ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး စတုတ္ထနေ့ ကျင်းပ

နေပြည်တော် ၂ သြဂုတ်

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော် ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ ကြယ်ပွင့်ပြမေးခွန်းများနှင့် စပ်လျဉ်း၍ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းနှင့် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူတို့က ရှင်းလင်းဖြေကြားကြသည်။

 

အစည်းအဝေးတွင် မြောက်ဦး မဲဆန္ဒနယ်မှ ဦးဦးလှစော၏ တိုင်းရင်းမီဒီယာများ ရှင်သန်ဖွံ့ဖြိုးရေးအတွက်  တိုင်းရင်းသားသတင်းမီဒီယာကျောင်း (ကောလိပ်) ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍  ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့တို့ပေါင်းစပ်၍ ပြန်ကြားရေးဝန်ကြီးဌာနကိုယ်စား ရှင်းလင်းဖြေကြား မည်ဖြစ်ပါကြောင်း၊ ပထမဦးစွာ တိုင်းရင်းမီဒီယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍ လက်ရှိဆောင်ရွက်နေမှုများကို အကျဉ်းမျှ တင်ပြလိုပါကြောင်း၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ တောင်ပေါ်၊ မြေပြန့်ဒေသအသီးသီးတွင် တိုင်းရင်းသား လူမျိုးပေါင်း ၁၀ဝ ကျော် မှီတင်း နေထိုင်လျက်ရှိကြပါကြောင်း။

 

နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းရင်းသားလူမျိုးများ၏ ဒေသအသီးသီးတွင် လူမှုစီးပွားတိုးတက်မြင့်မားရေးအတွက် ဆောင်ရွက်ရာတွင် တိုင်းရင်းမီဒီယာများ၏ အခန်းကဏ္ဍသည်လည်း အရေးကြီးသည့် အခန်းကဏ္ဍတစ်ခုအနေဖြင့် အပါအဝင် ဖြစ်ပါကြောင်း၊  ၂၀၁၂ ခုနှစ် သြဂုတ်လမှစ၍ ကြိုတင်စိစစ်သည့် ဆင်ဆာစနစ် (Pre-Publication Censorship) ဖျက်သိမ်းပြီး နောက်ပိုင်း ပုဂ္ဂလိကမီဒီယာများ၏ အခန်းကဏ္ဍလျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ ယခင်က ပြည်ပနှင့်နယ်စပ် ဒေသများတွင် အခြေချခဲ့သည့် တိုင်းရင်းမီဒီယာ အများစုအပါအဝင် မီဒီယာများသည် ပြည်တွင်းသို့ ဝင်ရောက်အခြေပြုလာခဲ့ကြပါကြောင်း။

 

တိုင်းရင်းသားမီဒီယာအချို့စုပေါင်း၍ နိုင်ငံတကာမြန်မာ့သတင်းအဖွဲ့ (Burma News International-BNI) ကို အဖွဲ့ဝင် ၁၁ ဦးနှင့် ၂၀၁၃ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ ပြီး ယခုအခါ အဖွဲ့ဝင် ၁၃ ဦး ရှိသည်ဟု သိရပါကြောင်း၊ BNI အဖွဲ့ဝင်မဖြစ်သေးသည့် တိုင်းရင်းမီဒီယာအများအပြား ရှိနေသေးကြောင်းကိုလည်း သိရှိရပါကြောင်း၊ BNI အဖွဲ့မှ ဦးစီးပြီး ၂၀၁၃ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ တိုင်းရင်းမီဒီယာညီလာခံ စုစုပေါင်း (၆) ကြိမ်ကို နှစ်စဉ်ပြည်နယ်အသီးသီးတွင် ကျင်းပနိုင်ခဲ့ပြီး ယင်းညီလာခံများကို ပြန်ကြားရေးဝန်ကြီးဌာနနှင့် သက်ဆိ်ုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးတို့၏ ပူးပေါင်းအားပေးမှုတို့ဖြင့် ဆောင်ရွက်နိုင်ခဲ့ခြင်းများသည် တိုင်းရင်းမီဒီယာဖွံ့ဖြိုးတိုးတက်ရေးကို များစွာ အထောက်အကူပြုစေကြောင်းကို တွေ့ရှိရပါကြောင်း။

