ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး ပဉ္စမနေ့ကျင်းပ

နေပြည်တော် ၃ သြဂုတ် 

 

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပရာ ကြယ်ပွင့်ပြမေးခွန်းများနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ရှင်းလင်းဖြေကြားသည်။

 

 

ကော့မှူး မဲဆန္ဒနယ်မှ ဦးကျော်ဆွေဝင်း၏ ကော့မှူးမြို့နယ်ရှိ လူကြီးလူငယ်များ အားကစားနှင့် ကျန်းမာရေးလေ့ကျင့်မှုအတွက် အားကစားကွင်းအား အဆင့်မြှင့်တင်၍  သန့်ရှင်းသော အားကစားလေ့ကျင့်ရာနေရာတစ်ခု ဖြစ်ပေါ်လာစေရေး ဆောင်ရွက်ပေး ရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက ရန်ကုန်တိုင်းဒေသ ကြီး ကော့မှူးမြို့နယ် အားကစားကွင်း အုတ်တံတိုင်းအား ၁၉၉၀ ခုနှစ်တွင် အား ကစားနှင့် ကာယပညာဦးစီးဌာနက ကာရံပေးခဲ့သော်လည်း ၂၀ဝ၈ ခုနှစ်တွင် နာဂစ် မုန်တိုင်းဒဏ်ကြောင့်  ပြိုလဲခဲ့ပါကြောင်း၊  ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင်  ရန်ကုန် တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေဖြင့်  ကော့မှူးမြို့နယ် အားကစားကွင်းအတွင်း ပွဲကြည့် စင်တည်ဆောက်ခြင်း ငွေကျပ် သန်း ၄၀၊ ဘောလုံးကွင်းမြေသားမြှင့်တင် ခြင်းနှင့် ရေမြောင်းတူးခြင်းလုပ်ငန်းများအား ငွေကျပ် သန်း ၂၀ ဖြင့် ဆောင်ရွက်ပေး ခဲ့ပါ ကြောင်း၊ အဆိုပါ ဘောလုံးကွင်းပြင်ဆင်ပြီးချိန် ၂၀၁၆ ခုနှစ်တွင်  ကော့မှူးမြို့နယ် ဌာန ဆိုင်ရာ ပေါင်းစုံဘောလုံးပြိုင်ပွဲနှင့် ၂၀၁၇ ခုနှစ် နိုဝင်ဘာလတွင် မြို့နယ်အားကစား ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်အရ ကော့မှူးမြို့နယ် ကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲများကို  ကျင်းပပေးခဲ့ပြီးဖြစ်ပါကြောင်း။

 

ကော့မှူးမြို့နယ် အားကစားကွင်းအဆင့်မြှင့်တင်ရေးလုပ်ငန်း ၅ ခု ဆောင်ရွက် ရန်အတွက် ငွေကျပ် ၁၁၄ သန်းလျာထားခဲ့ပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့အထွေထွေရန်ပုံငွေ ၃၃ ဒသမ ၅ သန်းဖြင့် ဘောလုံးကွင်းစည်းရိုး ကာရံခြင်း လုပ်ငန်းကို ၂၀၁၈ ခုနှစ် ဇွန် ၂၉ ရက်တွင် စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၁၈ ခုနှစ် ဇူလိုင် ၇ ရက်တွင် ၁၀ဝ ရာခိုင်နှုန်း ဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် လွှတ်တော်ကိုယ်စားလှယ် မေးမြန်းသည့် မေးခွန်းနှင့်စပ်လျဉ်း၍ ဆောင်ရွက်ပေး မည်ဖြစ်ပါကြောင်း ရန်ကုန်တိုင်းဒေသကြီး၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ပါဝင်သည့် ဘဏ္ဍာငွေဖြင့် မဆောင်ရွက်နိုင်လျှင်လည်း အခြားနည်းဖြင့် ဆောင်ရွက်ပေးမည်ဖြစ် ကြောင်း ရှင်းလင်းဖြေကြားသည်။

 

 

 

 

