ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး တတိယနေ့ ကျင်းပ

နေပြည်တော်  ၃၀  ဇူလိုင် 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး တတိယနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ ကြယ်ပွင့်ပြမေးခွန်းများ မေးမြန်းခြင်းနှင့် ဖြေကြားခြင်း၊ အဆို ၁ ခု တင်သွင်း ခြင်း၊ ဥပဒေကြမ်း ၁ခု တင်သွင်းခြင်းနှင့် အစီရင်ခံစာ ၁ ခု ဖတ်ကြားရှင်းလင်းခြင်းတို့ကို ဆောင်ရွက်ကြသည်။

အစည်းအဝေးတွင် ကျောက်တော် မဲဆန္ဒနယ်မှ ဦးဦးထွန်းဝင်း၏ ရခိုင်ပြည်နယ် မြို့နယ်များရှိ ကျေးရွာအုပ်စုကြီးများတွင် ဒေသကိုယ်စားပြု ဘက်စုံသုံး အဆောက်အဦ (Community Hall) များ တည်ဆောက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်က ရခိုင်ပြည်နယ်သည် ရေမြေသဘာဝအနေအထားအရ ပင်လယ်ကမ်း ရိုးတန်းတစ်လျှောက်တွင် တည်ရှိနေသည့်အတွက် မုန်တိုင်းအန္တရာယ်ကို နှစ်စဉ် တွေ့ကြုံခံစားနေရသည့် ဒေသဖြစ်ပြီး မုန်တိုင်းဒဏ်ခံအဆောက်အဦများကို ဆောက်လုပ်ပေးရန်အတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီမှ လမ်းညွှန်ချက်ဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊  အဆိုပါ ဘက်စုံသုံးအဆောက်အဦများသည် ပြည်သူများ ဘေးကင်းခိုလှုံရာနေရာအဖြစ် လည်းကောင်း၊ စာသင်ကျောင်းအဖြစ်အသုံးပြု၍ လည်းကောင်း၊ လူမှုရေး အခမ်း အနားနှင့် ကျန်းမာရေးစောင့်ရှောက်မှုစင်တာနေရာအဖြစ်လည်းကောင်း၊ သတင်း အချက်အလက်စင်တာများ၊ လူငယ်စင်တာများ စသည်ဖြင့် ဘက်စုံအသုံးပြုဆောင် ရွက်နိုင်ပြီး ရခိုင်ပြည်နယ်အတွင်း မြို့နယ်များရှိ ကျေးရွာအုပ်စုများကြီးများတွင် လိုအပ် လျက်ရှိပါကြောင်း။

ပြည်သူများအတွက် အသုံးဝင်သည့် ဘက်စုံသုံးအဆောက်အဦများ ဆောက် လုပ်လျက်ရှိရာ ဆောက်လုပ်ပြီးစီးမှု ၂၄ လုံးရှိပြီး ဆောက်လုပ်ဆဲနှင့် ဆောက်လုပ်ရန် ကျန် အလုံး ၃၀၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ထောက်ပံ့ငွေဖြင့် ရခိုင်ပြည်နယ်အစိုးရ အဖွဲ့က တာဝန်ယူဆောက်လုပ်နေဆဲ ၄ လုံးနှင့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ တင်ဒါစနစ်ဖြင့် ၂၆ လုံး ဆောက်လုပ်သွားမည်ဖြစ်ပါကြောင်း၊ ယခုနှစ်အတွင်းတွင် သဘာဝဘေးအန္တရာယ်ကျရောက်နိုင်သည့် ပြည်နယ်နှင့် တိုင်းဒေသကြီး ၄ ခုဖြစ်သည့် ဧရာဝတီတိုင်းဒေသကြီးတွင် ၅၇ လုံး၊ ရခိုင်ပြည်နယ်တွင် ၂၆ လုံး၊ ရှမ်းပြည်နယ်တွင် ၁ လုံး၊ ချင်းပြည်နယ်တွင် ၃ လုံး စုစုပေါင်း Shelter ၈၇ လုံး ဆောက်လုပ်ပေးနိုင်ရေးအတွက် လုပ်ထုံးလုပ်နည်းများနှင့်အညီ တင်ဒါစနစ်ဖြင့် ဆောင်ရွက်ရာတွင် တင်ဒါအောင်မြင်သည့်ကုမ္ပဏီများနှင့် စာချုပ်ချုပ်ဆို လုပ်ငန်းအပ်နှံ ရေး ဆောင်ရွက်လျက်ရှိပါကြောင်း။

