ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး ၁၂ ရက် မြောက်နေ့ ကျင်းပ

နေပြည်တော်   ၁၁  ဒီဇင်ဘာ

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒသမ ပုံမှန်အစည်းအဝေး (၁၂)ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင်  လပ္ပတ္တာမဲဆန္ဒနယ်မှ ဒေါက်တာဦးအေးကြူ၏ လပ္ပတ္တာမြို့၊ ကုန်သွယ်လမ်း (၅)ရပ်ကွက် ဦးပိုင်အမှတ်(၁၃၀) မြေနေရာအား စာရေးဆရာကြီး မောင်ထင်၏ စာကြည့်တိုက် ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက ပထမဦးစွာ  ပြန်ကြားရေး ဝန်ကြီးဌာနအနေဖြင့် စာကြည့်တိုက်လုပ်ငန်းနှင့် ပတ်သက်၍ ဆောင်ရွက်နေပုံကို အနည်းငယ် တင်ပြလိုပါကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနအနေဖြင့် နိုင်ငံတော်အနှံ့တွင် ရုံးစုစုပေါင်း (၄၃၄)ရုံး ဖွင့်လှစ်ပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း။

 

ယင်းရုံးများတွင်  ဌာနပိုင်စာကြည့်တိုက်များ ဖွင့်လှစ်ပေးသည့်အပြင် ကိုယ့်အားကိုယ်ကိုး စာကြည့်တိုက်များ ထူထောင်ဖွင့်လှစ်ရေးကိုလည်း ကူညီဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာ ဗဟုသုတ ရရှိစေရေးအတွက် ရပ်ကွက်၊ ကျေးရွာနေပြည်သူများ စာဖတ်သည့် အလေ့အထ ရရှိစေရေး၊ အလွယ်တကူ စာပေဖတ်ရှု လေ့လာနိုင်စေရေးအတွက် ရည်ရွယ်ပြီး ကျေးရွာစာကြည့်တိုက်များ ရေရှည်တည်တံ့ ခိုင်မြဲရေးနှင့် ဒေသခံပြည်သူများ၏ ကိုယ့်အားကိုယ်ကိုး စာကြည့်တိုက်များ တည်ဆောက်လိုမှုကို အားပေးထောက်ပံ့သည့် အနေဖြင့် ၂၀ဝ၉-၂၀၁၀ ဘဏ္ဍာရေးနှစ်မှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်အထိ ကျေးရွာစာကြည့်တိုက် စုစုပေါင်း (၁၅၃၅) တိုက်အတွက် ငွေကျပ် ၁၇၃၅ သန်းကို ထောက်ပံ့ပေးနိုင်ခဲ့ပါကြောင်း။

 

သို့သော် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှ စတင်၍ ကျေးရွာစာကြည့်တိုက်များ တည်ဆောက်နိုင်ရေးအတွက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနအနေဖြင့် ရန်ပုံငွေ လျာထားတောင်းခံထားခြင်း မရှိတော့ပါကြောင်း၊ အခြားတစ်ဖက်တွင်လည်း မြန်မာနိုင်ငံ စာကြည့်တိုက်များ ဖောင်ဒေးရှင်းအနေဖြင့် ကိုယ့်အားကိုယ်ကိုး စာကြည့်တိုက်များ ဖွံ့ဖြိုးရှင်သန်နိုုင်ရေးအတွက် ဆောင်ရွက်လျက်ရှိရာ ၂၀၁၁ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ ကျေးရွာစာကြည့်တိုက် စုစုပေါင်း(၅၆၈) တိုက် ဆောက်လုပ်ခြင်း၊ ပြုပြင်မွမ်းမံခြင်းတို့အတွက် ငွေကျပ် (၃၄၇ ဒသမ ၁၉၂)သန်း ကူညီထောက်ပံ့ပေးနိုင်ခဲ့ပြီး ဆရာကြီး သခင်ကိုယ်တော်မှိုင်း၊ ဆရာကြီး မှော်ဘီဆရာသိန်းကဲ့သို့သော ထူးချွန်ထင်ရှားသည့် ပုဂ္ဂိုလ်ကြီးများ၏ ဇာတိကျေးရွာများတွင် စာကြည့်တိုက်များ တည်ဆောက်ပေးခဲ့မှုရှိပါကြောင်း။

