ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ ကျင်းပ

နေပြည်တော်  ၆  သြဂုတ် 

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပရာ ကြယ်ပွင့်ပြမေးခွန်းများနှင့်စပ်လျဉ်း၍ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းတို့က ရှင်းလင်းဖြေကြားသည်။

 

အစည်းအဝေးတွင် မြန်အောင် မဲဆန္ဒနယ်မှ ဦးခင်မောင်လတ်၏ ရွှေကျင်-ထူး ကြီး လမ်းအရှည်၏ အလယ်တွင်ရှိသော မြန်အောင်မြို့နယ် တောင်ဘက်ဒေသ အရှေ့ အနောက်ထွက်ပေါက် အဓိက တံတားဖြစ်သည့် အုန်းနှဲကုန်းတံတားအား တည် ဆောက်ပေးနိုင်ခြင်းရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီးက ဧရာဝတီတိုင်း ဒေသကြီး မြန်အောင်မြို့နယ် အုန်းနှဲကုန်း (မမြချောင်းတံတား)သည် ဟင်္သာတ-ဆုံကုန်း- မြန်အောင်လမ်းမကြီးနှင့် ဆက်သွယ်ထားသည့် လမ်းမပေါ်တွင်တည်ရှိပြီး လမ်းအဆင့်သတ်မှတ်ချက်အရ Class(A)အဆင့်ရှိ လမ်းပေါ်တွင် တည်ရှိပါကြောင်း။

 

လမ်းရှိ ချောင်း၏အကျယ်မှ ပေ ၂၄၀ ရှိပြီး အမြင့် ၂၄ ပေခန့်ရှိပါ ကြောင်း၊ အဆိုပါတံတားသည် ထူးကြီးမြို့နှင့် ရွှေကျင်တိုက်နယ်ရှိ ကျေးရွာများအား ဆက်သွယ် ထားသောကျေးလက်လမ်းပေါ်တွင်ရှိပြီး အသစ်တည်ဆောက်ပေးရန် လိုအပ်သော တံတား ၁စင်းဖြစ်ပါကြောင်း၊ တံတားတည်ဆောက်ပြီးပါက ကျေးရွာပေါင်း ၅၂ ရွာ၊ အိမ်ခြေပေါင်း ၄၅၉၀နှင့် လူဦးရေပေါင်း၁၈၄၀ဝ တို့ကို အကျိုးပြုမည်ဖြစ်ပါ ကြောင်း၊ အုန်းနှဲကုန်း(မမြချောင်းတံတား)တည်ဆောက်ရေး လုပ်ငန်းအား ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ပါဝင်နိုင်ခြင်းမရှိသောကြောင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ရန်ပုံငွေခွဲဝေ လျာထားမှုအပေါ် မူတည်၍ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ရှင်းလင်း ဖြေကြားသည်။

 

မြေပုံ မဲဆန္ဒနယ်မှ ဦးဖေသန်း၏ မြေပုံမြို့နယ် ရေခေါင်းချိန်ကျေးရွာနှင့် အမ်းမြို့ နယ် ရူးကျေးရွာကို ဆက်သွယ်ပေးမည့်  ရူး-ရေခေါင်းချိန် ကျေးရွာချင်းဆက်မြေသား လမ်းနှင့် ယင်းလမ်းပေါ်ရှိ တံတားများအား ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ဆောင် ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီးက ရခိုင်ပြည်နယ် မြေပုံမြို့နယ်  ရူး-ရေခေါင်းချိန် ကျေးရွာချင်းဆက်လမ်း၏ လက်ရှိအခြေအနေတွင် မြေပုံမြို့နယ်အပိုင်းတွင် မြေသားလမ်း (၃/၄)မိုင်၊ အမ်းမြို့နယ်အပိုင်းတွင် မြေသားလမ်း ၄ မိုင် စုစုပေါင်း မြေသားလမ်း (၇/၄)မိုင်ရှိပြီး လမ်းသတ်မှတ်ချက်အရ Class(C)  ဦးစားပေး အဆင့်(၁) လမ်းဖြစ်ပါကြောင်း။