ရခိုင်ပြည်နယ်အတွက် တင်ဒါအောင်မြင်ပြီးသည့် Shelter ၂၆ လုံးဆောက် လုပ်ပြီးစီးမည်ဆိုလျှင် ရခိုင်ပြည်နယ်အတွက် Shelter ၅၄  လုံး  ရှိလာမည်ဖြစ်ပါ ကြောင်း၊ ရခိုင်ပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ်ပိုမိုကျ ရောက်လွယ်သည့် မြို့နယ် ၁၁ မြို့နယ်၊ ကျေးရွာ ၅၄ ရွာတို့တွင် အမှန်တကယ် လိုအပ်၍ ဆောက်လုပ် ထားသည့်  ဆိုင်ကလုန်း Shelter များ၌ ကိုယ်စားလှယ်ကြီး မေးမြန်းချက်တွင်ပါရှိသည့် ကျေးလက်နေပြည်သူများအတွက် လိုအပ်လျက်ရှိသည့် ဒေသကိုယ်စားပြုဘက်စုံ သုံးများအဖြစ် အသုံးပြုဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။

ကျောက်တံတား မဲဆန္ဒနယ်မှ ဦးနေမျိုးထက်၏ ရန်ကုန်တိုင်းဒေသကြီးအတွင်း၌  ပြည်သူလူထု သွားလာမှုအဆင်ပြေစေရန်နှင့် ကားကြပ်တည်းမှုများ လျော့ပါးစေရန် အတွက် Inner Ring Road  ပြုလုပ်ရန် အစီအစဉ်ကို မည်သို့ စီမံကိန်းချပြီး ဆောင် ရွက်မည်ကို သိလိုခြင်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်း က ရန်ကုန်မိုးပျံအမြန်လမ်း ပထမအဆင့်အနေဖြင့် Expression of Interest (EOI)ကို တင်သွင်းရန် နိုင်ငံတော်ပိုင်သတင်းစာများတွင် ကြေငြာခဲ့ပြီး ၂၀၁၈ခုနှစ် ဇွန် ၂၉ ရက်တွင် တင်ဒါပိတ်မည်ကို သတင်းထုတ်ပြန်ခဲ့ပါကြောင်း၊ သတ်မှတ်ထားသည့် နောက်ဆုံးနေ့အထိ ပြည်တွင်း၊ နိုင်ငံတကာကုမ္ပဏီနှင့် အဖွဲ့ အစည်း စုစုပေါင်း ၅၃ခုမှ စိတ်ဝင်စားမှုလျှောက်လွှာ EOI များ တင်ပြခဲ့ပါကြောင်း။

စီမံကိန်း ဒုတိယအဆင့်အနေဖြင့် ၂၀၁၈ခုနှစ် သြဂုတ်လတွင် Request for Qualification (RFQ)ကိုခေါ်ဆိုသွားမည်ဖြစ်ပြီး RFQ အဆင့်အောင်မြင်သွားသည့် ကုမ္ပဏီများကို စီမံကိန်း တတိယအဆင့်အနေဖြင့် ၂၀၁၈ခုနှစ် နိုဝင်ဘာလနှင့် ဒီဇင်ဘာ လတို့တွင် Request For Proposal (RFP)ကိုဆက်လက် ခေါ်ယူသွားမည် ဖြစ်ပါ ကြောင်း၊ နောက်ဆုံးအဆင့်ဖြစ်သည့် Bidder Winning Award and Contracting ကို ၂၀၁၉ခုနှစ် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလ များတွင် ဆောင်ရွက်သွားမည် ဖြစ်ပြီး နောက်ဆုံးအဆင့် ဆောင်ရွက်ပြီးသည်နှင့် တည်ဆောက်ရေး လုပ်ငန်းများကို စတင်အကောင်အထည်ဖော် သွားမည်ဖြစ်ပါကြောင်း။