 

ဆက်လက်၍ ပြန်ကြားရေးဝန်ကြီးဌာန၏ တိုင်းရင်းမီဒီယာဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြလိုပါကြောင်း၊ မျက်မှောက်ကာလတွင် ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံပိုင်မီဒီယာများဖြစ်သည့် မြန်မာ့ရုပ်မြင်သံကြား၏ တိုင်းရင်းသားလူမျိုးများ ရုပ်သံလိုင်းတွင် ၂၀၁၃ ခုနှစ် အောက်တိုဘာ ၁၅ ရက်မှစတင်၍ တိုင်းရင်းသားဘာသာ ၁၁ ဘာသာ(ရခိုင်၊ ရှမ်း၊ ‘ဝ’၊ ကချင်၊ ကယား၊ စကောကရင်၊ အနောက်ပိုးကရင်၊ အရှေ့ပိုင်းကရင်၊ ချင်း(လိုင်ဇိုး)၊ ချင်း(ချိုး)၊ မွန်)တို့ဖြင့် ထုတ်လွှင့်ပေးလျက်ရှိပါကြောင်း၊ ထုတ်လွှင့်ချိန် တစ်သမတ်တည်း မဖြစ်စေရေးအတွက် ၄ လတစ်ကြိမ် အက္ခရာစဉ်လိုက် ပြောင်းလဲထုတ်လွှင့်ပေးလျက် ရှိပါကြောင်း၊ အလားတူ မြန်မာ့အသံ(ရေဒီယို)တွင် တိုင်းရင်းသားရေဒီယိုအစီအစဉ်ကို တိုင်းရင်းသားဘာသာ (၁၇) ဘာသာ(ရှမ်း၊ ချင်း(လိုင်းဇိုး)၊ ချင်း(ချိုး)၊ ရခိုင်၊ ‘ဝ’၊ ကိုးကန့်၊ ပအိုဝ်း၊ ဓနု၊ ကချင်၊ ဂေဘား၊ မွန်၊ အနောက် ပိုးကရင်၊ အရှေ့ပိုးကရင်၊ စကောကရင်၊ ကယား၊ ကယန်း၊ ဂေခို)ဖြင့် ထုတ်လွှင့်ပေးလျက်ရှိပါကြောင်း။

 

ကိုယ်ပွားသတင်းစာတိုက် (မော်လမြိုင်)မှ မွန်ဘာသာ၊ စကောကရင်ဘာသာ၊ ပိုးကရင်ဘာသာ၊ ပအို့ဝ်ဘာသာတို့ဖြင့် ၂၀၁၄ ခုနှစ်  သြဂုတ် ၁ ရက်မှစ၍ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ရောင်စုံစာမျက်နှာ(၄) မျက်နှာဖြင့် မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာများတွင် ထည့်သွင်းထုတ်ဝေဖြန့်ချိ ပေးလျက်ရှိပါကြောင်း၊ တိုင်းရင်းသားကဏ္ဍ (ကချင်ဘာသာ) အချပ်ပိုကို ၂၀၁၇ ခုနှစ် စက်တင်ဘာ ၉ ရက်မှစ၍ တစ်ပတ် (၁) ကြိမ် စနေ့နေ့တိုင်း ကိုယ်ပွားသတင်းစာတိုက် (မန္တလေး)တွင် ပုံနှိပ်ထုတ်ဝေ၍ ကချင်ပြည်နယ် အတွင်းဖြန့်ချိလျက်ရှိပါကြောင်း၊ တိုင်းရင်းသားကဏ္ဍ (မြန်မာဘာသာ)ကို ကြေးမုံ သတင်းစာ အတွင်း၌ပင် ၂၀၁၇ ခုနှစ် စက်တင်ဘာ ၃၀ ရက်မှစ၍ အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေ၍ အချပ်ပိုအဖြစ် ညှပ်ကာဖြန့်ချိလျက်ရှိပါကြောင်း။

 