ကျောင်းကုန်း မဲဆန္ဒနယ်မှ ဦးသိန်းထွန်း၏  ကျောင်းကုန်းမြို့နယ် ပြည်သူ့ဆေးရုံ ခုတင် ၅၀ ဆံ့အား ခုတင် ၁၀ဝ ဆံ့ ဆေးရုံအဖြစ် တိုးချဲ့မြှင့်တင်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက ကျောင်းကုန်းမြို့နယ် ပြည်သူ့ဆေးရုံကို ၂၅ ကုတင်ဆံ့ မှ ၂၀၁၄ ခုနှစ်တွင် ကုတင် ၅၀ ဆံ့အဖြစ် တိုးမြှင့်ပေးခဲ့ပါကြောင်း၊ ၂၀၁၄ ခုနှစ်မှ ယခုအချိန်အထိ ဆေးရုံအသုံးပြုမှုများလာ သဖြင့် အဆင့်တိုးမြှင့်ပေးရန် အစီအစဉ်ရှိပါကြောင်း ရှင်းလင်းဖြေကြားသည်။

 

အလားတူ လှိုင်းဘွဲ့မဲဆန္ဒနယ်မှ ဦးခင်ချို၊ ပင်လောင်း မဲဆန္ဒနယ်မှ ဦးခွန်မောင်သောင်း၊ မန်တုံ မဲဆန္ဒနယ်မှ ဒေါ်နန်းမိုးနှင့်  လွိုင်လင် မဲဆန္ဒနယ်မှ ဦးခင်မောင်သီတို့၏ မေးခွန်း များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ရှင်းလင်းဖြေကြား သည်။

 

ထို့နောက် အမျိုးသားလွှတ်တော်မှ ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့သော မြန်မာနိုင်ငံ သွားနှင့်ခံတွင်းဆိုင်ရာဆေးကောင်စီ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ အမျိုးသားလွှတ်တော် ၏ပြင်ဆင်ချက်များကို ဥပဒေကြမ်းကော်မတီဝင်က  လွှတ်တော်သို့တင်ပြပြီး လွှတ်တော်၏အဆုံးအဖြတ် ရယူသည်။

 

အဆိုပါ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍  လွှတ်တော်နှစ်ရပ် သဘောကွဲလွဲမှုရှိသော ကြောင့်  ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်ရန် တင်ပြသင့်ကြောင်းကို ဥပဒေကြမ်း ကော်မတီဝင်က  အဆိုတင်သွင်းပြီး လွှတ်တော်၏အဆုံးအဖြတ်ရယူရာ လွှတ်တော်က သဘောတူကြောင်းနှင့်  ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြည်သူ့လွှတ် တော်ဥက္ကဋ္ဌက  ကြေညာသည်။

 

ယင်းနောက် မအူပင် မဲဆန္ဒနယ်မှဦးစိန်ဝင်း တင်သွင်းသည့် စိုက်ပျိုးရေး စက်ကိရိ ယာများ အပြည့်အဝ မတင်သွင်းမသုံးစွဲနိုင်ခင်မှာ  ရာသီအချိန်မီ ထွန်ယက် စိုက်ပျိုးနိုင် စေရန် လယ်ယာတွင် အသုံးပြုနေသော ခိုင်းကျွဲ၊ နွားများအား ပြင်ပသို့ တင်ပို့ရောင်း ချနေခြင်းအား ကန့်သတ်တားမြစ်ပေးပါရန်နှင့် မှန်ကန်စွာ ကူညီထောက်ပံ့ဖြေ ရှင်းပေး ပါရန် ပြည်သူ့လွှတ်တော်မှ အစိုးရသို့ တိုက်တွန်းကြောင်း အဆိုကို လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

 