 

ထို့ပြင် အခြားသောတိုင်းဒေသကြီး၊ ပြည်နယ်များတွင်လည်း ကျေးရွာကိုယ့်အားကိုယ်ကိုး စာကြည့်တိုက် ဆောက်လုပ်ရေးအတွက် ဒေသဖွံ့ဖြိုးရေး လွှတ်တော်ရန်ပုံငွေဖြင့် လည်းကောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့ ဖွံ့ဖြိုးရေးရန် ပုံငွေဖြင့်လည်းကောင်း ဆောက်လုပ်မှုများလည်း ရှိပါကြောင်း။ 

 

သို့ဖြစ်ပါ၍ စာရေးဆရာကြီး မောင်ထင် စာကြည့်တိုက်ကို ဆောက်လုပ်မည်ဆိုပါက ဒေသဖွံ့ဖြိုးရေး လွှတ်တော်ရန်ပုံငွေဖြင့် လည်းကောင်း၊ စေတနာရှင် ပြည်သူများ၏ ထည့်ဝင်ငွေများဖြင့် လည်းကောင်း၊ မြန်မာနိုင်ငံ စာကြည့်တိုက်များ ဖောင်ဒေးရှင်းကဲ့သို့ NGO အဖွဲ့အစည်းများ၏ အကူအညီကို ရယူ၍ လည်းကောင်း ဆောင်ရွက်သင့်ပါကြောင်းနှင့် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ အနေဖြင့်လည်း ပြည်ထောင်စုအဆင့်သို့ တင်ပြဆောင်ရွက်သွားမည်ဟု ပြန်ကြားလာပါကြောင်း ရှင်းလင်းဖြေကြားသည်။

 

မင်းဘူးမဲဆန္ဒနယ်မှ ဦးဝင်းဝင်း၏  မင်းဘူး(စကု)မြို့နယ်တွင် အမှန်တကယ်လို အပ်နေသော မင်းဘူးမြို့ရှိ ခရိုင်အားကစားကွင်းနှင့် စကုမြို့ရှိ မြို့မအားကစားကွင်းတို့အား ပြုပြင်ခြင်း၊ အဆင့်မြှင့်တင်ခြင်းများကို ပြုလုပ်ပေးရန်နှင့် မည်သည့်အချိန်တွင် ဆောင်ရွက်ပေးသွားမည်ကို သိလိုခြင်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက  မကွေးတိုင်းဒေသကြီး မင်းဘူး (စကု)မြို့နယ်ရှိ မြို့မအားကစားကွင်းအား ပြုပြင်ခြင်း၊ အဆင့်မြှင့်တင်ခြင်းများ ဆောင်ရွက်နိုင်ရန်အတွက် အဆိုပါ အားကစားကွင်းမြေနေရာအား ဦးစွာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနပိုင် မြေအဖြစ် အမည်ပေါက် လွှဲပြောင်းရရှိရန် ဆောင်ရွက် ရမည်ဖြစ်ပြီး၊ ဌာနပိုင်မြေအဖြစ် ရရှိပြီးပါက တည်ဆောက်ရေး လုပ်ငန်းများကို ပြည်ထောင်စု ဘတ်ဂျက်သုံးရန် တိုင်းဒေသကြီးရန်ပုံငွေတွင် ထည့်ပေးမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။

 

ဆက်လက်၍ ကျောက်ဆည် မဲဆန္ဒနယ်မှ ဒေါက်တာဦးတင်အောင်၊ ငပုတော မဲဆန္ဒနယ်မှ ဦးသန်းအောင်၊ နန်းယွန်း မဲဆန္ဒနယ်မှ ဦးဝမ်းလှ၊ ကျောက်ဖြူ မဲဆန္ဒနယ်မှ ဦးဘရှိန်၊ ကနီ မဲဆန္ဒနယ်မှ ဦးထွန်းထွန်းနိုင်နှင့် ပွင့်ဖြူ မဲန္ဒနယ်မှ ဦးထွန်းထွန်းတို့၏ မေးခွန်းများနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းတို့က ရှင်းလင်းဖြေကြားကြသည်။ ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က အမျိုးသားလွှတ်တော်မှ ပြင်ဆင်ချက်ဖြင့် အတည်ပြု၍ ပေးပို့လာသော တီထွင်မှုမူပိုင်ခွင့် ဥပဒေကြမ်းကို လက်ခံရရှိကြောင်း လွှတ်တော်သို့  အသိပေးသည်။