ထိုနည်းတူစွာ ရွှီပြည်ရခိုင်ပုံရိပ်(ရခိုင်ဘာသာ) အချပ်ပိုကို ၂၀၁၇ ခုနှစ် စက်တင်ဘာ ၂၀ ရက်မှစ၍ ကိုယ်ပွားသတင်းစာတိုက် (စစ်တွေ)တွင် ပုံနှိပ်ထုတ်ဝေကာ ရခိုင်ပြည်နယ်အတွင်း အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ဖြန့်ဝေလျက်ရှိပါကြောင်း၊ ရခိုင် ရွှေမြေအထူးကဏ္ဍ (မြန်မာဘာသာ)ကိုလည်း ၂၀၁၇ ခုနှစ် အောက်တိုဘာ ၅ ရက်မှစ၍ ကိုယ်ပွားသတင်းစာတိုက်(စစ်တွေ)တွင်ပင် ပုံနှိပ်ကာ အပတ်စဉ် ကြာသပတေးနေ့တိုင်း ရခိုင်ပြည်နယ်အတွင်း ဖြန့်ဝေလျက်ရှိပါကြောင်း။

 

တစ်ဆက်တည်းတွင် ယခုအစိုးရ လက်ထက်တွင် စတင်ဖွဲ့စည်းခဲ့သည့် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၏ ဆောင်ရွက်နေမှုကို အကျဉ်းမျှ တင်ပြလိုပါကြောင်း၊ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန တိုင်းရင်းသားလူမျိုးများ၏ စီးပွားရေးဆိုင်ရာ အချက်အလက်များကဏ္ဍ၊ ငြိမ်းချမ်းရေးနှင့် တိုင်းရင်းသားမီဒီယာ ကဏ္ဍနှင့် တိုင်းရင်းသား သယံဇာတခွဲဝေ အသုံးချမှုကဏ္ဍတို့နှင့် ပတ်သက်၍ တိုင်းရင်း သားလူမျိုးများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ဖိုရမ်ကို ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁၈ ရက်မှ ၁၉ ရက်အထိ နေပြည်တော်တွင် ကျင်းပခဲ့ပါကြောင်း၊ ယင်းဖိုရမ်တွင် ငြိမ်းချမ်း ရေးနှင့် တိုင်းရင်းသားမီဒီယာကဏ္ဍတွင် မီဒီယာနှင့် ပတ်သက်သည့် ဖော်ထုတ်ရရှိချက် ၉ ချက် ရရှိခဲ့ပြီး တိုင်းရင်းသားမီဒီယာသင်တန်းကျောင်းဖွင့် လှစ်နိုင်ရေး အချက်သည်လည်း အပါအဝင်ဖြစ်ပါကြောင်း၊ တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာနက တိုင်းရင်းသားမီဒီယာများရှင်သန် ဖွံ့ဖြိုးရေးအတွက် တိုင်းရင်းသားသတင်းမီဒီယာကျောင်း (ကောလိပ်) ဖွင့်လှစ်နိုင်ပါက သင့်မြတ်ကောင်းမွန်မှုရှိသည်ကို ဖြေကြားထား ပါကြောင်း။

 

ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့်  တိုင်းရင်းသားမီဒီယာများ ရှင်သန်ဖွံ့ဖြိုးရေး အရေးပါပုံကို ကောင်းစွာအသိအမှတ်ပြုသော်လည်း တိုင်းရင်းသားသတင်းမီဒီယာ ကျောင်း(ကောလိပ်) ဖွင့်လှစ်ပေးရန် လောလောဆယ်တွင် အစီအစဉ် မရှိသေးကြောင်းကို ဖြေကြားလိုပါကြောင်း၊

 

တိုင်းရင်းသား သတင်းမီဒီယာကောလိပ် ဖွင့်လှစ်ခြင်းကို ပြန်ကြားရေးဝန်ကြီးဌာနက စီစဉ်ဆောင်ရွက်ခြင်းထက် လက်ရှိတွင် သတင်းစာ အတတ်ပညာသင်ကြားပို့ချလျက်ရှိသည့် ပညာရေးဝန်ကြီးဌာနနှင့် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနတို့ ညှိနှိုင်းဆောင်ရွက်ခြင်းက ပိုမိုသင့်လျော်ကောင်းမွန်မည် ဖြစ်ပါကြောင်း။

