ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန် အစည်းအဝေး(၁၉)ရက်မြောက်နေ့ ကျင်းပ

နေပြည်တော် ၁၉ ဖေဖော်ဝါရီ

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန် အစည်းအဝေး (၁၉)ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် ကျင်းပပြီး လမ်း၊ တံတားဆိုင်ရာ မေးခွန်း(၆)ခု မေးမြန်းဖြေကြားခြင်းနှင့် ဥပဒေကြမ်း(၁)ခု လွှတ်တော်၏ အဆုံးအဖြတ် ရယူအတည်ပြုခြင်းတို့ကို ဆောင်ရွက်ကြသည်။

 

အဆိုပါ လမ်း၊ တံတားဆိုင်ရာ မေးခွန်းများနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ပြန်လည်ရှင်းလင်း ဖြေကြားသည်။

 

လှိုင်းဘွဲ့မဲဆန္ဒနယ်မှ ဦးခင်ချို၏ သစ်သားတံတားများနှင့် ဘေလီသစ်သားတံတားများ၌ အသုံးပြု သစ်များနေရာတွင် hollow လေးထောင့် သံပိုက်များဖြင့် အစားထိုး ဆောင်ရွက်ရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီးက သစ်၏အားသာချက်မှာ Fiber အမျှင်များဖြင့် ဖွဲ့စည်းထားသည့်အတွက် ချက်ချင်း ကျိုးကျခြင်း မရှိဘဲ တဖြည်းဖြည်း အိကျလာပြီး သတိပေးချိန်ရှိသည့်အတွက် ပြည်သူများနှင့် အသုံးပြုယာဉ်တို့ အန္တရာယ်မှ ရှောင်လွှဲနိုင်သည့် အနေအထား ရှိပါကြောင်း၊ Steel တံတားများသည် ခံနိုင်ရည်ကျော်သွားပါက ရုတ်တရက် ကျိုးကျတတ်ပါကြောင်း၊ Hollow သံပိုက်များကို မိမိတို့နိုင်ငံတွင် သံပန်း၊ သံတံခါးကဲ့သို့ နေရာမျိုးတွင် ဝန်အလေးချိန်ထမ်းခြင်း မဟုတ်ဘဲ အလှဆင်သည့် နေရာများတွင် အသုံးပြုကြပါကြောင်း၊ တံတားတည်ဆောက်မှု နေရာမျိုးတွင် မသုံးသင့်ပါကြောင်း။

 

တိုးတက်လာသော အခြေအနေအရ တံတားများ တည်ဆောက်ရာတွင် ရေရှည် အသုံးပြုနိုင်သော သံကူကွန်ကရစ်၊ ကြိုတင်အားဖြည့် သံကူကွန်ကရစ် တံတားများ တည်ဆောက်လျက်ရှိပါကြောင်း၊ သစ်သားကြမ်းခင်း တံတားနှင့် ဘေလီသံဘောင် (သစ်သားကြမ်းခင်း) ကဲ့သို့သော ယာယီ တံတားငယ်များတွင် ကြမ်းခင်း၊ လက်ရမ်းများ၌ Hollow လေးထောင့် သံပိုက်များအား တံတားအရွယ်အစား၊ ယာဉ်သွားလာမှု အခြေအနေအပေါ် မူတည်၍ စိစစ်အသုံးပြုလျက်ရှိပါကြောင်း ဖြေကြားသည်။

 

လှိုင်သာယာ မဲဆန္ဒနယ်မှ ဦးဝင်းမင်း၏ လှိုင်သာယာမြို့နယ်အတွင်း အဓိက လမ်းမကြီးများသည် ပျက်စီးနေပါသဖြင့် ပြန်လည်ပြုပြင်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် အတွင်းရှိ ရန်ကုန်-ပုသိမ်လမ်း (ဘုရင့်နောင်တံတားချဉ်းကပ်လမ်း) ၅ မိုင် ၄ ဖာလုံ၊ ရန်ကုန်-ညောင်တုန်း လမ်း (အောင်ဇေယျတံတား ချဉ်းကပ်လမ်း) ၃ မိုင် ၂ ဖာလုံ၊ အနော်ရထာလမ်းမကြီး (ရွှေပြည်သာတံတား ချဉ်းကပ်လမ်း) ၄ မိုင် ၆ ဖာလုံတို့သည် Oriental Highway Co.,Ltd မှ B.O.T စနစ်ဖြင့် ဆောင်ရွက်ခဲ့သော လမ်းများ ဖြစ်ပါကြောင်း၊ အဆိုပါ တံတားချဉ်းကပ်လမ်း ၃ လမ်းပျက်စီးမှုနှင့် ပတ်သက်၍ Oriental Highway Co.,Ltd မှ B.O.T စာချုပ်ပါ စည်းကမ်းချက်များအတိုင်း ကောင်းမွန်ပြီးစီးအောင် ဆောင်ရွက်ခဲ့ပြီး လွှဲပြောင်းပေးအပ်ခဲ့ပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ အဆိုပါလမ်းများ ပြုပြင်ထိန်းသိမ်းရေးအတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီသို့ တာဝန်ပေးအပ်ပြီး အလျင်အမြန် ဆက်လက်ဆောင်ရွက်သွားရန် ညွှန်ကြားထားပြီး ဖြစ်ပါကြောင်း ဖြေကြားသည်။

 

