  ပါဝင်သော  သာမန်ရ ငွေကျပ် ၉၈ ဒသမ ၄၂၂ ဘီလီယံ၊ ပြည်ပအကူ အညီမှ သာမန်ရငွေကျပ် ဝ ဒသမ ၁၇၂ ဘီလီယံ၊ ပြည်ပအကူအညီမှ ငွေလုံးငွေရင်းရ ငွေကျပ် ၈ ဒသမ ၈၅၀ ဘီလီယံ၊ ကြွေးမြီရ ငွေကျပ် ၁ ဒသမ ဝ၀၄ ဘီလီယံ စုစုပေါင်း ငွေကျပ် ၁၀၈ ဒသမ ၄၄၈ ဘီလီယံဖြင့် တင်ပြထားပါကြောင်း၊ သာမန်အသုံးစရိတ်အတွက် ငွေကျပ် ၁၇၃ ဒသမ ၈၅၂ ဘီလီယံ၊ ငွေလုံးငွေရင်းအသုံးစရိတ် အတွက်  ငွေကျပ် ၁၁၄ ဒသမ ၂၇၄ ဘီလီယံ၊ ကြွေးမြီ အသုံးစရိတ်အတွက် ငွေကျပ် ၁၄၈ ဒသမ ၂၅၉ ဘီလီယံဖြစ်သဖြင့် စုစုပေါင်းအသုံးစရိတ် ငွေကျပ် ၄၃၆ ဒသမ ၃၈၅ ဘီလီယံဖြစ်ပြီး အဆိုပါအသုံးစရိတ်များကို ပြည်ထောင်စု၏ ဘဏ္ဍာရန်ပုံငွေမှ ကျခံသုံးစွဲရန်တင်ပြထားပါကြောင်း။


သို့ဖြစ်ပါ၍ အမှန်အသုံးစရိတ်များနှင့်အနီးစပ်ဆုံး တွက်ချက်တင်ပြထားသည့် စက်မှုဝန်ကြီးဌာန၏ ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်းဥပဒေကြမ်းနှင့် ဘဏ္ဍာငွေအရအသုံး ခန့်မှန်းခြေငွေစာရင်းများတွင်ပါဝင်သော သာမန်အသုံးစရိတ်အတွက်  ငွေကျပ် ၁၇၃ ဒသမ ၈၅၂ ဘီလီယံ၊ ငွေလုံးငွေရင်းအသုံးစရိတ်အတွက် ငွေကျပ် ၁၁၄ ဒသမ ၂၇၄ ဘီလီယံနှင့် ကြွမြေီအသုံး စရိတ်တွက် ငွေကျပ် ၁၄၈ ဒသမ ၂၅၉ ဘီလီယံ စုစုပေါင်းအသုံးစရိတ် ငွေကျပ် ၄၃၆ ဒသမ ၃၈၅ ဘီလီယံအား ပြည်ထောင်စုလွှတ်တော်မှ စိစစ်ခွင့်ပြုပေးနိုင်ပါရန် ရှင်းလင်းပြောကြားသည်။


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းဥပဒေကြမ်းပါ စီမံကိန်းလုပ်ငန်းများနှင့် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းပါ ရငွေသုံးငွေများနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ဝန်ကြီးဌာန၏ ၂၀၁၉-၂၀၂၀ခု၊ ဘဏ္ဍာရေးနှစ်အတွက် သာမန်အသုံးစရိတ်နှင့် ငွေလုံးငွေရင်းအသုံးစရိတ် တင်ပြတောင်းခံထားရှိမှုအနေဖြင့် သာမန်အသုံးစရိတ်တွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ခွင့်ပြုလျာထားပေးသော အရေးပေါ်ရန်ပုံငွေအတွက် ငွေကျပ်  သန်း၂၂၀ဝ ဒသမ ဝ၀ဝ အပါအဝင် စုစုပေါင်းသာမန်အသုံးစရိတ် ငွေကျပ် ၁၁၀၇၉၀ ဒသမ ၉၆၃ သန်း နှင့် ငွေလုံးငွေရင်းအသုံးစရိတ် ငွေကျပ် ၁၂၄၉၄ ဒသမ ၉၈၄သန်း ဖြစ်ပါကြောင်း၊ တောင်းခံထားရှိသည့် သာမန်အသုံးစရိတ်နှင့် ငွေလုံးငွေရင်းအသုံးစရိတ် စုစုပေါင်းငွေကျပ် ၁၂၃၂၈၅ ဒသမ ၉၄၇သန်း အား ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုပေးနိုင်ရန် ရှင်းလင်းပြောကြားသည်။