အုတ်တွင်း မဲဆန္ဒနယ်မှ ဒေါ်ချိုချိုက ခိုင်းကျွဲ၊ နွားများကို ပြင်ပသို့ တင်ပို့ရောင်းချ နေခြင်းကို ကန့်သတ်တားမြစ်ခြင်းထက် ကြီးကြီးမားမားဖြစ်ပေါ်နေသည့် မှောင်ခို ဈေးကွက် ပပျောက်စေရန် ပို၍ အရေးကြီးပါကြောင်း၊ တောင်သူများမှာ ရာသီဥတုက ဖျက်၊ ဈေးကွက်ကဖျက်နှင့် ထိုကဲ့သို့ရင်ဆိုင်ရချိန်တွင် ရှိသည့် ကျွဲ၊ နွားများအား တရားဝင်တင်ပို့မှုမပြုပါက မှောင်ခိုနှင့် ခိုးထုတ်နေသည့် ပွဲစားများ၏ ဈေးနှိမ်ခံရပြီး ရောင်းချကြမည်ဆိုလျှင် ဈေးမကောင်းသည့်အတွက် နစ်နာမှုများနှင့် သာ ကြုံဆုံရ မည်ဖြစ်ပါကြောင်း၊ တောင်သူများသည် မိမိတို့ပိုင်သည့် ကျွဲ၊ နွားများကို ရောင်းချရန် လိုအပ်လာလျှင် ရောင်းရမည်ဖြစ်သဖြင့် အဓိကအနေဖြင့် ဈေးကောင်းရအောင် လုပ်ပေးရန်လိုအပ်ပါကြောင်း။

 

ကျွဲ၊ နွားအရှင်တင်ပို့မှုများကို ခွင့်ပြုခြင်းဖြင့် နိုင်ငံတော်မှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ဈေးကွက်စီးပွားရေးနှင့်အညီ ရောင်းလိုအားနှင့် ဝယ်လိုအား အရ ဖြစ်ပေါ်နေသည့် လွတ်လပ်သည့် ဈေးကွက်ကို ဖော်ဆောင်နိုင်မည်ဖြစ်သကဲ့သို့ တရားမဝင်တင်ပို့မှုများ တရားဝင်လမ်းကြောင်းပေါ်သို့ရောက်ရှိလာမည်ဖြစ်ပါကြောင်း၊  နိုင်ငံတော်မှ ရသင့်ရထိုက်သည့် အခွန်အခများ ရရှိနိုင်မည်ဖြစ်ပါကြောင်း၊ မွေးမြူရေးဖြင့် တောင်သူလယ်သမားများ ဝင်ငွေနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာနိုင် တောင်သူလယ်သမားတို့၏ လူနေမှုဘဝ တိုးမြှင့်စေမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် မွေးမြူရေးလုပ်ငန်းအတွက်  လိုအပ်သည့် ချေးငွေများကိုလည်း နိုင်ငံတော်မှ ထုတ်ချေး ပေးသင့်ပါကြောင်း။

 

 

 

 

 

ကမ္ဘာ့ကုန်သွယ်ရေးလောကတွင် တိရစ္ဆာန်အရှင်များ တင်ပို့ရောင်းချမှု ဈေးကွက် သည် လျင်မြန်စွာ ကြီးထွားလျက်ရှိပြီး နေ့စဉ်တိုးပွားလျက်ရှိသော လူဦးရေ အရ စားသုံးမှုတိုးပွားနေပြီး ဈေးကွက်လိုအပ်ချက်မှာ ပို၍များလျက်ရှိပါကြောင်း၊ မတရား သဖြင့်တောင်း၍ လမ်းခရီးတွင် ပေးလိုက်သည့် ပိုက်ဆံများသည် နိုင်ငံတော်ထံမ ရောက်သကဲ့သို့ မွေးမြူသူများ ရသင့်ရထိုက်သည့် အကျိုးအမြတ်ထဲမှ ခွဲဝေ ပေးလိုက်ရ၍ ယနေ့ထိ မပျောက်သေးသည့် ကျွဲ၊ နွားတင်ပို့မှုမှောင်ခိုဈေးကွက် ပပျောက်စေရန်နှင့် တရားဝင်တင်ပို့မှုစနစ်ကိုလည်း ပိုမိုရှင်းလင်းလွယ်ကူအောင်  လုပ် ဆောင်သင့်ပါကြောင်း  အကြံပြုဆွေးနွေးသည်။ 

 

 