တင်ပြခဲ့သည့်အတိုင်း စိစစ်ရွေးချယ်ခြင်း အဆင့်ဆင့်ကို စနစ်တကျ ဆောင်ရွက် သွားမည်ဖြစ်ပြီး နောက်ဆုံးပိတ်အောင်မြင်သည့် ကုမ္ပဏီ အနည်းဆုံး ၁ဖွဲ့ သို့မဟုတ် အများဆုံး ၄ဖွဲ့အတွင်းတွင် အတည်ပြုရွေးချယ်ပြီး ၂၀၁၉ခုနှစ် အစပိုင်းတွင် Inner Ring Road ကိုစတင်အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ စတင်အကောင်အထည်ဖော် ဆောင်ရွက်သည့် အချိန်မှ စတင်၍ ၃နှစ်အတွင်း အပြီး တည်ဆောက်သွားမည်ဖြစ်ပြီး အဆိုပါ စီမံကိန်းလုပ်ငန်းကို နိုင်ငံတော်ဘဏ္ဍာငွေဖြင့် တည်ဆောက်သွားမည် မဟုတ်ဘဲ နိုင်ငံတကာ ကုမ္ပဏီများ၏ ကိုယ်ပိုင် အရင်းအနှီးဖြင့် ထည့်ဝင် ဆောင်ရွက်သွားစေမည် ဖြစ်ပါကြောင်း။

ပြန်လည်ရရှိမည့် ငွေကြေးစနစ်အနေဖြင့် Inner Ring Road ကိုအသုံးပြု သွားလာမည့် မော်တော်ယာဉ်များထံမှ လမ်းဖြတ်သန်းခ ကောက်ခံပြီး အရင်းကြေရန် နှင့် အကျိုးအမြတ်ရရန်တို့ကို စီမံဆောင်ရွက်သွားရမည် စနစ်ပင် ဖြစ်ပါကြောင်း၊ အဆိုပါ စီမံကိန်းလုပ်ငန်းနှင့် ပတ်သက်၍ လုပ်ငန်းစဉ် အဆင့်အလိုက် တစ်ဆင့်ခြင်း အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်းနှင့် အသေးစိတ်အစီအစဉ်များကို တစ်ဆင့်ချင်း ထုတ်ပြန်ကြေငြာပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။

ရွှေကူ မဲဆန္ဒနယ်မှ ဦးဇာနည်မင်း၏ အမြန်လမ်းများ၊ ပြည်နယ်ချင်းဆက်လမ်း၊  ခရိုင်ချင်းဆက်လမ်း၊ မြို့နယ်ချင်းဆက်လမ်းနှင့် ကျေးရွာချင်းဆက်လမ်း လမ်းဟောင်း များ ပြင်ဆင်ရာတွင်လည်းကောင်း၊ လမ်းသစ်များ ဖောက်လုပ်ရာတွင်လည်းကောင်း နိုင်ငံတကာအဆင့်အရည်အသွေးရှိ လမ်းများကဲ့သို့ စနစ်ကျပြီး ကုန်ကျစရိတ် သက်သာစေရန် လမ်းဒီဇိုင်းပြင်ဆင်ခြင်းနှင့် လမ်းကြောင်းကို ဖြောင့်တန်းစွာ ဖောက် လုပ်သွားရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်း က နိုင်ငံတကာအဆင့်မီလမ်းများကဲ့သို့ ဆောင်ရွက်ရန် နည်းပညာများ သိရှိနားလည်ထားသော်လည်း မိမိတို့နိုင်ငံ၏ ရန်ပုံငွေ အခြေအနေအရ ဆောင်ရွက်ရန် အခက်အခဲရှိသည့်အတွက် လမ်းအဆင့်မြှင့်တင်ခြင်းကို တစ်နိုင်ငံလုံး အတိုင်းအတာအရ စနစ်ဟောင်းကိုသာ ယနေ့တိုင် အသုံးပြုနေရခြင်း ဖြစ်ပါကြောင်း။