ကာကွယ်ရေးဝန်ကြီးဌာန၏ ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းဥပဒေကြမ်းပါ စီမံကိန်းလုပ်ငန်းများနှင့် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းပါ ရငွေသုံးငွေများနှင့်စပ်လျဉ်း၍  ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ် ရသုံးမှန်းခြေငွေစာရင်းတွင်  သာမန်ရငွေ ၄၇ ဒသမ ဝ၀ဝ ဘီလီယံ၊  သာမန်အသုံးစရိတ် ၁၉၃၇ ဒသမ ၅၃၈ ဘီလီယံနှင့် ငွေလုံးငွေရင်းအသုံးစရိတ် ၁၄၃၃ ဒသမ ၂၄၀ ဘီလီယံ တို့ဖြစ်ပါကြောင်း၊ ယခုတင်ပြထားသည့် အသုံးစရိတ်များသည် အဆင့်ဆင့် စိစစ်ခဲ့မှုများပြုလုပ်ခဲ့ပြီး မလွဲမသွေ သုံးစွဲရမည့် အသုံးစရိတ်များဖြစ်သဖြင့် ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုပေးနိုင်ပါရန် ရှင်းလင်းပြောကြားသည်။


ဆက်လက်၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းဥပဒေကြမ်းပါ စီမံကိန်းလုပ်ငန်းများနှင့် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းပါ ရငွေသုံးငွေများနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ဥပဒေကြမ်းပါ စီမံကိန်းလုပ်ငန်းများနှင့် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံး ဆိုင်ရာဥပဒေကြမ်းပါ ရငွေသုံးငွေများနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်နှင့် ပညာရေးဝန်ကြီးဌာန၏ ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ဥပဒေကြမ်းပါ စီမံကိန်း လုပ်ငန်းများနှင့် ပြည်ထောင်စု၏ဘဏ္ဍာငွေ အရအသုံးဆိုင်ရာဥပဒေကြမ်းပါ ရငွေသုံးငွေများနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးတို့က ရှင်းလင်းပြောကြားကြသည်။


ထို့အတူ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ၂၀၁၉-၂၀၂၀ ခုဘဏ္ဍာနှစ် အမျိုးသား စီမံကိန်း ဥပဒေကြမ်းပါ စီမံကိန်းလုပ်ငန်းများနှင့် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းပါ ရငွေသုံးငွေများနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ရင်းနှီးမြှုပ်နှံ မှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၏ ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ဥပဒေကြမ်းပါ စီမံကိန်းလုပ်ငန်းများနှင့် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာဥပဒေကြမ်း ပါရငွေသုံးငွေများနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ ပြည်ထောင်စုစာရင်း စစ်ချုပ်ရုံး၏ ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ဥပဒေကြမ်းပါ စီမံကိန်းလုပ်ငန်းများနှင့် ပြည်ထောင်စု၏ဘဏ္ဍာငွေ အရအသုံးဆိုင်ရာဥပဒေကြမ်းပါ ရငွေသုံးငွေများနှင့်စပ်လျဉ်း၍ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၏ ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ဥပဒေကြမ်းပါ စီမံကိန်းလုပ်ငန်းများနှင့် ပြည်ထောင်စု၏ ဘဏ္ဍာ ငွေအရအသုံးဆိုင်ရာဥပဒေကြမ်းပါ ရငွေသုံးငွေများနှင့်စပ်လျဉ်း၍ ကော်မရှင်အဖွဲ့ဝင် ဦးလှတင့်နှင့် ပြည်ထဲရေးဝန်ကြီးဌာန၏ ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ဥပဒေကြမ်းပါ စီမံကိန်း လုပ်ငန်းများနှင့် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းပါ ရငွေသုံးငွေများနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူတို့က ရှင်းလင်းပြောကြားကြသည်။