 

ပညာရေးဝန်ကြီးဌာနအနေဖြင့်  ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်မြို့နယ် အမျိုးသား စီမံခန့်ခွဲမှုပညာ ဒီဂရီကောလိပ်တွင် သတင်းအတတ်ပညာဌာန(Journalism Department) စနစ်တကျ ဖွင့်လှစ်ထားပြီး ၄ နှစ်ကြာသင်ရိုးညွှန်းတမ်းများကို ယူနက်စကို၏ ပံ့ပိုးမှုဖြင့် နိုင်ငံတကာ အဆင့်မီရေးဆွဲသင်ကြားပေးလျက်ရှိပြီး သင်တန်းအောင်မြင်သူများကို B.A(Journalism) ဘွဲ့ကို ချီးမြှင့်လျက်ရှိပါကြောင်း။

 

နိဂုံးချုပ်အနေဖြင့် တိုင်းရင်းသားသတင်းမီဒီယာကျောင်း (ကောလိပ်) ဖွင့်လှစ်ရန် ကိစ္စကို ပညာရေးဝန်ကြီးဌာန၊ တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ၏ ပေါင်းစပ်ညှိနှိုင်းမှုဖြင့် အကောင်အထည်ဖော်ရန် သင့်တော်ပါကြောင်းနှင့် ပြန်ကြားရေးဝန်ကြီး ဌာနအနေဖြင့် လိုအပ်ချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းပံ့ပိုးကူညီ ပေးမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။

 

မောက်မယ် မဲဆန္ဒနယ်မှ ဦးစိုင်းငေါင်းဆိုင်ဟိန်း၏ ၂၀၁၇- ၂၀၁၈ ခုနှစ်၌ ကျင်းပခဲ့သည့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအဆင့် အုပ်ချုပ်ရေးမှူးများ ရွေးချယ်တင်မြှောက်ပွဲများတွင် မည်သည့်ငွေစာရင်းခေါင်းစဉ်ဖြင့် စီစဉ်ဆောင်ရွက်ခဲ့ပါသနည်း၊ နောင်တွင်ကျင်းပမည့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ရွေးချယ်ပွဲများတွင် အဆင်ပြေစွာ ကျင်းပဆောင်ရွက်သွားနိုင်ရန် ဘဏ္ဍာငွေစာရင်းခေါင်းစဉ်သီးသန့် ခွဲဝေချမှတ်ပေးရန် အစီအစဉ်ရှိ၊ မရှိနှင့် သက်ဆိုင်ရာ ကျေးရွာတာဝန်ခံများကိုလည်း ချီးမြှင့်ထောက်ပံ့ငွေ သတ်မှတ်ပေးရန် အစီအစဉ်ရှိ၊ မရှိ သိလိုခြင်းနှင့်စပ်လျဉ်း၍  ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက ၂၀၁၇-၂၀၁၈ ခုနှစ်၌ ကျင်းပခဲ့သည့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအဆင့် အုပ်ချုပ်ရေးမှူးများ ရွေးချယ် တင်မြှောက်ရေးနှင့် စပ်လျဉ်း၍ နိုင်ငံတော်သမ္မတရုံး၏ ၂၀၁၇ ခုနှစ် အောက်တိုဘာ ၁၇ ရက် ရက်စွဲ ဖြင့် ညွှန်ကြားချက်အရ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ရွေးချယ်မှုအား တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့မှ ကြီးကြပ်ဆောင်ရွက် ခဲ့ပါကြောင်း၊ ၂၀၁၁ ခုနှစ် အောက်တိုဘာ ၁ ရက်မှစ၍ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ရုံးချုပ်နှင့် ပြည်ထောင်စုနယ်မြေအတွင်းရှိ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးများ၏ ဘဏ္ဍာငွေအရ အသုံးကိစ္စရပ်များကို ပြည်ထောင်စုဘဏ္ဍာငွေ အစီအစဉ်ဖြင့်လည်းကောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရလက်အောက်ရှိ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးအဆင့်ဆင့်မှ ဘဏ္ဍာငွေအရအသုံးကိစ္စရပ်များကို သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် လည်းကောင်း ရေးဆွဲ ဆောင်ရွက်ခဲ့ပါကြောင်း။

