ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမ ပုံမှန်အစည်းအဝေး အဋ္ဌမနေ့ ကျင်းပ

နေပြည်တော် ၁၀  သြဂုတ် 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး အဋ္ဌမနေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ ကြယ်ပွင့်ပြမေးခွန်းများနှင့် စပ်လျဉ်း၍  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်နှင့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်တို့က ဖြေကြားကြသည်။

အစည်းအဝေးတွင် ပန်းတောင်း မဲဆန္ဒနယ်မှ ဒေါ်ခင်နှင်းသစ်၏ မြစိမ်းရောင်စီမံ ကိန်းအား ပန်းတောင်းမြို့နယ်ရှိ ကျေးရွာများ၌ ထပ်မံတိုးချဲ့ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးလှကျော်က  ပြည်နယ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့များမှလည်း မြို့နယ်များအလိုက် စီမံကိန်းကျေးရွာများ  ခွဲဝေလျာထားပေးပါကြောင်း၊ မြို့နယ်အဆင့်တွင် လွှတ်တော်အသီးသီးမှ ကိုယ်စား လှယ်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများ၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများဖြင့် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးညှိနှိုင်း တိုင်ပင်ပြီး စီမံကိန်းလက်စွဲစာစောင်ပါ ကျေးရွာ ရွေးချယ်ရေးမူများနှင့်အညီ စီမံကိန်း ကျေးရွာများကို ပဏာမရွေးချယ်ပါကြောင်း။

ပန်းတောင်းမြို့နယ်တွင် မြစိမ်းရောင်စီမံကိန်းကို ကျေးရွာ ၂၃ ရွာတွင် ဆောင်ရွက်လျက်ရှိသည့်အပြင် လူထုဗဟိုပြုစီမံကိန်းကိုလည်း ကျေးရွာအားလုံးတွင် စီမံကိန်းစက်ဝန်း ၄ နှစ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ စီမံကိန်းများ ဆောင်ရွက်ခွင့်မရှိသေးသည့် အခြားမြို့နယ်များရှိ ကျေးရွာများကိုလည်း ဦးစားပေးဆောင်ရွက်ရမည် ဖြစ်သည့်အတွက် ပန်းတောင်းမြို့နယ်တွင် မြစိမ်းရောင် ကျေးရွာစီမံကိန်း ထပ်မံတိုးချဲ့ဆောင်ရွက်ပေးရန် လတ်တလော အစီအစဉ်မရှိသေးပါကြောင်း ရှင်းလင်းဖြေကြားသည်။

ထီးလင်း မဲဆန္ဒနယ်မှ ဦးမြတ်လေးဦး၏ ထီးလင်းမြို့နယ်အတွင်း ကျင်းကျေးရွာဒေသ၌ ကျေးရွာ ၉ ရွာ လျှပ်စစ်မီးရရှိရေး စီစဉ်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်  စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဒေါက်တာထွန်း နိုင်က မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ်အတွင်း ကျင်းကျေးရွာဒေသရှိ ကျေးရွာ ၉ ရွာတွင် အိမ်ခြေ ၁၀ဝ၀ ခန့်ရှိပြီး အနီးဝန်းကျင်တွင် ဖြတ်သန်းသွားသော ဓာတ်အားလိုင်းမှာ ၆၆ ကေဗွီ ပေါက်-ကျောက်ထု ဓာတ်အားလိုင်းဖြစ်ပါကြောင်း၊  အဆိုပါ ဓာတ်အားလိုင်းသည် ကျေးရွာများသို့ တိုက်ရိုက်ဓာတ်အား ဖြန့်ဖြူးရရှိနိုင်သည့် ၁၁ ကေဗွီ ဓာတ်အားလိုင်း အမျိုးအစား မဟုတ်ပါကြောင်း၊ ထပ်ဆင့်ခွဲရုံများ အဆင့်ဆင့် တည်ဆောက်ပြီးမှသာ ဓာတ်အားဆက်သွယ်ရရှိနိုင်ပါကြောင်း။