 

အဆိုပါလမ်းပေါ်တွင် ပေ ၁၈၀ အကျယ်ရှိ ရေခေါင်းချိန်ရွာချောင်းနေရာ၌ တံတား ၁စင်း၊ ပေ ၁၅၀အကျယ်ရှိ မညင်းပြွန်ချောင်းနေရာ၌ တံတား ၁စင်း၊ ပေ ၂၀ အကျယ်ရှိ ချမ်းဗိန်တူးမြောင်းနေရာ၌ တံတား ၁စင်း၊ ပေ ၃၀ အကျယ်ရှိ ဘုန်းကြီးပြွန် နေရာ၌ တံတား ၁ စင်းနှင့် ရေပြွန်များဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် အမ်းမြို့နယ်အပိုင်းတွင် မြေသားလမ်း (၁/၄)မိုင်အား ဆောင် ရွက်ခဲ့ရာ ရူးကျေး၇ွာထိပ်မှ (ဝ/၃)မိုင်ကို လယ်သမားများအား လျော်ကြေးပေးပြီး ဆောင်ရွက်နိုင်ခဲ့သော်လည်း ကျန်ရှိသော (၁/၁)မိုင်သည် လမ်းသမားများမှ လျော်ကြေး မဆမတန်တောင်းဆိုသဖြင့် ညှိနှိုင်းမရဘဲ ပြည်နယ်အစိုးရအဖွဲ့သို့ လုပ်ငန်းပြန်လည် အပ်နှံခဲ့ပါကြောင်း။

 

ရူး-ရေခေါင်းချိန် ကျေးရွာ ကျေးရွာချင်းဆက်လမ်းနှင့် တံတားများအား လယ်ယာမြေလျော်ကြေးငွေကိစ္စများ ဖြေရှင်းဆောင်ရွက်ပြီးပါက ဘဏ္ဍာရေးနှစ်အလိုက် ဘဏ္ဍာငွေ လျာထားထည့်သွင်းဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း  ရှင်းလင်း ဖြေကြား သည်။

 

 

မင်းတပ် မဲဆန္ဒနယ်မှ ဦးနေလင်းအောင်၏  မင်းတပ်မြို့နှင့် မကွီအိမ်နူးမြို့ကို ဆက်သွယ်ထားသော လမ်းပေါ်ရှိ အုံရွာနှင့် ကင်းလှိရွာကြား မုန်းချောင်းကိုဖြတ်၍ ကွန်ကရစ်တံတားတည်ဆောက်ပေးရန် အစီအစဉ်ရှိ၊ မရှိမေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယ ဝန်ကြီးက  ချင်းပြည်နယ် မင်းတပ်မြို့နှင့် မကွီအိမ်နူးမြို့ကို ဆက်သွယ်ထားသော လမ်းပေါ်ရှိ အုံရွာနှင့် ကင်းလှိရွာကြားရှိ မုန်းချောင်းတံတားသည် ဆောက်လုပ် ရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ စီမံခန့်ခွဲသော လမ်းပေါ်တွင် တည်ရှိသော တံတားဖြစ်ပါကြောင်း၊ အဆိုပါလမ်းပေါ်တွင် အရှည် ၂၂၇ ပေ၊ အကျယ် ၄ ပေရှိ မုန်းချောင်းကို ဖြတ်ကျော်သည့် ဆိုင်ကယ်ကူး ကြိုးတံတား ၁ စင်းရှိပြီး ကျေးရွာ ၁၄ ရွာနှင့် မကွီအိမ်နူးမြို့သစ်ရှိ ပြည်သူများ ရာသီမရွေး အသုံးပြုလျက်ရှိကြပါကြောင်း။

 

အုံကျေးရွာနှင့် ကင်းလှိကျေးရွာကြားရှိ မုန်းချောင်းကူးတံတား တည်ဆောက်ရန် အတွက် ၂၀၁၈-၂၀၁၉  ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေပါဝင်ခြင်းမရှိသေးသောကြောင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် လျာထားဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ရန်ပုံငွေ ခွဲဝေရရှိမှုအပေါ်မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