 

ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်ချုပ်ရေးမှူးများ၏ လစဉ်ချီးမြှင့် ထောက်ပံ့ငွေအား ၇၀ဝ၀ဝ ကျပ်နှုန်းဖြင့် စရိတ်ချီးမြှင့်ငွေ ခေါင်းစဉ်အောက်မှလည်းကောင်း၊ အုပ်ချုပ်ရေးမှူးရုံးတစ်ရုံး၏ ရုံးအသုံးစရိတ်ကို ကျပ် ၅၀ဝ၀ဝ နှုန်းဖြင့် ပစ္စည်းလုပ်အားခ ခေါင်းစဉ်အောက်မှလည်းကောင်း ချီးမြှင့်ထောက်ပံ့ရန် ညွှန်ကြားထားပြီးဖြစ်ပါကြောင်း၊ ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်ချုပ်ရေးမှူးများ ရွေးချယ်တင်မြှောက်ပွဲ ပြုလုပ်မည့် ကုန်ကျစရိတ်အတွက် ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်ချုပ်ရေးမှူးဥပဒေ ပုဒ်မ ၂၉ အရ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့်  မြို့နယ်အလိုက် လစဉ်ပုံမှန်ခွဲဝေချထားပေးသည့် ငွေစာရင်းခေါင်းစဉ်မှ ကျခံသုံးစွဲ နိုင်ပါကြောင်း၊ အဆိုပါ ငွေစာရင်းခေါင်းစဉ် အောက်တွင်ရှိသည့် ငွေစာရင်းခေါင်းစဉ်ကွဲများမှာ  လုပ်အားခ၊ ငှားရမ်းခ၊ သယ်ယူပို့ဆောင်ခ၊ ရုံးအသုံး အဆောင်၊ ဓာတ်ဆီ၊ စက်ဆီ၊ ချောဆီ၊ တံဆိပ်ခေါင်း၊ ကြေးနန်း၊ တယ်လီဖုန်း၊ လျှပ်စစ် ဓာတ်အားခ၊ စာအုပ်စာနယ်ဇင်း သတင်းစာ၊ ပုံနှိပ်ခ စသည်တို့ ဖြစ်ပါကြောင်း။

 

 

ထို့အပြင် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲများ အဆင်ပြေစွာ ကျငး်ပဆောင်ရွက်နိုင်ရန်အတွက် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ၂၀၁၇ ခုနှစ် ဧပြီ ၁ ရက် ရက်စွဲပါ အမိန့်ကြော်ငြာစာဖြင့် ထုတ်ပြန်သတ်မှတ်ခဲ့သော ဘဏ္ဍာရေးစီမံခန့်ခွဲ မှုဆိ်ုင်ရာစည်းမျဉ်းအပိုဒ် ၅၅၊ အပိုဒ်ခွဲ (ဂ) ပါ ပြဋ္ဌာန်းချက်အရ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုချက်ရရှိပြီးသည့် ဌာန၊ အဖွဲ့အစည်းများ၏ အသစ်ဖြစ်သော အသုံးစရိတ်များ ကျခံနိုင်ရန်လိုငွေကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများ၏ အခြားငွေစာရင်းခေါင်းစဉ် တစ်ခုခုအောက်ရှိ ပိုလျှံငွေမှ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ရန်ပုံငွေလွှဲပြောင်း သုံးစွဲနိုင်ပါကြောင်း၊  ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေးမှူးများ ရွေးချယ်ရန် ဘဏ္ဍာရေးရန်ပုံငွေ တင်ပြတောင်းခံမှု မပြုလုပ်မီ ကြိုတင်သိရှိရပါက ငွေလုံးငွေရင်း အသုံးစရိတ်တွင် ထည့်သွင်းတင်ပြတောင်းခံ၍  သက်ဆိုင်ရာ တိုုင်းဒေသကြီး၊ ပြည်နယ်အစိုးရ အဖွဲ့များမှ ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်းများနှင့်အညီ ခွင့်ပြု ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေး ဥပဒေတွင် ကျေးရွာတာဝန်ခံများအား ချီးမြှင့်ထောက်ပံ့ငွေသတ်မှတ်ပေးရန် ပြဋ္ဌာန်းထားခြင်းမရှိသဖြင့် ချီးမြှင့်ထောက်ပံ့ငွေ ပေးအပ်ခြင်းမရှိပါကြောင်း။