အလားတူ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၏ ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာနှစ် အမျိုး သားစီမံကိန်း ဥပဒေကြမ်းပါ စီမံကိန်းလုပ်ငန်းများနှင့် ပြည်ထောင်စု၏ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းပါ ရငွေသုံးငွေများနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးကျော်မျိုး၊ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန၏ ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ဥပဒေကြမ်းပါ စီမံကိန်းလုပ်ငန်း များနှင့် ပြည်ထောင်စု၏ဘဏ္ဍာငွေ အရအသုံး ဆိုင်ရာ ဥပဒေကြမ်းပါ ရငွေသုံးငွေများနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ စီမံကိန်း နှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ဥပဒေကြမ်းပါ စီမံကိန်းလုပ်ငန်းများနှင့် ပြည်ထောင်စု၏ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းပါ ရငွေသုံးငွေ များနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ဥပဒေကြမ်းပါ စီမံကိန်းလုပ်ငန်းများနှင့် ပြည်ထောင်စု၏ ဘဏ္ဍာ ငွေအရအသုံးဆိုင်ရာဥပဒေကြမ်းပါ ရငွေသုံးငွေ များနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးကျော်လင်း၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ဥပဒေကြမ်းပါ စီမံကိန်းလုပ်ငန်းများနှင့် ပြည်ထောင် စု၏ဘဏ္ဍာငွေ အရအသုံးဆိုင်ရာဥပဒေကြမ်းပါ ရငွေသုံးငွေများနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးလှမော်ဦး၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ဥပဒေကြမ်းပါ စီမံကိန်းလုပ်ငန်းများနှင့် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာဥပဒေကြမ်းပါ ရငွေသုံးငွေများနှင့်စပ်လျဉ်း၍ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ဥပဒေကြမ်းပါ စီမံကိန်းလုပ်ငန်းများနှင့် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာဥပဒေကြမ်းပါ ရငွေသုံးငွေများနှင့်စပ်လျဉ်း၍ အဖွဲ့ဝင် ဦးစောဗယ်လင် တိုင်း၊ နေပြည်တော်ကောင်စီ၏ ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ဥပဒေကြမ်းပါ စီမံကိန်းလုပ်ငန်းများနှင့် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းပါ ရငွေသုံး ငွေများနှင့်စပ်လျဉ်း၍ နေပြည်တော်ကောင်စီဝင် ဦးအောင်မြင်ထွန်းနှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ် ၏ ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းဥပဒေကြမ်းပါ စီမံကိန်းလုပ်ငန်းများနှင့် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ဥပဒေကြမ်းပါ ရငွေသုံးငွေများနှင့်စပ်လျဉ်း၍ ဒုတိယ ဥက္ကဋ္ဌ ဦးစိုးမင်းတို့က ရှင်းလင်းတင်ပြကြသည်။


ပြည်ထောင်စုလွှတ်တော်နာယက က အထက်ပါကိစ္စရပ်များနှင့်စပ်လျဉ်း၍ နိုင်ငံတော်နှင့် နိုင်ငံသား ပြည်သူများ၏ လူမှုစီပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုစေရန် အမျိုးသားစီမံကိန်းနှင့် ပြည်ထောင်စု၏ဘဏ္ဍာငွေအရအသုံးဆိုင်ရာစိစစ်မှု လုပ်ငန်းစဉ်များကို ညီညွတ်မျှတ စွာဖြင့် အချိန်မီပြီးစီးအောင် ဆောင်ရွက်နိုင်ရန် လိုအပ်ပါကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာ ပြည်ထောင်စုအဆင့်ဌာန၊ အဖွဲ့အစည်းများအနေဖြင့်လည်း စီမံကိန်းနှင့် ဘဏ္ဍာငွေစစ်ဆေးရေး လုပ်ငန်းစဉ်းများတွင် ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီ၊ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီအပါအဝင် သက်ဆိုင်ရာ စိစစ် စစ်ဆေးရေးအဖွဲ့များလည်း ပူးပေါင်းပါဝင် ဆောင်ရွက် ကြရန်လိုအပ်ပါကြောင်း၊ ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ဥပဒေကြမ်းနှင့် ပြည်ထောင်စု၏ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းတို့နှင့်ပတ်သက်ပြီး စိစစ်ရေးပူးပေါင်း အဖွဲ့အသီးသီး၏ စိစစ်တွေ့ရှိချက်များကို သတ်မှတ်ရက်အတိုင်း ပေးပို့ကြရန်နှင့် ပူးပေါင်း ကော်မတီများ၏ လေ့လာစိစစ်တွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီအရင်ခံစာ များကိုလည်း သတ်မှတ်ရက်အမီ လွှတ်တော်သို့ တင်သွင်းနိုင်ရန် ပူးပေါင်းညှိနှိုင်း ဆောင်ရွက် ပေးကြရန် ထပ်မံနှိုးဆော်ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များ တစ်ဦးချင်းအနေဖြင့်လည်း မိမိတို့ဆွေးနွေး လိုသည့် အခြားဌာန အဖွဲ့အစည်းများ၏ကိစ္စရပ်များရှိပါက သက်ဆိုင်ရာစိစစ်ရေး ပူးပေါင်းအဖွဲ့များ နှင့် ဆက်သွယ်ဆွေးနွေး ဆောင်ရွက်နိုင်ကြောင်း ပြောကြားသည်။