ဖာပွန် မဲဆန္ဒနယ်မှ ဦးစောထွန်းမြအောင်က  မြန်မာ့လယ်ယာ ဖွံ့ဖြိုးမှုကဏ္ဍတွင် စက်မှုလယ်ယာနှင့် သမားရိုးကျစိုက်ပျိုးသည့်စနစ်အပေါ် အခြေခံပြီး လုပ်ဆောင်ကြ သည်ကို တွေ့ရပါကြောင်း၊ စက်မှုလယ်ယာစနစ်နှင့် ငှား၍ ထွန်လျှင် နွေရာသီကတည်း က မြေလှန်ပြီး မိုးတဖြိုင်ကျသည်နှင့်  ကျဲခင်းစနစ်ဖြင့် စိုက်သည့်စနစ်သည် အကုန်ကျ သက်သာသကဲ့သို့ အထွက်လဲတိုးပါကြောင်း၊  အစေ့ချသည့် စနစ်ကို နောက်ပိုင်းသုံး လာသည်ကို တွေ့ရပါကြောင်း၊ ယခုနောက်ပိုင်း GAP စနစ်ပေါ်လာသည့်အခါ လယ် ဧကကွက်များကို စနစ်တကျဖော်ပြီး အစေ့ချသည့်စနစ်ဖြင့် စိုက်ပျိုးသည့်အတွက် တောင်သူလယ်သမားများသည် ထိုနည်းဖြင့်စိုက်ပျိုးလာပြီး ဆောင်းသီးနှံများကိုလည်း တပိုင်တနိုင်စိုက်ပျိုးလာသည့်အတွက်  ဝင်ငွေတိုးတက်လာပါကြောင်း၊ မျိုးကောင်း မျိုး သန့်နှင့် သွင်းအားစုထည့်ပေးနိုင်လျှင် ပိုမိုအထွက်တိုးသည်ကို တွေ့ရပါကြောင်း။

 

 

လယ်ထွန်စက်ငှားမရသည့်အခါ ကျွဲ၊ နွားများကို အသုံးပြုရပါကြောင်း၊ လယ်သမား အများစုသည် လယ်ယာကို ကျွဲ၊ နွားများနှင့်သာ ထွန်ယက်သည်က များပါ ကြောင်း၊  ပြည်ပရောင်းဝယ်မှုများကို ပိတ်လျှင် မှောင်ခိုပို့သည့်အလုပ်သည် ဝန်ပိလာ၍ အစိုးရ လည်း အခွန်မရပါကြောင်း၊ မှောင်ခိုပို့သည်ထက်စာလျှင်  ပြည်ပရောင်းဝယ်မှုကို  ပိတ် ပင်ပြီး ပြည်တွင်းတွင် မျိုးကောင်းမျိုးသန့်မွေးမြူရေးဇုန်ကို ဖော်ထုတ်ပေးသင့်ပါ ကြောင်း နှင့် အဆိုကို ထောက်ခံပါကြောင်း ဆွေးနွေးသည်။

 

အလားတူ မင်းလှ မဲဆန္ဒနယ်မှ ဒေါက်တာဦးသန်းအောင်စိုး၊ လှိုင်းဘွဲ့ မဲဆန္ဒနယ်မှ ဦးခင်ချို၊ ရွှေကူ မဲဆန္ဒနယ်မှ ဦးဇာနည်မင်း၊ မိုးမိတ် မဲဆန္ဒနယ်မှ ဦးတိုးသောင်၊ မြို့သစ် မဲဆန္ဒနယ်မှ ဦးသာအောင်၊  မင်းဘူး မဲဆန္ဒနယ်မှ ဦးဝင်းဝင်း၊ တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူး ဇွဲနေဇော်၊ ပုဏ္ဏားကျွန်း မဲဆန္ဒနယ်မှ ဦးဦးထွန်းမောင်၊ ဂွ မဲဆန္ဒနယ်မှ ဦးမြင့်ဝေ၊ ဒဏ္ခိဏသီရိ မဲဆန္ဒနယ်မှ ဦးသန့်ဇင်ထွန်း၊ ရေဦး မဲဆန္ဒနယ်မှ ဒေါက်တာဦးမင်းသိန်း၊ အင်းတော် မဲဆန္ဒနယ်မှ ဒေါက်တာဒေါ်ပြုံး၊ ကျောင်းကုန်း မဲ ဆန္ဒနယ်မှ ဦးသိန်းထွန်းနှင့် တိုက်ကြီး မဲဆန္ဒနယ်မှ ဦးကျော်မြင့်တို့က ဆွေးနွေးကြသည်။

 