မိမိတို့နိုင်ငံ၏ လမ်းတစ်မိုင် အသုံးစရိတ်သည် အိမ်နီးချင်းနိုင်ငံ၏ လမ်းတစ် မိုင်ပေါ်တွင် သုံးသည့် အသုံးစရိတ်၏ ၇ပုံ ၁ပုံ သာ အများဆုံး သုံးနိုင်သည်ကို တွေ့ရှိ ရပါကြောင်း၊ နိုင်ငံအတွင်းရှိ လမ်းများအား နိုင်ငံတကာ အဆင့်မီ အရည်အသွေးရှိစေ ရန် ကမ္ဘာ့အဆင့်မီ မဖောက်လုပ်နိုင်သေးသော်လည်း မိမိတို့ လက်ရှိလုပ်နေသည့် ဒီဇိုင်း အနေဖြင့်လည်း လမ်းများ မပေါက်မီ အောက်ခံမြေသားကို ဓာတ်ခွဲခန်းသို့ ယူဆောင်၍ Soil Test လုပ်စမ်းသပ်စစ်ဆေးပါကြောင်း၊ ယင်းအောက်ခံမြေသားနှင့် လိုက်လျောညီ ထွေဖြစ်စေမည့် Penetration Macadam သော်လည်းကောင်း၊ DBST သော်လည်း ကောင်း၊ ကွန်ကရစ်လမ်း လုပ်ငန်းသော်လည်းကောင်း ဒီဇိုင်းဆွဲပေးပြီး ထုတ်ပေးခြင်း ဖြစ်ပါကြောင်း၊ အဆိုပါ ဒီဇိုင်းအတိုင်း ဆောင်ရွက်ခြင်း ရှိ/မရှိကိုလည်း မိမိတို့ဌာနတွင် ရှိသည့် ဓာတ်ခွဲခန်းမှ ကျွမ်းကျင်ပညာရှင်များမှ ကွင်းဆင်းစစ်ဆေးခြင်း၊ Quality Control (QC)စစ်ဆေးခြင်းတို့ကို အဆင့်ဆင့် စနစ်တကျ ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ အကယ်၍ ကွင်းအင်ဂျင်နီယာများအနေဖြင့် ဒီဇိုင်းအတိုင်း မလုပ်ဘဲ ကိုယ်ကျိုး စီးပွားများရှာပြီး မသမာမှု ပြုလုပ်ပါကလည်း ဌာနအနေဖြင့် ပြင်းထန်စွာ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။

ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် တိုင်းဒေသကြီး/ပြည်နယ်အားလုံးရှိ လမ်း/တံတားကဏ္ဍတိုးတက်ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ပြီး လွှတ်တော် ကိုယ်စားလှယ်များ၏ အပြန်အလှန်ညှိနှိုင်း ပေါင်းစပ်ထိန်းကြောင်း လမ်းညွှန်ပေးခြင်း ကိုခံယူ၍ အကောင်းဆုံး ဖြစ်အောင် အဆင့်မြှင့်တင် ဆောင်ရွက်သွားမည် ဖြစ်ပါ ကြောင်း ဖြေကြားသည်။

ဆက်လက်၍  မြေပုံ မဲဆန ္ဒနယ်မှ ဦးဖေသန်း၊  ရပ်စောက် မဲဆန္ဒနယ်မှ ဦးခင် မောင်မြင့်နှင့် လှိုင်သာယာ မဲဆန္ဒနယ်မှ ဦးဝင်းမင်းတို့၏ မေးခွန်းများနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ရှင်းလင်းဖြေကြားသည်။

ထို့နောက်  ကော့မှူး မဲဆန္ဒနယ်မှ ဦးကျော်ဆွေဝင်းက ပြည်ထောင်စု မြန်မာနိုင်ငံ တစ်ဝန်းတွင် BOT(Build, Operate, Transfer) စာချုပ်များဖြင့် ဆောင်ရွက်လျက်ရှိ ကြသော လမ်းမကြီးများသည် နိုင်ငံတော်နှင့် ချုပ်ဆိုခဲ့ကြသော စာချုပ်ပါ စည်းမျဉ်း စည်းကမ်းအတိုင်း လိုက်နာ ဆောင်ရွက်ကြခြင်းရှိ၊ မရှိ စိစစ်၍ တာဝန်ကျေ၊ တာဝန်ခံမှု မရှိသူများကို အရေးယူဆောင်ရွက်မှုများ ပြုလုပ်ရန်နှင့် စည်းမျဉ်းစည်းကမ်းများအတိုင်း လိုက်နာလာစေရေးစီမံခန့်ခွဲ ထိန်းချုပ်ခြင်းဖြင့် နိုင်ငံတော်-ပုဂ္ဂလိက ပူးပေါင်းသည့် PPP(Private-Public Partnership) ပြည်သူ့ဝန်ဆောင်မှုစနစ်ကောင်းများ ဖြစ်ပေါ် လာစေရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို တင်သွင်းရာတွင် ၁၉၉၆ ခုနှစ်က စတင်၍ မိမိတို့ တိုင်းပြည်အတွက် စီးပွားရေးရာ မဟာဗျူဟာ ကျသည့် လမ်းမကြီးများကို ပုဂ္ဂလိကကုမ္ပဏီများလက်ဝယ် BOT စနစ်ဖြင့် လွှဲပြောင်း လုပ်ကိုင် စေခဲ့သည်ကို လေ့လာတွေ့ရှိရပါကြောင်း၊ မိမိတို့ တိုင်းပြည်စီးပွားရေး အတွက် အသက်သွေးကြောဖြစ်သည့် အချက်အခြာကျ လမ်းမကြီးအရေအတွက် ၉၀ ရာခိုင်နှုန်းကျော်သည် ပုဂ္ဂလိကကုမ္ပဏီများမှ BOT စနစ်ဖြင့် စီမံခန့်ခွဲလျက် ရှိနေပါ ကြောင်း။ 