 

အဆိုပါ ဥပဒေကြမ်းနှင့်စပ်လျဉ်းသည့် အစီရင်ခံစာကို ဥပဒေကြမ်းကော်မတီဝင် ဦးအောင်စိန်က ရှင်းလင်းတင်ပြပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပြင်ဆင်ချက်အဆို တင်သွင်းလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

 

ယင်းနောက် ပြည်သူ့လွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ၏ သုံးသပ်အကြံပြုချက် အစီရင်ခံစာကို ကော်မတီဝင် ဒေါက်တာသန်းအောင်စိုးက ဖတ်ကြားရာတွင် ကော်မတီသက်တမ်း (၂)နှစ်အတွင်းတွင် ကော်မတီမှ စိစစ်သုံးသပ်ရမည့် စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာ ဥပဒေများနှင့်စပ်လျဉ်း၍ (Stakeholder) အမျိုးမျိုးနှင့် တွေ့ဆုံပြီး အကြံပြုချက်များ ရယူနိုင်ခဲ့ပါကြောင်း၊ ပြင်ပအဖွဲ့အစည်းများကို တွေ့ဆုံခြင်းဖြင့် ပကတိအခြေအနေများကို သိရှိခွင့်ရ၍ ဆက်လက် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်သွားသင့်ပါကြောင်း။

 

လွှတ်တော်တွင်း စိုက်ပျိုးမွေးမြူရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဆိုင်ရာ မေးခွန်းများ မေးမြန်းခြင်း၊ ပါဝင်ဆွေးနွေးခြင်းများသည်လည်း ကော်မတီ၏လုပ်ငန်းများအတွက် အထောက်အကူ ပြုခဲ့ပါကြောင်း၊ ယခုသက်တမ်း (၂)နှစ်ပြည့်ပြီးကာလတွင် ကော်မတီ၏ လုပ်ငန်းဆောင်တာများကို ပိုမိုထိရောက်အောင် လည်ပတ်ဆောင်ရွက်လာနိုင်ပြီးဖြစ်ရာ ပြည်သူများမှ အခြေခံနယ်မြေများသို့ လာရောက် ကွင်းဆင်းကြည့်ရှုရန် ဖိတ်ခေါ်စာများအရ ကွင်းဆင်းလုပ်ငန်းများကို စနေ၊ တနင်္ဂနွေ သို့မဟုတ် လွှတ်တော်အားလပ်ရက်များတွင် ပိုမိုဆောင်ရွက်သင့်သည်ဟုလည်း အကြံပြုလိုပါကြောင်း။

 

လေ့လာညှိနှိုင်း စိစစ်ရမည့် ဝန်ကြီးဌာန၏ စီမံကိန်းနှင့် ဘတ်ဂျက်များကို သိရှိလာခြင်း၊ ဦးစီးဌာနများနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ ကော်မတီဝင်ဦးရေ ပိုမိုများပြားလာခြင်းများကြောင့် ကော်မတီ၏ လုပ်ငန်းတာဝန်များကို ယခုထက်ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်မည်ဟု မျှော်လင့်ပါကြောင်း အစီရင်ခံတင်ပြသည်။

 

ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အဆိုပါ အစီရင်ခံစာနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

 

ထို့နောက် ပြည်သူ့လွှတ်တော် ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာ ကော်မတီ၏ အစီရင်ခံစာနှင့် စပ်လျဉ်း၍ သနပ်ပင်မဲဆန္ဒနယ်မှ ဦးမြင့်ဦးက ဆွေးနွေးသည်။

 

ယင်းနောက် ပြည်သူ့လွှတ်တော် ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ  ဦးတင်မောင်ဝင်းက သနပ်ပင် မဲဆန္ဒနယ်မှ ဦးမြင့်ဦး၏ ဆွေးနွေးချက်အပေါ်  ပြန်လည်ရှင်းလင်းဆွေးနွေးသည်။

 