 

ကောလင်း မဲဆန္ဒနယ်မှ ဦးမျိုးဇော်အောင်၊ တိုက်ကြီး မဲဆန္ဒနယ်မှ ဦးကျော်မြင့် နှင့် ဆိပ်ဖြူ မဲဆန္ဒနယ်မှ ဦးအောင်သိုက်တို့၏ မေးခွန်းများနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုနှင့် ဒုတိယဝန်ကြီး ဦးကျော်လင်းတို့က  ရှင်းလင်း ဖြေကြားသည်။

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က အမျိုးသားလွှတ်တော်မှ ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့သော စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာ နည်း ဥပဒေများနှင့် စပ်လျဉ်း၍ အမျိုးသားလွှတ် တော်၏ ပြင်ဆင်ချက်များကို လွှတ်တော်သို့ အသိပေးပြီး လွှတ်တော်၏ အဆုံးအဖြတ်ရယူသည်။

 

အဆိုပါ နည်းဥပဒေများနှင့်စပ်လျဉ်း၍ လွှတ်တော် နှစ်ရပ် သဘောကွဲလွဲမှုရှိ သောကြောင့် ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်ရန် တင်ပြသင့် ကြောင်း ကို ဥပဒေကြမ်းကော်မတီဝင်က  အဆိုတင်သွင်းပြီး ပြည်ထောင်စုလွှတ်တော်သို့ ဆုံးဖြတ်ရန် တင်ပြမည်ဖြစ်ကြောင်းနှင့် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက  ကြေညာသည်။

 

ကော့မှူး မဲဆန္ဒနယ်မှ ဦးကျော်ဆွေဝင်း တင်သွင်းသည့် ပြည်ထောင်စုမြန်မာနိုင်ငံ တစ်ဝန်းတွင် BOT(Build, Operate,Transfer) စာချုပ်များဖြင့် ဆောင်ရွက်လျက်ရှိ ကြသော လမ်းမကြီးများသည် နိုင်ငံတော်နှင့် ချုပ်ဆိုခဲ့ကြသော စာချုပ်ပါ စည်းမျဉ်းစည်း ကမ်းအတိုင်း လိုက်နာဆောင်ရွက်ကြခြင်း ရှိ၊ မရှိ စိစစ်၍ တာဝန်ကျေ၊ တာဝန်ခံမှု မရှိ သူများကို အရေးယူဆောင်ရွက်မှုများပြုလုပ်ရန်နှင့် စည်းမျဉ်းစည်းကမ်းများအတိုင်း လိုက်နာလာစေရေး စီမံခန့်ခွဲထိန်းချုပ်ခြင်းဖြင့် နိုင်ငံတော်-ပုဂ္ဂလိက ပူးပေါင်းသည့် PPP( Private- Public Partnership) ပြည်သူ့ဝန်ဆောင်မှု စနစ်ကောင်းများဖြစ်ပေါ်လာစေရန်  ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်ကိုယ်စားလှယ်များ က ဆွေးနွေးကြသည်။

 

တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူး ရဲစိုးက BOT စနစ် ကျင့်သုံးခြင်းအားဖြင့် နိုင်ငံတော်အစိုးရနှင့် ဝန်ကြီးဌာနများ၏ အခြေခံအဆောက်အအုံ ဆောက်လုပ်ရမည့် ကုန်ကျစရိတ်များသက်သာစေပြီး ၄င်း အသုံးစရိတ်များကို အခြားကဏ္ဍများတွင် သုံးစွဲ နိုင်ခြင်း၊ အခြေခံအဆောက်အအုံများ တည်ဆောက်ရာတွင် ပုဂ္ဂလိက အခန်းကဏ္ဍများ ပါဝင်လာစေခြင်း၊ ဘဏ္ဍာငွေပိုမိုသုံးစွဲခြင်းကာကွယ်နိုင်ခြင်း၊ ပုဂ္ဂလိက ကဏ္ဍသို့ စွန့်စား မှုများ လွှဲပြောင်းပေးခြင်း၊ အခြေခံအဆောက်အအုံများ၏ စီးပွားရေးအလားအလာကို ပိုမိုသိနားလည်စေခြင်းစသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ပါကြောင်း။