နိုင်ငံအဝန်းတွင် လွန်ခဲ့သည့် အစိုးရအဆက်ဆက်က စာချုပ်ချုပ်ဆိုလုပ်ပိုင်ခွင့် ပေးအပ်ခဲ့သည့် BOT  စနစ် လမ်းများကို လေ့လာကြည့်ရာတွင် စာချုပ်ပါ ကတိကဝတ် များအတိုင်း တာဝန်ယူမှု တာဝန်ခံမှု အပြည့်အဝနှင့် လိုက်နာအကောင်အထည်ဖော် ဆောင်ရွက်သည့် ကုမ္ပဏီတစ်ချို့သာရှိပြီး အများစုသည် စာချုပ်ပါ ကတိကဝတ်ထက် ၄င်းတို့ကိုယ်ကျိုးစီးပွားကိုသာ အဓိကထား ရှေးရှုဆောင်ရွက်နေကြသည့်အတွက် လမ်းမကြီးများသည် ၄င်းတို့တာဝန်ယူစဉ်ကနှင့် ထူးမခြားနား ဖြစ်နေပြီး ပိုမိုကောင်းမွန် လာခြင်းမရှိပါကြောင်း၊  လမ်းအသုံးပြုသူ ပြည်သူလူထုသည် နေ့စဉ်နှင့်အမျှ လမ်းအသုံး ပြုခပေးနေရသည်သာ အဖက်တင်ပြီး ငွေကုန်အကျိုးမရှိ်ဖြစ်နေကြရပါကြောင်း။

စာချုပ်ပါ ကတိကဝတ်ကို လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ခဲ့သည့် ကုမ္ပဏီများကို ပြည်သူလူထု၏ အကျိုး စီးပွားကို ရှေးရူပြီး သင့်တော်သလို အရေးယူဆောင်ရွက်ရန် အားနည်းခဲ့သည်ကို အပြစ်တင်ရုံဖြင့် လမ်းမကြီးများ ကောင်းမလာနိုင်ပါကြောင်း။ 

ရှေ့တွင်ဖြစ်ပေါ်ခဲ့သည့် အားနည်းချက်၊ လစ်ဟာချက်၊ ပျက်ကွက်မှုများကို သင် ခန်းစာယူ၍ နိုင်ငံတော်နှင့် နိုင်ငံသားတို့ အကျိုးစီးပွားအတွက် လုပ်သင့်လုပ်ထိုက်သည့် စီမံထိန်းကြောင်းမှုများ၊  လိုအပ်သည့် အရေးယူဆောင်ရွက်မှုများနှင့် အမြန်ဆုံးကုစား နိုင်ရန် အရေးကြီးသည့်အတွက် အဆိုတင်သွင်းရခြင်းဖြစ်ပါကြောင်း ရှင်းလင်းတင်ပြ သည်။

ယင်းအဆိုနှင့်စပ်လျဉ်း၍  လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်က သဘောတူသဖြင့် အဆိုအား လက်ခံဆွေးနွေးရန် ဆုံးဖြတ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌ ကကြေညာသည်။

ထို့နောက် ယင်းအဆိုအား ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိ ပါက အမည်စာရင်းတင်သွင်နိုင်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ကြေညာသည်။

ယင်းနောက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ စားသုံးသူ ကာကွယ်ရေးဥပဒေကြမ်းကို တင်သွင်းပြီး ယင်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်း ကော်မတီဝင် ဦးဇော်ဝင်းက အစီရင်ခံစာ ကို ဖတ်ကြားရှင်းလင်းသည်။

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က အဆိုပါ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍  ပြင်ဆင်ချက်အဆို တင်သွင်းလိုသည့် လွှတ် တော်ကိုယ်စားလှယ်များ ရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး တတိယနေ့ ရပ်နားကြောင်းနှင့် အစည်းအဝေးစတုတ္ထနေ့ကို သြဂုတ် ၂ ရက်တွင် ဆက်လက် ကျင်းပမည် ဖြစ်ကြောင်းသိရသည်။

အေးအေးသန့်(သတင်းစဉ်)