ယင်းအစီရင်ခံစာနှင့် စပ်လျဉ်း၍ သဘောတူလက်ခံရန် ကော်မတီဝင် ဒေါ်ယဉ်မင်းလှိုင်က အဆိုတင်သွင်းပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်၏ သဘောထားရယူ အတည်ပြုသည်။

 

ယင်းနောက် ပြည်သူ့လွှတ်တော် ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ၏ အစီရင်ခံစာနှင့် စပ်လျဉ်း၍  ကသာမဲဆန္ဒနယ်မှ ဦးမြင့်ကြည်က ဆွေးနွေးသည်။

 

ယင်းနောက် ပြည်သူ့လွှတ်တော် ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ  ဦးဝင်းသိန်းဇော်က ကသာမဲဆန္ဒနယ်မှ ဦးမြင့်ကြည်၏ ဆွေးနွေးအချက်အပေါ် ပြန်လည်ရှင်းလင်း ဆွေးနွေးသည်။

 

အဆိုပါ အစီရင်ခံစာနှင့် စပ်လျဉ်း၍ သဘောတူလက်ခံရန် ကော်မတီဥက္ကဋ္ဌ  ဦးဝင်းသိန်းဇော်က အဆိုတင်သွင်းပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်၏ အဆုံးအဖြတ်ရယူ အတည်ပြုသည်။

 

ထို့နောက်  ဂန့်ဂေါမဲဆန္ဒနယ်မှ ဒေါ်ယဉ်မင်းလှိုင် တင်သွင်းသည့်  နိုင်ငံတော်အတွင်း တည်ဆောက်ရေး လုပ်ငန်းများအား ခေတ်နှင့်လျော်ညီသော  (ကြိုတင်သွန်းလောင်းမှု) Precast နည်းပညာနှင့် အခြားသင့်လျော်သော နည်းပညာများ အသုံးပြုတည်ဆောက်ပါရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်းအဆိုကို လွှတ်တော်ကိုယ်စားလှယ် ၆ ဦးက  ဆွေးနွေးကြသည်။

 

တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးစိန်ထွန်းက ယခုအခါ မိမိတို့နိုင်ငံတွင် Precast နည်းပညာနှင့် အဆောက်အဦ စီမံကိန်းလုပ်ငန်းများ၊ အခြား တည်ဆောက်ရေး လုပ်ငန်းများကို မြန်မာနိုင်ငံ ဆောက်လုပ်ရေး ကုမ္ပဏီများနှင့် ပြည်ပနိုင်ငံကုမ္ပဏီများ ဖက်စပ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ Precast Design များ တွက်ချက်ရာတွင် မိမိနိုင်ငံက ကျင့်သုံးလျက်ရှိသည့် Myanmar National Building Code 2016 တွင် သတ်မှတ်ပြဋ္ဌာန်းထားသည့် (ACI Code) ဖြင့် တွက်ချက်ထားခြင်း ရှိ၊ မရှိ သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများက စစ်ဆေးအတည်ပြု ခွင့်ပြုပေးသင့်ပါကြောင်း။

 

Precast နည်းပညာနှင့် ဆောက်လုပ်ခြင်းသည် အကျိုးကျေးဇူးများသည် မှန်သော်လည်း စတင်ရင်းနှီး မြှုပ်နှံမှုပမာဏများခြင်း၊ သယ်ယူပို့ဆောင်ရန်နှင့် တင်ချရန် အခက်အခဲများရှိခြင်း၊ ကိုင်တွယ်အသုံးပြုရာတွင် အခက်အခဲရှိခြင်း၊ Precast ကွန်ကရစ် အစိတ်အပိုင်းများ ချိတ်ဆက် တည်ဆောက်ရာတွင် အခက်အခဲရှိခြင်းနှင့် ထုတ်လုပ်သည့် စက်ရုံအရေအတွက် နည်းပါးနေသေးခြင်း၊ Precast နည်းပညာ တတ်ကျွမ်းသည့် အင်ဂျင်နီယာနှင့် စက်ရုံအရေအတွက် နည်းပါးနေသေးခြင်း၊ အရေအတွက် နည်းပါးသော Precast နည်းပညာသုံး အဆောက်အဦများ ဆောက်လုပ်ရာတွင် ကုန်ကျစရိတ် ပိုမိုသုံးစွဲရခြင်း၊ နိုင်ငံတော်တည်ဆောက်ရေး လုပ်ငန်းများအားလုံးကိို Precast နည်း ပညာဖြင့် ဆောက်လုပ်ပါက အခက်အခဲများစွာ ဖြစ်ပေါ်နိုင်ခြင်းတို့မှာလည်း ထည့်သွင်းစဉ်းစားကြရမည့် အချက်များ ဖြစ်ပါကြောင်း အကြံပြုဆွေးနွေးသည်။