 

BOT လမ်းများနှင် ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်များ ယခင်က မေးခွန်း များ မေးမြန်းခဲ့ကြသော်လည်း ဥပဒေပိုင်း၊ စည်းမျဉ်းစည်းကမ်းပိုင်း၊ ကြီးကြပ်ကွပ်ကဲမှု အပိုင်းများတွင် လိုအပ်ချက်များ ရှိနေဆဲဖြစ်ပြီး  အထူးသဖြင့် ကြီးကြပ်မှုအပိုင်းကို ပိုမို ဆောင်ရွက်ရန် လိုအပ်လျက်ရှိပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံလမ်းကွန် ရက်စနစ် ကောင်းမွန်တိုးတက်စေရန်အတွက် ရေတိုရေရှည်စီမံချက်များ ၂၀၃၀ ခုနှစ် အထိ  ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ Regulatory Body အဖြစ် ပြောင်းလဲရန် ဆောင်ရွက်နေကြောင်း သိရှိရပြီး ယင်းကဲ့သို့ ဆောင်ရွက်ခြင်းကြောင့် လုပ်ငန်းဆောင်ရွက်မှုများ ပိိုုမြန်ဆန်လာမည်ဖြစ်သော်လည်း ထိရောက်သည့်  ဥပဒေများ၊ လုပ်ထုံးလုပ်နည်း၊ စည်းကမ်းသတ်မှတ်ချက်များ လိုအပ်မည်ဖြစ်သကဲ့သို့ ကြီးကြပ်ကွပ်ကဲမှုအပိုင်းတွင်လည်း ထိရောက်ရန်အတွက် လိုအပ်နေမည်ဖြစ်ပါကြောင်း၊ ယခုအချိန်သည် နိုင်ငံတော်၏ အခြေခံဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရန် တည်ဆောက်ဆဲ ကာလဖြစ်သော ကြောင့် အစကောင်းမှ အနှောင်းသေချာမည်ဖြစ် သောကြောင့် အားနည်းချက်များကို အမြန်ဆုံးပြင်ဆင်ရန်၊ အားသာချက်များကို ပိုမို အားကောင်းစေရန် လုပ်ဆောင်သွားရမည်ဖြစ်ပါကြောင်း။

 

 

BOT စနစ်သည်  အစိုးရနှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များ အကျိုးတူပူးပေါင်းဆောင် ရွက်ကြသည့်အတွက် နှစ်ဦးနှစ်ဖက် အကျိုးရှိစေရုံသာမက ပြည်သူများလည်း အကျိုးခံ စားခွင့်ရရှိပြီး (Win-Win-Win Situation) ဖြစ်ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ လက်ရှိ ချုပ်ဆိုထားသည့် ပဋိညာဉ်စာချုပ်များကိုလည်း ခေတ်စနစ်နှင့် လျော်ညီရန် ကျွမ်းကျင် သူပညာရှင်များ၏ အကူအညီနှင့် လေ့လာသုံးသပ်ပြီး ပြင်ဆင်သင့်ပါက ပြင်ဆင်ရန် လိုအပ်မည်ဖြစ်သကဲ့သို့ BOT စနစ်နှင့် လမ်း၊ တံတား စသည့်အခြေခံအဆောက်အအုံ များကို အကျိုးတူပူးပေါင်းဆောင်ရွက်ရာတွင် ပွင့်လင်းမြင်သာမှုရှိစေရန် အလေးထား ဆောင်ရွက်ရမည်ဖြစ်ပြီး ခိုင်မာသည့် ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့် ထိန်းကျောင်း သွားရမည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် Regulatory Body အဖြစ် ရည်မှန်း ဆောင်ရွက်နေသည့်အတွက် (Publi Private Partnership)စနစ်ကို ဆောင်ရွက်မည် ဆိုလျှင် မူဝါဒ၊ ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ၊ အဖွဲ့အစည်းဆိုင်ရာ လုပ်ငန်း စွမ်း ဆောင်ရည်မြှင့်တင်ခြင်းများ၊ လူ့စွမ်းအားအရင်းအမြစ်နှင့် ငွေကြေးဆိုင်ရာ အရင်းအမြစ် များ၊ PPP စီမံကိန်းများအတွက် အစိုးရ၏ ပံ့ပိုးမှုများ၊ PPP လုပ်ငန်းစဉ်များနှင့် ဆက်စပ် သည့် အကြောင်းအရာများအတွက် ဥပဒေပိုင်းဆိုင်ရာများကို ပွင့်လင်းမြင်သာစွာ ကြိုတင်ပြင်ဆင်ထားသင့်ကြောင်း အကြံပြုဆွေးနွေးသည်။