ကျေးရွာ ၉ ရွာအား ဓာတ်အားစနစ်မှ ဓာတ်အားဖြန့်ဖြူးပေးနိုင်ရေးကိစ္စအား နည်းပညာနှင့် အဆိုပါဒေသ၏ မြေမျက်နှာပြင်အနေအထား အခက်အခဲများကြောင့် လတ်တလော ဆောင်ရွက်ပေးရန် အစီအစဉ်မရှိသေးပါကြောင်း၊ Off Gird System (Solar) ဖြင့်သာ ဓာတ်အားဖြန့်ဖြူးပေးရန် သင့်လျော်သည့်အတွက် ထိုနည်းလမ်းဖြင့် ကျေးရွာများ လျှပ်စစ်ဓာတ်အားရရှိရန် ဆောင်ရွက်နေသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန လက်အောက်ရှိ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနသို့ ညှိနှိုင်းအကြောင်းကြားထားပါကြောင်း ရှင်းလင်းဖြေကြားသည်။

ကျောက်တံတား မဲဆန္ဒနယ်မှ ဦးနေမျိုးထက်၏ Base Load ဖြစ်သော ရေအားလျှပ်စစ်စီမံကိန်းများကို လျှပ်စစ်လိုအပ်လျက်ရှိသော မြန်မာနိုင်ငံအတွင်းတွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရန် မည်ကဲ့သို့ ဆောင်ရွက်နေသည်ကို သိလိုခြင်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ပြည်သူများ၏ ပြုမူနေထိုင်မှု အချိန်များအလိုက်  တစ်နေ့တာ၏ နာရီစဉ်များတွင် လျှပ်စစ်ဓာတ်အား လိုအပ်ချက် အနည်းအများ လိုအပ်သည့် ပုံစံအတိုင်း လျှပ်စစ်ဓာတ်အားကို ပမာဏကိုက်ညီအောင် ထိန်းညှိထုတ် လုပ်ပေးရပါကြောင်း၊ တစ်နေ့တာ ဖြစ်ပေါ်နေသည့် လျှပ်စစ်ထုတ် ပေးရသည့်ပုံကို Daily Load Curve ဟု ခေါ်ပါကြောင်း၊ ထို Daily Load Curveမှာ ၂၄ နာရီ ဆက်တိုက် ပုံသေပမာဏမျှသော လျှပ်စစ်ထုတ်ပေးရန် လိုအပ်မှုကို Base Load ဟု ခေါ်ဆိုပါကြောင်း။

Base Load ၏ သဘောသဘာဝအရ နေ့စဉ် ရက်ဆက် ၂၄ နာရီ ဆက်တိုက် လပေါင်းများစွာ လျှပ်စစ်ကို ပုံသေထုတ်ပေးရသော အခြေအနေဖြစ်၍ ကာလကြာရှည် မရပ်မနားတမ်း ပုံသေပမာဏကို ထုတ်လုပ်ပေးရသည့် သဘာဝနှင့် ကိုက်ညီသော လျှပ်စစ်ထုတ်လုပ်နည်းများကို အသုံးပြုရပါကြောင်း၊ ရေအား လျှပ်စစ်အားလုံးကို Base Load အဖြစ် မောင်းနှင်ကာ လျှပ်စစ်ထုတ်လုပ်ရန် သင့်တော်မှုမရှိပါကြောင်း၊ သူ့အမျိုးအစားနှင့်သူ လိုက်လျောညီထွေစွာ လျှပ်စစ်ထုတ်လုပ်မှသာ တစ်နှစ်ပတ်လုံး စဉ်ဆက်မပြတ် ဓာတ်အား ထုတ်လုပ်နိုင်မည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် လက်ရှိတည်ဆောက်ပြီး ရေအားလျှပ်စစ်စက်ရုံ ၂၇ ရုံရှိပြီး စက်တပ်ဆင်အင်အားမှာ ၂၈၀ဝ မဂ္ဂါဝပ်ဖြစ်ပါကြောင်း၊ အဆိုပါ ရေအားလျှပ်စစ်စက်ရုံ ၂၇ ရုံအနက် Intermediate Load Generation  အဖြစ် သုံးသင့်သည့် Reservoir type ရေအား ၂၁ရုံ၊ စက်တပ် ဆင်အင်အား ၂၁၇၀ မဂ္ဂါဝပ်ရှိပြီး၊ Base Load Generation အဖြစ်သုံးသင့်သည့် Run-off-river type ရေအား ၆ရုံ၊ စက်တပ်ဆင်အင်အား ၆၃၀ မဂ္ဂါဝပ်ရှိပါကြောင်း။