ထို့နောက် ဥပဒေကြမ်းပူးပေါင်းကော်မတီ အတွင်းရေးမှူး ဦးကျော်စိုးလင်းက နိုင်ငံတော် သမ္မတထံမှ သဘောထားမှတ်ချက်ဖြင့် ပြန်လည်ပေးပို့ထားသော ကလေးသူငယ်အခွင့်အရေး ဆိုင်ရာ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ တစ်ပိုဒ်ချင်းစီအလိုက် အတည်ပြုရန်  အဆိုတင်သွင်းသည်။


ပြည်ထောင်စုလွှတ်တော်နာယကက ယင်းဥပဒေကြမ်းနှင့်စပ်လျဉ်း၍ လွှတ်တော်၏ သဘောထားရယူ၍ တစ်ပိုဒ်ချင်းစီအလိုက်အတည်ပြုပြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေကြမ်း နှင့်စပ်လျဉ်းသည့် နိုင်ငံတော်သမ္မတ၏ သဘောထားမှတ်ချက်များကို လွှတ်တော်ကဆုံးဖြတ်ထား သည့်အတိုင်းပြင်ဆင်ပြီး ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေနှင့်အညီ နိုင်ငံတော်သမ္မတ ထံသို့ ပြန်လည်ပေးပို့သွားမည်ဖြစ်ကြောင်း အသိပေးကြေညာသည်။


ဆက်လက်၍ ဥပဒေကြမ်းပူးပေါင်းကော်မတီ အတွင်းရေးမှူးက လွှတ်တော်နှစ်ရပ် သဘော ကွဲလွဲသော မြေသိမ်းဥပဒေကြမ်းနှင့်စပ်လျဉ်း၍ တစ်ပိုဒ်ချင်းစီအလိုက် အတည်ပြုရန်  အဆိုတင်သွင်းသည်။


ပြည်ထောင်စုလွှတ်တော်နာယကက ယင်းဥပဒေကြမ်းနှင့်စပ်လျဉ်း၍  လွှတ်တော်၏ သဘောထားရယူ၍ တစ်ပိုဒ်ချင်းစီအလိုက် အတည်ပြုပြီး အထက်ပါဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့က အတည်ပြုခဲ့သည့် အပိုဒ်၊ အပိုဒ်ခွဲများကို လွှတ်တော်နှစ်ရပ် အတည်ပြုချက်အတိုင်း လည်းကောင်း၊ လွှတ်တော်နှစ်ရပ် သဘောကွဲလွဲသည့် အပိုဒ်၊ အပိုဒ်ခွဲများကို ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်အတိုင်း လည်းကောင်း ပြန်လည်ပြင်ဆင်၍ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာပြီး အစည်းအဝေးကို ရပ်နားလိုက်သည်။ 


သတင်း - မော်စီ၊ မွှေးကြူဇင်


ဓာတ်ပုံ- ထန်းဖုန်

 

235