 

ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ရွေးချယ်ပွဲများတွင်  ကျခံသုံးစွဲရမည့် အသုံးစရိတ်များနှင့်စပ်လျဉ်း၍ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းနှင့်အညီ ကျခံသုံးစွဲလျက်ရှိသဖြင့် သီးသန့်ငွေစာရင်းခေါင်းစဉ် သတ်မှတ်ပေးရန် အစီအစဉ်မရှိပါကြောင်း၊ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေးဥပဒေတွင် ကျေးရွာတာဝန်ခံများအား ချီးမြှင့်ထောက်ပံ့ငွေသတ်မှတ်ပေးရန် ပြဋ္ဌာန်းထားခြင်းမရှိသဖြင့် ချီးမြှင့်ထောက်ပံ့ ငွေပေးအပ်ခြင်းမရှိပါကြောင်း ရှင်းလင်းဖြေကြားသည်။

 

ဆက်လက်၍ မူဆယ် မဲဆန္ဒနယ်မှ ဦးစိုင်းဖိုးမြတ်၊ တောင်ကုတ် မဲဆန္ဒနယ်မှ ဒေါ်နီနီမေမြင့်၊ တမူး မဲဆန္ဒနယ်မှ ဦးနိုင်နိုင်ဝင်းနှင့် လှိုင်မဲဆန္ဒနယ်မှ ဦးအောင်ကျော်ကျော်ဦးတို့၏ မေးခွန်းများနှင့် စပ်လျဉ်း၍  ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက ရှင်းလင်းဖြေကြားသည်။

 

ထို့နောက်  ဘီးလင်း မဲဆန္ဒနယ်မှ ဦးတင်ကိုကိုဦး (ခ) ဦးအတွတ်က အစိုးရဌာန အဖွဲ့အစည်းများ၏ ဝန်ဆောင်ပေးမှုများကို ပြည်သူများ အမှန်တကယ် ရရှိခြင်းဖြင့် အစိုးရနှင့် ပြည်သူကြား အပြန်အလှန် ယုံကြည်မှုမြင့်တက်စေပြီး ဒီမိုကရေစီစနစ်ကို ပီပြင်စွာ အကောင်အထည်ဖော်ရာတွင် အထောက်အကူပြုနိုင်သောကြောင့် One Stop Shop ကို  One Stop Service  သို့ အဆင့်မြှင့် အကောင်အထည်ဖော်ဆောင်ပေးပါရန် ပြည်ထောင်စုအစိုးရကို တိုက်တွန်းကြောင်း အဆိုကို တင်သွင်းရာတွင်  ဒုတိယဝန်ကြီးက မြန်မာနိုင်ငံ တစ်နိုင်ငံလုံးတွင် ပြည်သူ့ဝန်ဆောင်မှုရုံး (OSS) များကို ၂၀၁၅ ခုနှစ် ဇူလိုင် ၇ ရက်မှ စ၍ စတင်ဖွင့်လှစ်သည်ကို သိရှိရပါကြောင်း၊ ပြည်သူ့ ဝန်ဆောင်မှုရုံး One Stop Shop ရုံးများကို  မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးများတွင် ဖွင့်လှစ်ထားပြီး ရည်ရွယ်ချက် ၄ ချက်ကို အကောင်အထည်ဖော် ဆောင်ရွက်နေပါကြောင်း။

 