နောင်တွင် ထပ်မံတည်ဆောက်နိုင်မည့် ရေအားလျှပ်စစ်စီမံကိန်းများကို နိုင်ငံ့ဘဏ္ဍာ ရန်ပုံငွေဖြင့်ဖြစ်စေ၊ ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုဖြင့် ဖြစ်စေ ဆောင်ရွက်နိုင်ရန် ကွင်းဆင်းတိုင်းထွာတွက်ချက်၍ ဖြစ်မြောက်နိုင်စွမ်း အစီရင်ခံစာများ ပြုစုလျက်ရှိပါကြောင်း၊ စီမံကိန်းဒေသ၏ မြေပြင်အနေအထား၊ ဘူမိဗေဒ အခြေအနေ၊ မိုးရေချိန်၊ ရေစီးဝင်နှုန်း၊ ရေသိုလှောင်နိုင်မှု အလားအလာ၊ ထုတ်လုပ်နိုင်မည့် လျှပ်စစ် ပမာဏ၊ ရေလွှမ်း ဧရိယာ ကျရောက်သွားနိုင်မည့် သစ်တော၊  ကျေးရွာ၊ စိုက်ပျိုးမြေ၊ သယံဇာတလုပ်ကွက် အစရှိသည်တို့ကို စူးစမ်းလေ့လာ တွက်ချက်မှုများအား အနည်းဆုံး ၃ နှစ်ခန့် အချိန်ယူဆောင်ရွက်ရပါကြောင်း၊ တည်ဆောက်ရေးကာလမှာ ၄နှစ် မှ ၁၀ နှစ်အထိ အချိန်ယူဆောင်ရွက်ရပါကြောင်း၊ စီးပွားရေးအရ တွက်ခြေကိုက်မှု၊ သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင် ရှုထောင့်မှ စစ်ဆေးမှုတို့ကိုလည်း အသေးစိတ် စိစစ်ပြီးမှသာ ကျန်ရှိနေသော ရေအားအရင်းအမြစ်များမှ လျှပ်စစ်ဓာတ်အား ထုတ်ယူသုံးစွဲနိုင်ရေးအတွက် ရေအားလျှပ်စစ်စီမံကိန်းအား စီမံဆောင်ရွက်ရပါကြောင်း ရှင်းလင်းဖြေကြားသည်။

ဆက်လက်၍ သနပ်ပင် မဲဆန္ဒနယ်မှ ဦးမြင့်ဦး၊ မင်းဘူး မဲဆန္ဒနယ်မှ ဦးဝင်းဝင်း နှင့် ဆီဆိုင် မဲဆန္ဒနယ်မှ ဦးခွန်သန်းထူး တို့၏ မေးခွန်းများနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်နှင့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်တို့က ရှင်းလင်းဖြေကြားကြသည်။

ထို့နောက်  ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က အမျိုးသားလွှတ်တော်မှ ပြင်ဆင်ချင်ဖြင့် ပြန်လည်ပေးပို့သော သစ်တော ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ အမျိုးသားလွှတ်တော်၏ ပြင်ဆင်ချက်များကို လွှတ်တော်သို့ တင်ပြ၍ အဆုံးအဖြတ် ရယူသည်။

အဆိုပါ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍  လွှတ်တော်နှစ်ရပ် သဘောကွဲလွဲမှုရှိသောကြောင့် ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်ရန် တင်ပြသင့်ကြောင်း ဥပဒေကြမ်းကော်မတီဝင်က  အဆိုတင်သွင်းပြီး လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်က သဘောတူသဖြင့် ပြည်ထောင်စုလွှတ်တော်သို့ ဆုံးဖြတ်ရန် တင်ပြမည် ဖြစ်ကြောင်းနှင့် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက  ကြေညာသည်။

ယင်းနောက် ရှားတော မဲဆန္ဒနယ်မှ ဒေါ်ဝင့်ဝါထွန်းတင်သွင်းသည့်  သမဝါယမ ဦးစီးဌာန၏ မူဝါဒ၊ ရည်မှန်းချက်၊ လုပ်ငန်းစဉ်များကို အောင်မြင်စွာ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန်အတွက် ပြန်လည်ဆန်းစစ်သုံးသပ်ပြီး လိုအပ်သည့် ပံ့ပိုးမှုများ အပါအဝင် ပြုပြင်ပြောင်းလဲမှုများအား အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