 

မင်ဘူး မဲဆန္ဒနယ်မှ ဦးဝင်းဝင်းက ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အဆောက်အဦများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် BOT (Build, Operate,Transfer) အပါအဝင် စနစ် ၇ မျိုး လုပ်ကိုင်နေပြီး အစိုးရပိုင်မြေပေါ်တွင် လုပ်ကိုင်ရသည့်အတွက် တိကျသေချာသည့် စည်းမျဉ်းများ၊ စည်းကမ်းများနှင့် ကန့်သတ်ချက်အများအပြား ထည့်သွင်းကာ စာချုပ် ချုပ်ဆိုကြကြောင်း လေ့လာသိရှိရပါကြောင်း၊  BOT သည် PPP ဆိုသည့် (Private Public Partnership) ၏ လုပ်ငန်းစဉ်များထဲမှ တစ်ခု ဖြစ်ပါကြောင်း၊ PPP သည် ရင်းနှီး မြှုပ်နှံမှုပုံစံတစ်ခုဖြစ်ပြီး အစိုးရအနေဖြင့် ရင်းနှီးမြှုပ်နှံရန် အမှန်လိုအပ်နေသော်လည်း အရင်းအနှီးမလုံလောက်သည့်အခါ ဆောင်ရွက်ကြသည့် စနစ်ဖြစ်ပါကြောင်း။

 

အဆိုရှင် တင်ပြသွားသကဲ့သို့ စာချုပ်ပါ စည်းမျဉ်းစည်းကမ်းများအတိုင်း လိုက်နာ ဆောင်ရွက်ကြခြင်းရှိ၊ မရှိ သိနိုင်ရန်အတွက် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ရုံးတာဝန်ရှိ သူများထံတွင် စာချုပ်စည်းကမ်း၊ မိတ္တူများ ပေးထားရန်လိုအပ်ပါကြောင်း၊ သတ်မှတ်ထားသည့်  စည်းကမ်းများသည်

မည်သည့်အကြောင်းအရာဆိုသည်ကို ဒေသခံ မြို့နယ်အဆင့်၊ ခရိုင်အဆင့် တာဝန်ရှိသူများ သိရှိနေမှသာ ပိုမိုအဆင်ပြေမည် ဖြစ်ပါကြောင်း၊ လမ်းအသုံးပြုခများကိုလည်း သတ်မှတ်နှုန်းထားများအတိုင်း ကောက်ခံ စေရေးဆောင်ရွက်သင့်ပါကြောင်းနှင့် အဆိုအား ထောက်ခံပါကြောင်း ဆွေးနွေးသည်။

 