ဒီမိုကရေစီကို ပီပြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်ရန် အမှန်တကယ် အရေးကြီးဆုံးသည် အစိုးရနှင့် ပြည်သူအကြား အပြန်အလှန်ယုံကြည်မှု၊ လေးစားမှု၊ နားလည်မှု တို့ဖြစ်ပါကြောင်း၊ ပြည်သူများ၏ယုံကြည်မှုကို ရရှိရန်အတွက် အစိုးရဌာန အဖွဲ့အစည်းများက ပြည်သူကို မည်သည့်ဝန်ဆောင်မှုများ ပေးနိုင်သနည်း ဆိုသည့် အချက်သည် အရေးကြီးပါကြောင်း၊ ပြည်သူကလည်း အစိုးရနှင့် အတူတူ ပူးပေါင်းဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ဝန်ဆောင်မှုကိုလည်း မှန်မှန်ကန်ကန် ရရှိခံစားနိုင်မည်ဖြစ်ပါကြောင်း၊ One Stop ဆိုသည်မှာ တစ်ခါတည်း တစ်ထိုင်တည်း ဝန်ဆောင်မှုရယူရန် သက်သက်သာမဟုတ်ဘဲ တစ်နေရာတည်းဖြစ်စေ၊ တစ်ထိုင်တည်းဖြစ်စေ၊ ပြန်လည်ချိန်းဆိုသည့်နေ့ရက်တွင်ဖြစ်စေ ပြည်သူ့ဝန်ဆောင်မှုရုံးကို ပြန်လာပြီး ဝန်ဆောင်မှုရယူသည်ကို ဆိုလိုခြင်းဖြစ်ပါကြောင်း။

 

ပြည်သူများသည် မိမိအတွက် လိုအပ်သည့် ဝန်ဆောင်မှုတစ်ခုခုကို OS Service တစ်နေရာတည်း(တစ်ခုတည်း)မှ ရမည်ဆိုလျှင် ယင်းနေရာတွင် ဝန်ဆောင်မှု တစ်ခုအတွက် ထိုက်သင့်သည့် အချိန်ကာလတစ်ခု သတ်မှတ်ထားမည်ဆိုလျှင် ပို၍ သငေ့်တာ်ကောင်းမွန်မည် ဖြစ်ပါကြောင်း၊  အစိုးရဌာနအဖွဲ့များ၏ ဝန်ဆောင်ပေးမှုများကို  ပြည်သူများ အမှန်တကယ် ရရှိခြင်း၊  အစိုးရနှင့် ပြည်သူများ အပြန်အလှန်ယုံကြည်မှု မြင့်တက်စေခြင်း၊ ဒီမိုကရေစီစနစ်ကို ပီပြင်စွာ အကောင်ထည်ဖော်ရာတွင် အထောက်အကူပြုနိုင်သောကြောင့် One Stop Shop ကို One Stop Service သို့ အဆင့်မြှင့် အကောင်ထည်ဖော်ဆောင်ရွက်ပေးရန် ရှင်းလင်းတင်ပြသည်။

 

ယင်းအဆိုနှင့်စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်က သဘောတူသဖြင့် အဆိုအား လက်ခံဆွေးနွေးရန် ဆုံးဖြတ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာသည်။

 

ထို့နောက် ယင်းအဆိုအား ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်နိုင်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ကြေညာသည်။

 

ယင်းနောက် အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြု၍ ပေးပို့လာသော မြန်မာနိုင်ငံခရီးသွားလာရေးလုပ်ငန်း ဥပဒေကြမ်းနှင့် စပ်လျဉ်း၍  ပြင်ဆင်ချက် အဆိုတင်သွင်းထားသည့် လွှတ်တော်ကိုယ်စားလှယ်များ၏ ပြင်ဆင်ချက်အဆိုများကို ဥပဒေကြမ်းကော်မတီဝင်က ရှင်းလင်းတင်ပြပြီး လွှတ်တော်၏ အတည်ပြုချက် ရယူသည်။

 

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က အဆိုပါဥပဒေကြမ်း နှင့်စပ်လျဉ်း၍ ဥပဒေကြမ်းတစ်ရပ်လုံးကို ပြင်ဆင်ထားသည့် အပိုဒ်၊ အပိုဒ်ခွဲအလိုက် လွှတ်တော်က အတည်ပြုကြောင်းနှင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာသည်။

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို သြဂုတ် ၃ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

 

အေးအေးသန့်(သတင်းစဉ်)