ချောက် မဲဆန္ဒနယ်မှ ဦးဘိုကြီးက သမဝါယမ ဦးစီးဌာန၏ မူဝါဒ၊ ရည်မှန်းချက်၊ လုပ်ငန်းစဉ်များကို ပြန်လည်ဆန်းစစ် သုံးသပ်ခြင်းနှင့် ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ရန် တိုက်တွန်းလိုပါကြောင်း၊ သမဝါယမ ဦးစီးဌာန၏ မူဝါဒ၊ ရည်မှန်းချက်၊ လုပ်ငန်းစဉ်များကို ပြန်လည်ဆန်းစစ်သုံးသပ်ခြင်းတွင် သမဝါယမ ဦးစီးဌာနအနေဖြင့် သမဝါယမအသင်းများ ဖွဲ့စည်းပေးပြီး အသင်းများ တိုးတက်အောင်မြင်၊ ရှင်သန်ကြီး ထွားစေရန် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊  အသင်းများ တည်ရှိနေသော်လည်း နိုင်ငံသူ နိုင်ငံသားများ အနေဖြင့် သမဝါယမ အသင်းများ ရပ်တည်နေမှုကိုပင် မသိရှိကြခြင်း၊ စိတ်ဝင်စားမှုမရှိကြခြင်း တို့ကို မြင်တွေ့နေကြရပါကြောင်း။

ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ရန်တွင် သမဝါယမ အသင်းများအနက် လုပ်ငန်းလည်ပတ်နေပြီး အောင်မြင်မှုရရှိနေသော အသင်းမည်မျှရှိသည်(သို့မဟုတ်) အောင်မြင်မှုမရှိဘဲ  ရပ်တန့်နေသော အသင်းမည်မျှရှိသည်ကိုလည်းကောင်း၊ အသင်းများ၏ စာရင်းဇယားများ တိကျမှန်ကန်မှုရှိစေရန်၊ နိုင်ငံသူနိုင်ငံသားများအားလုံး ပွင့်လင်းမြင်သာ သိရှိစေရန် ဖော်ထုတ်ရေး၊ ဌာနဆိုင်ရာ တာဝန်ရှိသူ အဆင့်ဆင့်မှ ကြီးကြပ်ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊  ပြည်ထောင်စုစာရင်းစစ်ချုပ် ဥပဒေတွင် ပါရှိသည့်အတိုင်း သမဝါယမပိုင် ပစ္စည်းများကို ရယူထိန်းသိမ်းအသုံးပြုရာတွင် တိကျမှန်ကန်မှု၊  စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်မှုနှင့် ထိရောက်စွာ အသုံးပြုမှုရှိ၊ မရှိကို သမဝါယမ အသင်းအားလုံးအား စိစစ်၍ သီးသန့်အစီရင်ခံစာ ရေးသားပြုစု၍ သက်ဆိုင်ရာသို့တင်ပြကာ နိုင်ငံသူ နိုင်ငံသားများသိစေရန်အတွက် ဆောင်ရွက်ပေးပါရန် အကြံပြု ဆွေးနွေးသည်။

ပွင့်ဖြူ မဲဆန္ဒနယ်မှ ဦးထွန်းထွန်းက အဆိုရှင်က အဆိုကို သုံးပိုင်းခွဲ၍ တင်ပြသွားသည်ကို တွေ့ရပါကြောင်း၊  မူဝါဒ၊ ရည်မှန်းချက်၊ လုပ်ငန်းစဉ်တို့သည် အလွန်ကောင်းမွန်ပါကြောင်း၊  သို့သော်လည်း အမှန်တကယ်မြေပြင်ပေါ်တွင် အကောင်အထည်ဖော်နိုင်ပါသလား၊ ပကတိမြေပြင်တွင်  အသုံးဝင်သလား၊ အောင်မြင်သလား စသည်တို့ကို ပြန်လည်ဆန်းစစ်ရန်လိုပါကြောင်း၊  မျှော်မှန်းချက်တွင်   နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိပြီး ရေရှည်တည်တံ့သော လယ်ယာကုန်ထုတ်လုပ်မှု စနစ်ထွန်းကား စေခြင်းဖြင့် စားနပ်ရိက္ခာဖူလုံ၍ အာဟာရပြည့်ဝေစေခြင်း၊ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ မြင့်မားလာစေရန်နှင့် နိုင်ငံ့စီးပွားဖွံ့ ဖြိုးမှု၊ တိုးတက်မှုတို့ကို အထောက်အကူ ဖြစ်စေရန်ဟု  ရေးဆွဲထားသည်ကို တွေ့ရပါကြောင်း၊ သမဝါယမသည် ဆိုရှယ် လစ်စနစ်၊ ဆိုရှယ်လစ်ခေတ်က သန္ဓေတည်ခဲ့ပါကြောင်း၊ လက်ရှိ ဒီမိုကရေစီခေတ်နှင့် ဈေးကွက်စီးပွားရေးစနစ်တွင် လိုက်လျောညီထွေမှု ရှိ၊ မရှိ၊ ကိုက်ညီမှုရှိ၊ မရှိတို့ကို ပြန်လည် စမ်းသုံးသပ်သင့်ပါကြောင်း အကြံပြုဆွေးနွေးသည်။ 