ဝမ်းတွင်း မဲဆန္ဒနယ်မှ ဦးခင်မောင်စိုး၏ ပင်းတလဲ-မိတ္ထီလာ ကားလမ်းပေါ်ရှိ ပျက်စီးနေသော သင်ပုန်းချောင်းရေကျော်ကို ပြန်လည်ပြုပြင်ပေးရန်နှင့် ရေကျော်လုပ်ငန်းကို တာဝန်ယူ လုပ်ကိုင်ခဲ့သော တာဝန်ရှိသူများအား မည်သို့စီမံဆောင်ရွက် ပေးမည်ကိုသိလိုကြောင်း မေးခွန်းနှင့် စပ်လျဉ်း၍ သင်ပုန်းချောင်း ရေကျော်ပျက်စီးခြင်းကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ပြည်ထောင်စု ရန်ပုံငွေဖြင့်လည်းကောင်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် လည်းကောင်း ပြန်လည်ပြုပြင်ခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း၊ သို့သော်လည်း ၂၀၁၇ ခုနှစ် အောက်တိုဘာလအတွင်း မိုးသည်းထန်စွာ ရွာသွန်းသည့်အတွက် ကမ်းပါးများပြိုကျကာ ပြန်လည်ပျက်စီးခဲ့ပါကြောင်း၊ ထို့ကြောင့် သင်ပုန်းချောင်းရေကျော်အား ရေရှည်တွင် အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် မြေသားစမ်းသပ်ခြင်းနှင့် ရေစီးကြောင်း ပြောင်းလဲခြင်းဆိုင်ရာ အချက်အလက်များ ပြုစုခြင်းတို့အား ကွင်းဆင်းစစ်ဆေး၍ ကောင်းမွန်သော ပုံစံထုတ်ယူ တွက်ချက်စေပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် မတိုင်မီ ရန်ပုံငွေရရှိမှုအပေါ် မူတည်၍ ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။

 

ပေါက်တော မဲဆန္ဒနယ်မှ ဦးအောင်ကျော်ဇံ၏ ပေါက်တောမြို့နယ်၊ မြေငူကျွန်း ပင်လယ်ဘက်ခြမ်းရှိ သဲခုံ-ဆံတော်ရှင် မြေသားလမ်းဖောက်လုပ်ခြင်း လုပ်ငန်းတွင် မပြီးမပြတ် ကျန်ရှိနေခဲ့သော အပိုင်းနှင့် စပ်လျဉ်း၍ မည်သည့် ပုဂ္ဂိုလ်/အဖွဲ့အစည်းတွင် တာဝန်ရှိကြောင်း စိစစ်ဖော်ထုတ်ပေးပါရန်နှင့် ထိရောက်စွာ အရေးယူဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပေါက်တောမြို့နယ် မြေငူကျွန်း ပင်လယ်ဘက်ခြမ်းရှိ သဲခုံ-ဆံတော်ရှင် မြေသားလမ်းအရှည် ၂၂ မိုင် ၇ ဖာလုံကို ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ဖောက်လုပ်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ အဆိုပါလမ်းအား ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ပြည်ထောင်စု(မွမ်းမံ) ရန်ပုံငွေနှင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ရန်ပုံငွေနှစ်ရပ်ပေါင်းပြီး သန်းနိုင်မိသားစု ကုမ္ပဏီနှင့် ရိုးမမြေကုမ္ပဏီတို့က တာဝန်ယူ ဆောင်ရွက်ခဲ့ပါကြောင်း။

 

ရိုးမမြေကုမ္ပဏီသည် လုပ်ငန်းများပြီးမြောက်အောင် ဆောင်ရွက်နိုင်ခြင်း မရှိဘဲ တင်ဒါစာချုပ်ပါ စည်းမျဉ်းစည်းကမ်းများကို ဖောက်ဖျက်ကျူးလွန်ထားခဲ့ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ကုမ္ပဏီအား ထိရောက်စွာ အရေးယူသင့်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့နှင့် ယခင် တာဝန်ယူဆောင်ရွက်ခဲ့သော ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနတို့သို့ အကြောင်းကြားထားပြီး ဖြစ်ပါကြောင်း၊ သဲခုံ-ဆံတော်ရှင် မြေသားလမ်း ဖောက်လုပ်ခြင်းလုပ်ငန်းကို ပြန်လည်ပြင်ဆင် တည်ဆောက်ပေးနိုင်ရေးအတွက် မြေပြင်တွင် စစ်ဆေးလေ့လာ၍ အမြန်ဆုံး ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။

ထို့ပြင် ယင်းမာပင်မဲဆန္ဒနယ်မှ ဦးအောင်စိုး၏ ယင်းမာပင်မြို့နယ် ဆင်စွယ် ကျေးရွာ၊ တောင်မ- ရိုးချောင်းကူးတံတားကို သံကူကွန်ကရစ်တံတားအဖြစ် တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်း၊ ဒိုက်ဦးမဲဆန္ဒနယ်မှ ဦးဘုန်းမြင့်အောင်၏ ဒိုက်ဦးမြို့နယ် ကတုတ်ရွာမကျေးရွာမှ ဘောနီကျေးရွာသို့ သွားသော ကျေးရွာချင်းဆက်လမ်းအရှည် (၈)မိုင်မှ ကျန်ရှိနေသော(၆)မိုင်အား ကျောက်ချောလမ်းအဖြစ် ခင်းပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းတို့ကိုလည်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ပြန်လည်ဖြေကြားခဲ့သည်။

 

ထို့ပြင် အစည်းအဝေးတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနက တင်သွင်းသော “ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းများဆိုင်ရာ ဥပဒေကြမ်း”နှင့်စပ်လျဉ်း၍ ပြင်ဆင်ချက်အဆို တင်သွင်းခြင်း၊ ဆွေးနွေးနှင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူ အတည်ပြုခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

 

ကျော်သူထက်