အလားတူ အောင်လံ မဲဆန္ဒနယ်မှ ဦးအောင်ထူးမြင့်၊ လေးမျက်နှာ မဲဆန္ဒနယ်မှ ဦးဇော်မင်းသိန်း၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မဲဆန္ဒနယ်မှ ဒေါက်တာဦးခင်မောင်မောင်၊ သိန္နီ မဲဆန္ဒနယ်မှ ဦးစိုင်းဦးခမ်း၊ ကျေးသီး မဲဆန္ဒနယ်မှ ဦးစိုင်းအောင်ကျော်၊ စဉ့်ကူး မဲဆန္ဒနယ်မှ ဒေါက်တာဦးဇော်ဝင်းမြင့်၊ တွံတေး မဲဆန္ဒနယ်မှ ဦးမြင့်လွင်၊ တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူး ဆွေမြင့်ဦး၊ ရွှေကူ မဲဆန္ဒနယ်မှ ဦးဇာနည်မင်း၊ ဂန့်ဂေါ မဲဆန္ဒနယ်မှ ဒေါ်ယဉ်မင်းလှိှုုင်၊ မုံရွာ မဲဆန္ဒနယ်မှ ဦးညွန့်အောင်၊ ဒီပဲယင်း မဲဆန္ဒနယ်မှ ဦးဝင်းမြင့်အောင်၊ ချောက် မဲဆန္ဒနယ်မှ ဦးဘိုကြီး၊ ကျောက်ဖြူ မဲဆန္ဒနယ်မှ ဦးဘရှိန်နှင့် ဒေးဒရဲ မဲဆန္ဒနယ်မှ ဒေါက်တာဒေါ်ခင်ညိုတို့က ဆွေးနွေးကြသည်။

 

ယင်းအဆိုနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဆောက်လုပ်ရေးဝန်ကြီး ဌာန  ဒုတိယဝန်ကြီး ဦးကျော်လင်းက B.O.T စာချုပ်ချုပ်ဆိုပြီး စာချုပ်ပါ စည်းကမ်းချက်အတိုင်း မလိုက်နာသည့် အတွက် ၂၀ဝ၆ခုနှစ်မှ ၂၀၁၆ခုနှစ် ၁၀နှစ်တာ ကာလအတွင်း ကုမ္ပဏီပေါင်း ၂၃ခု၊ လမ်း ပိုင်း ၃၂ခုကို ပြန်လည်သိမ်းဆည်းခဲ့ပြီး ဖြစ်ပါကြောင်း၊ ထိုသို့ သိမ်းဆည်းနိုင်ခဲ့သည့် အကြောင်းအရင်းအနေဖြင့် ကုမ္ပဏီများမှ ဆောက်လုပ်ရေးဝန်င်္ကြီးဌာနနှင့် B.O.T စာချုပ်ချုပ်ဆိုပြီး စတင်တည်ဆောက်ဆဲ ကာလအတွင်းတွင် အောင်မြင်အောင် မဆောင်ရွက်နိုင်သော ကုမ္ပဏီများကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ စီမံခန့်ခွဲရေး ကော်မတီအစည်းအဝေးဖြင့် ဆုံးဖြတ်ခဲ့ပြီး မိမိတို့ဝန်ကြီးဌာနတစ်ခုတည်း၏ အခွင့် အာဏာဖြင့်ပင် သိမ်းဆည်းနိုင်ခဲ့ခြင်း ဖြစ်ပါကြောင်း။

 

သို့သော် B.O.T စနစ်ဖြင့် ဆောင်ရွက်သော ကုမ္ပဏီများသည် သတ်မှတ်ကာလတွင် လုပ်ငန်းများ ပြီးစီးပါက သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များ ၏ ထောက်ခံချက်ဖြင့် B.O.Tနှုန်းနှင့် လမ်းအသုံးပြုခ ကောက်ခံခွင့်ရရှိပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ၏ ခွင့်ပြုမိန့်ကို ထုတ်ပေးခဲ့ပါကြောင်း၊ MIC ၏ခွင့်ပြု မိန့် ထုတ်ပေးပြီးသည့် အချိန်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန အနေဖြင့် အဆိုပါကုမ္ပဏီကို တိုက်ရိုက် အရေးယူ၍ မရနိုင်တော့ပါကြောင်း။

 