အလားတူ ကံမ မဲဆန္ဒနယ်မှ ဦးစိန်ဟန်၊ အရာတော် မဲဆန္ဒနယ်မှ ဒေါက်တာ ဦးခင်မောင်သင်း၊ ဒဂုံ မဲဆန္ဒနယ်မှ ဒေါက်တာဒေါ်သက်သက်ခိုင်၊ ဒလ မဲဆန္ဒနယ်မှ ဒေါက်တာဦး စိန်မြအေး၊ ဘီးလင်း မဲဆန္ဒနယ်မှ ဦးတင်ကိုကိုဦး(ခ)ဦးအတွတ်၊  လှည်းကူး မဲဆန္ဒနယ်မှ ဦးသိန်းတန်၊  စမ်းချောင်း မဲဆန္ဒနယ်မှ ဦးဘိုဘိုဦး၊ ဖားဆောင်း မဲဆန္ဒနယ်မှ ဒေါ်နန်းထွေးသူ၊ မုံရွာ မဲဆန္ဒနယ်မှ ဦးညွန့်အောင်၊ ပေါင် မဲဆန္ဒနယ်မှ ဒေါ်မိကွန်ချမ်းနှင့် အလုံ မဲဆန္ဒနယ်မှ ဦးရဲလွင်တို့က ဆွေးနွေးကြသည်။

ယင်းအဆိုနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က သမဝါယမဝန်ကြီးဌာနအနေဖြင့် လွတ်လပ်ရေးရပြီး ၁၉၅၁ ခုနှစ် ဧပြီ ၅ ရက်ကတည်းက ဝန်ကြီးဌာနတစ်ခုအဖြစ် သန္ဓေတည်ခဲ့ပြီး ယခုအခါတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဖွဲ့စည်းပြီး ယင်းဝန်ကြီးဌာနအောက်တွင်  သမဝါယမဦးစီးဌာနအနေဖြင့် ပါဝင်တည်ရှိခဲ့သည့်အတွက်      ယနေ့    သမဝါယမကဏ္ဍ၏ ရပ်တည်မှုသည် ၆၇ နှစ်အထိ ရှိခဲ့ပြီဖြစ်ပါကြောင်း၊  သမဝါယမ ဦးစီးဌာနသည် သမဝါယမအသင်းဥပဒေပါ အခြေခံမူ ၁၀ ရပ်နှင့်အညီ သမဝါယမ အသင်းများကို ဖွဲ့စည်းပေးခြင်း၊ ပညာပေးခြင်းနှင့် စာရင်းစစ်ဆေးခြင်း အပါအဝင် ဥပဒေနှင့်အညီ ထိန်းကျောင်းတည့်မတ်ပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း၊ ဝန်ကြီးဌာန၏ ရည်ရွယ်ချက်၊ မူဝါဒနှင့် လုပ်ငန်းစဉ်တို့တွင် သမဝါယမ ကဏ္ဍနှင့် ပတ်သက်၍ ရည်မှန်းချက် ၃ ရပ်၊ မူဝါဒ ၅ ရပ်နှင့် လုပ်ငန်းစဉ် ၉ ရပ်တို့ ပါဝင်ပါကြောင်း။ 