ယင်းအဆိုနှင့် စပ်လျဉ်း၍  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးအောင်ထူးက  နိုင်ငံတော်အစိုးရအနေဖြင့် ကျွဲ၊ နွားအရှင်များ တင်ပို့ရောင်း ချခြင်းကို သေချာ စွာလေ့လာစူးစမ်းပြီးမှ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ကျွဲ၊ နွားများကို လယ်ယာစိုက်ပျိုးထွန်ယက်ရန် အစဉ်အလာအရ မွေးခဲ့ခြင်း ဖြစ်ပါကြောင်း၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနအနေဖြင့် ၂၀၁၈ခုနှစ် ဖေဖော်ဝါရီလ တိရစ္ဆာန် ကောင်ရေ စာရင်းကောက်ယူခြင်း ကြိုတင်ခန့်မှန်းချက်များအရ မြန်မာနိုင်ငံ တွင် ခိုင်းကျွဲ၊ ခိုင်းနွား ၁၁ ဒသမ ၅သန်းခန့် ရှိပါကြောင်း၊ ၁၁ ဒသမ ၅သန်း၏ ထက်ဝက် ၅ ဒသမ ၇၅သန်း သည် မြန်မာနိုင်ငံတွင်ရှိသည့် အသားတင်စိုက်ပျိုးဧက ၃၄ ဒသမ ၅သန်းကို အပြည့်အဝထွန်ယက်ပေးနိုင်စွမ်းရှိသည်ကိုလည်း တင်ပြအပ်ပါကြောင်း။

 

ထို့ကြောင့် မြန်မာနိုင်ငံတွင် လယ်ယာစိုက်ပျိုးရေးအတွက် ကျွဲ၊ နွားမလုံလောက် ဟူသည့် အချက်မှာ မှန်ကန်မှုမရှိဟု တင်ပြလိုပါကြောင်း၊ မြန်မာနိုင်ငံမှ ကျွဲ၊ နွားများ တစ်ဖက်နိုင်ငံသို့ တရားမဝင်တင်ပို့နေခြင်းကြောင့် ဈေးကောင်းမလည်းမရ၊ အခွန် အကောက်လည်းမရဘဲ တစ်ပိုင်တစ်နိုင်မွေးမြူသည့် သူများကိုလည်း အားမပေးနိုင်၊ နွားခြံနှင့်  မွေးမြူမှုကိုလည်း အားမပေးနိုင်ခြင်းကြောင့် စိုက်ပျိုးရေးလုပ်ငန်းများတွင် မွေးမြူရေးတွဲဖက်လုပ်ကိုင်ခြင်းသည် လယ်သမားများကို ဖြည့်စွက်ဝင်ငွေ ရရှိပြီး ဆင်းရဲနွမ်းပါးမှုကို လျော့ကျနိုင်စေခြင်းကြောင့်လည်းကောင်း၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကျွဲ၊ နွားများ တရားဝင်တင်ပို့နိုင်ရန်  သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများနှင့် အချိန် ၂နှစ်ကျော်  ဆွေးနွေးညှိနှိုင်း ပြီးသည့် နောက်တွင် ကျွဲ၊ နွားအရှင်များကို တင်ပို့ရောင်းချခွင့်ပြုကြောင်း အမိန့်ကြော် ငြာစာ ထုတ်ပြန်ခဲ့ပါကြောင်း။

 

 