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေ အခန်း(၁၄)၊ ပုဒ်မ (၅၂)ဖြင့် ရင်းနှီးမြှုပ်နှံမှုကို အကာအကွယ် ပေးထားသောကြောင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ မိမိတို့ အရေးယူမည်ဆိုပါက MIC သို့ ဦးစွာတင်ပြရမည် ဖြစ်ပါကြောင်း၊ ထို့နောက် MIC မှ ကုမ္ပဏီကို တွေ့ဆုံမေးမြန်း၍ အဆိုပါကုမ္ပဏီမှ ပြန်လည်ရှင်းလင်း တင်ပြချက်ပေါ်  မူတည်ပြီးMIC၏ ဖြေကြားချက်ကို ပြန်လည်စောင့်ဆိုင်းရပါကြောင်း၊ အငြင်းပွားမှုရှိပါ က  မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေအရ အနုညာတခုံရုံးတွင် နှစ်ဦးနှစ်ဖက် အပြန် အလှန် ဖြေရှင်းရမည်ဖြစ်ပြီး ထိုသို့ ဖြေရှင်းရသည့်အပိုင်းသည် အချိန်များစွာယူပြီး ဆောင်ရွက်သွားရမည့် အခြေအနေပင် ဖြစ်ပါကြောင်း။

 

မိမိတို့ဝန်ကြီးဌာနအနေဖြင့် လမ်း/တံတားများနှင့် ပတ်သက်သော B.O.T အလုပ် ရုံဆွေးနွေးပွဲကို ဆောင်ရွက်ခဲ့ပါကြောင်း၊ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် B.O.T နှင့် ပတ်သက်သော မူဝါဒများကို အသစ်ပြန်လည် ရေးဆွဲရန်၊ စည်းမျဉ်းစည်းကမ်း ဥပဒေသ များကို အသစ်ပြန်လည်ရေးဆွဲရန်နှင့် B.O.T စာချုပ်များကို ပြင်ဆင်ချုပ်ဆိုရန်တို့ ကို အတည်ပြုနိုင်ခဲ့ပါကြောင်း၊  အဆိုပါ အချက်များကို P.P.P Law ရေးဆွဲမပြီးမီကာလ အတွင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ သဘောတူညီ ချက်ဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးသို့ တင်ပြ၍ အမြန်ဆုံး ဆောင်ရွက် သွားရန်ကိုလည်း ထည့်သွင်းဆုံးဖြတ်ခဲ့ပါကြောင်း။

 

ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် B.O.T ကုမ္ပဏီများ ချုပ်ဆိုထားသည့် စာချုပ်အရ အရပ်ကတိစာချုပ်လိုမျိုး ဖြစ်နေသည့်အတွက် ခိုင်မာမှုအားနည်းသည့် အပြင် B.O.T ကုမ္ပဏီများကို မြန်မာနိုုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေ အခန်း(၁၄)၊ အပိုဒ် (၅၂) မှ ပြန်လည်ကာကွယ်ပေးထားသည့်အတွက် အဆိုပါ ဥပဒေနှင့်ချုပ်ဆိုထားသည့် စာချုပ်သည် လိုက်လျောညီထွေမှု မရှိဘဲ စာချုပ်က ၁မျိုး၊ ဥပဒေက ၁မျိုးဖြင့် ဆန့်ကျင်ဘက် ဖြစ်နေမှုကို ဝန်ကြီးဌာနအနေဖြင့် အလုပ်ရုံဆွေးနွေးပွဲတွင် ချမှတ် ထားသည့်အတိုင်း ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန အနေဖြင့် B.O.T Task Force ဖွဲ့စည်း၍ B.O.T လုပ်ငန်းများကို အမြဲမပြတ် စစ်ဆေး ကြပ်မတ် ဆောင်ရွက်လျက်ရှိနေပြီး ရှေ့ဆက်၍ B.O.T လုပ်ငန်းများကို တိုးတက် အောင်မြင်ရန်အတွက် ကိုယ်စားလှယ်ကြီးများနှင့် ညှိနှိုင်းပေါင်းစပ်၍ တိုးတက်အောင် ဆောင်ရွက်သွားမည် ဖြစ်သည့်အတွက် လွှတ်တော်မှ အတည်ပြုပေးစေလိုပါကြောင်း ရှင်းလင်းပြောကြားသည်။

 

ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အဆိုနှင့်စပ်လျဉ်း၍  လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်က သဘောတူအတည်ပြုကြောင်း ကြေညာသည်။

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး သတ္တမနေ့ကို သြဂုတ် ၈ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

 

အေးအေးသန့်(သတင်းစဉ်)