သမဝါယမ အသင်းတစ်သင်းကို  ဖွဲ့စည်းရာတွင် တစ်ဦးကောင်း၊ တစ်ယောက်ကောင်းကို အခြေခံထားခြင်းမဟုတ်ဘဲ ဒေသတစ်ခုရှိ ဆန္ဒတူသူများ အတူတကွ  ဆောင်ရွက်ရန်အတွက် အသင်းသားအများစု၏  ဆန္ဒကို အခြေခံပြီး တည်ဆဲ သမဝါယမ အသင်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ သမဝါယမဦးစီးဌာနမှ အသင်းဖွဲ့ စည်းခြင်းနှင့် မှတ်ပုံတင်ခြင်းတို့ကို ဆောင်ရွက်ပေးပါကြောင်း၊  သမဝါယမအသင်းများ အနေဖြင့် သမဝါယမအသင်း ဥပဒေနှင့်အညီ အမှုဆောင်အဖွဲ့ ဖွဲ့စည်းရာတွင် အသင်း သားများ၏ ဆန္ဒနှင့်အညီ ဖွဲ့စည်းထားသောကြောင့် အသင်းသားတစ်ဦးချင်း၏ ပါဝင်ဆောင်ရွက်နိုင်မှု Member- Participate  လုပ်နိုင်မှုသည် အလွန်အရေးကြီးပါကြောင်း၊ သို့မှသာ အသင်းသည် အမှုဆောင်အဖွဲ့၏ တာဝန်တစ်ခုတည်း လည်ပတ်ခြင်းမဟုတ်ဘဲ အသင်းတစ်ခုလုံးအနေဖြင့် အစုအဖွဲ့အလိုက် ဖွံ့ဖြိုးမှု Community Development ရရှိလာမည်ဖြစ်ပါကြောင်း၊ သမဝါယမ အသင်းများအနေဖြင့် နိုင်ငံတော်၏ စီးပွားရေးမူဝါဒများနှင့် လိုက်လျောညီထွေမှုရှိရန် လိုအပ်လာပါကြောင်း၊ သမဝါယမအသင်းများ ဖွံ့ဖြိုးတိုးတက်လာရေးအတွက် အထောက်အကူဖြစ်မည့် လုပ်ငန်းစဉ်များကို ချမှတ်ခဲ့ပါကြောင်း။

သမဝါယမစနစ်အမှန်တကယ် အားကောင်းခိုင်မာစွာ ရှင်သန်ရပ်တည်နိုင်ရန် အတွက် လုပ်ဆောင်ခဲ့မှုများနှင့် လုပ်ဆောင်လျက်ရှိသည့် လုပ်ငန်းရပ်များ၏ အားနည်းချက်များကို သင်ခန်းစာယူပြီး သမဝါယမ ဖွံ့ဖြိုးရေးလုပ်ငန်းများ ပြုပြင်ပြောင်းလဲရေးအတွက် (Monitoring & Evaluation) စောင့်ကြပ်ကြည့်ရှုခြင်းနှင့် အကဲဖြတ်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်းသို့ ဆောင်ရွက်ခြင်းအားဖြင့် တွေ့ကြုံခဲ့ရသည့် အခြေအနေများပေါ်တွင် မူတည်ပြီး လိုက်နာဆောင်ရွက်သင့်သည့် ညွှန်ကြားချက်၊ လမ်းညွှန်ချက်များကို ထုတ်ပြန်ဆောင်ရွက်လျက်ရှိပါကြောင်း၊  အစိုးရသစ်ကာလတွင် ချမှတ်ထားသည့် သမဝါယမကဏ္ဍနှင့် စပ်လျဉ်းသည့် ရည်မှန်းချက်၊ မူဝါဒနှင့် လုပ်ငန်းစဉ်များသည် လက်ရှိနိုင်ငံတော်မှ ချမှတ်ထားသည့် စီးပွားရေးဆိုင်ရာ မူဝါဒများနှင့် လိုက်လျောညီထွေမှု ရှိရန်အတွက် အကောင်အထည်ဖော်သည့် အပိုင်းတွင်လည်း ကြီးကြပ်စောင့်ကြည့်ကွပ်ကဲသည့် အနေအထားများ ရှိသည့်အတွက်အဆိုအား မှတ်တမ်းတင်ထားရှိပါရန် ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အဆိုနှင့်စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်က သဘောတူသဖြင့် အဆိုအား မှတ်တမ်းတင်စောင့်ကြည့် မည်ဖြစ်ကြောင်း ကြေညာသည်။

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး နဝမနေ့ကို သြဂုတ် ၁၄ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

 အေးအေးသန့်(သတင်းစဉ်)