ကျွဲ၊ နွားတင်ပို့မှုကို တရားဝင်လမ်းကြောင်းပေါ် ရောက်ရှိရန်နှင့် ပြည်တွင်း မွေးမြူ ရေး တိုးတက်စေရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် ပူးပေါင်း၍ လုပ်ထုံးလုပ်နည်းနှင့် စည်းမျဉ်းစည်းကမ်းများ ရေးဆွဲထုတ်ပြန်ခဲ့ပါကြောင်း၊ မွေးမြူရေး နှင့် ကုသရေးဦးစီးဌာနကလည်း နိုင်ငံအတွင်း ကျွဲ၊ နွားအရင်းအမြစ်များ စဉ်ဆက် မပြတ် တည်တံ့စေရန် ထိန်းကျောင်း ဆောင်ရွက်နေပါကြောင်း၊ တရားဝင်တင်ပို့ခွင့် လျှောက်ထားလာပါကလည်း ကျွဲ၊ နွားများ၏ ကျန်းမာရေး စိစစ်ဆောင်ရွက်ပေးလျက် ရှိသကဲ့သို့ ဒေသအတွင်း တိရစ္ဆာန်အရင်းအမြစ်များ လုံလောက်မှု ရှိ/မရှိကိုလည်း စိစစ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ တင်ပို့ခွင့်ပြုရာတွင်လည်း ပို့ကုန်လိုင်စင် ၁စောင်လျှင် အများဆုံး အကောင် ၁၀ဝသာ ခွင့်ပြုထားပါကြောင်း၊ လက်ရှိတွင် တရုတ်နိုင်ငံ၊ ထိုင်း နိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများသို့ တရားဝင်တင်ပို့နေပြီ ဖြစ်ပါကြောင်း၊ တရားဝင် တင်ပို့ခွင့်ပြုလိုက်သည့်အတွက် တောင်သူများအနေဖြင့် ၄င်းတို့၏ ကျွဲ၊ နွားများ ဈေး ပိုမိုရရှိခဲ့ပါကြောင်း၊ ပြည်တွင်း ကျွဲ၊ နွားမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် အတွက် မွေးမြူရေး ဇုန် ၂၈ ဇုန်ကို ဖော်ထုတ်၍ လည်းကောင်း၊ ကျွဲ၊ နွား၊ သိုး၊ ဆိတ် အစုအဖွဲ့များ ဖွဲ့စည်း၍လည်းကောင်း ဆောင်ရွက်လျက်ရှိပါကြောင်း။

 

 

ကျွဲ၊ နွားများအား တရားဝင် တင်ပို့ခွင့်ပြုပေးခြင်းသည် တောင်သူများ တစ်ပိုင်တစ်နိုင် ကျွဲ၊ နွားမွေးမြူခြင်းဖြင့် မိမိလယ်ယာလုပ်ငန်းများတွင် ကျွဲ၊ နွားလိုအပ် ချက်ကို ဖြည့်ဆည်းပေးနိုင်မည် ဖြစ်သကဲ့သို့ ကျွဲ၊ နွားများတရားဝင်တင်ပို့နိုင်ခြင်း ကြောင့် အပိုဝင်ငွေများ ရရှိပြီး လူနေမှု အဆင့်အတန်းကို မြင့်မားစေနိုင်မည် ဖြစ်သည့် အပြင် တောင်သူများ အကျိုးစီးပွား ဖြစ်ထွန်းခြင်း၊ နိုင်ငံတော်အခွန်အခများ တိုးတက် ရရှိခြင်း၊ ကုန်သွယ်မှုပမာဏတိုးလာစေခြင်း၊  ပြည်တွင်းအသားနှင့် နို့ထုတ်လုပ်စားသုံး မှုတိုးတက်ခြင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာစေခြင်း၊ ကျေးလက်ဒေသတွင် အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက်ရရှိစေခြင်းစသည့် အကျိုးကျေးဇူးများ ရရှိ မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့ သဘောထားအနေဖြင့် လွှတ်တော် အစည်း အဝေးမှ အဆို အပေါ် ဆုံးဖြတ်ပေးရန် ဖြစ်ပါကြောင်း၊ ဖြစ်နိုင်မည်ဆိုပါက အဆိုကို အတည်မပြုဘဲ မှတ်တမ်းအနေဖြင့် ထားရှိပေးရန် ဖြစ်ပါကြောင်း ရပြောကြားသည်။

 

 

ဆက်လက်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာအောင်သူက အဆိုအား မှတ်တမ်းတင်ထားရှိရန် ရှင်းလင်းသည်။ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အဆိုရှင်၏ သဘောထားမေးမြန်းရာ အဆိုအား အတည်ပြုလိုသဖြင့် စက်ခလုတ်အသုံးပြု၍ မဲခွဲဆုံးဖြတ်ရာ  ထောက်ခံမဲ ၂၃ မဲ၊ ကန့်ကွက်မဲ ၂၀၆ မဲနှင့် ကြားနေမဲ ၁၀၉ မဲဖြင့် ထောက်ခံမဲနည်းသဖြင့် အဆိုအား မှတ်တမ်းတင် စောင့်ကြည်မည်ဖြစ်ကြောင်း ကြေညာသည်။ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို သြဂုတ် ၆ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

 

 

အေးအေးသန့်(သတင်းစဉ်)