 

ယင်းအဆိုနှင့် စပ်လျဉ်း၍ ချမ်းအေးသာစံ မဲဆန္ဒနယ်မှ ဦးမျိုးနိုင်၊ ရွှေကူ မဲဆန္ဒနယ်မှ ဦးဇာနည်မင်း၊ ဒဂုံမဲဆန္ဒနယ်မှ ဒေါက်တာဒေါ်သက်သက်ခိုင်၊ တမူး မဲဆန္ဒနယ်မှ ဦးနိုင်နိုင်ဝင်းနှင့် မြို့သစ် မဲဆန္ဒနယ်မှ ဦးသာအောင်တို့က ဆက်လက်ဆွေးနွေးကြသည်။

 

ထို့နောက် အဆိုနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် Precast နည်းပညာများကို  Japan၊ Korea၊ Asian Institute of Technology (AIT)တို့နှင့် သုတေသနပြုလုပ်ပြီး Precast Prestress နည်းပညာများကို စဉ်ဆက်မပြတ် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ Precast နည်းပညာ၏ အဓိက လိုအပ်ချက်သည် စက်ယာဉ်ယန္တရားများနှင့် ဆောင်ရွက်ရန် စက်ရုံများ လိုအပ်ပါကြောင်း၊ အရွယ်အစား ကြီးမားပြီး ပုံစံတူညီသော လုပ်ငန်းမျိုးဆောင်ရွက်ရာ၌ Precast နည်းပညာ အသုံးပြုခြင်းသည် အင်မတန်မှ အသုံးဝင်ပါကြောင်း၊ အဆောက်အဦ ဆောက်လုပ်ခြင်း လုပ်ငန်းများမှာ Precast နည်းစနစ်ကို အသုံးပြုရန်အတွက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကုန်ကျစရိတ် သက်သာပြီး ကောင်းမွန်သော အရည်အသွေးရရှိမည် ဖြစ်ပါကြောင်း။

 

ကိုယ်စားလှယ်တော်ကြီးများ ဆွေးနွေးသည့် အဆိုနှင့်စပ်လျဉ်း၍ Precast နည်းပညာသည် အလွန်အသုံးဝင်သည့် နည်းပညာဖြစ်ပါကြောင်း၊ ဆောက်လုပ်ရေး ဝန်ကြီးဌာနအနေဖြင့် ၁၉၆၂ ခုနှစ်မှ စတင်၍  အဆိုပါ နည်းပညာအား လက်ရှိအခြေအနေအထိ အသုံးပြုလျက်ရှိပြီး အနာဂတ်တွင်လည်း ပိုမိုအသုံးပြုသွားမည် ဖြစ်ပါကြောင်း၊ အခြားဝန်ကြီးဌာန အဖွဲ့အစည်းများကိုလည်း လိုအပ်သည့် နည်းပညာအကူအညီများအား ဆောက်လုပ်ရေး ဝန်ကြီးဌာနအနေဖြင့် ကူညီဆောင် ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် အဆိုအား မိမိဝန်ကြီးဌာနအနေဖြင့် ထောက်ခံပါကြောင်းနှင့် အဆိုကို ပြည်သူ့လွှတ်တော်မှ အတည်ပြုပေးနိုင်ပါရန် ရှင်းလင်းတင်ပြသည်။

 

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အဆိုရှင်၏ သဘောထားရယူရာ အဆိုရှင်က အတည်ပြု လိုကြောင်း ပြောကြားသည်။

 

ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အဆိုအား အတည်ပြုရန် လွှတ်တော်၏သဘောထား ရယူရာ လွှတ်တော်က အတည်ပြုကြောင်း ကြေညာသည်။

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး ၁၃ ရက်မြောက်နေ့ကို ဒီဇင်ဘာ ၁၂ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

 

အေးအေးသန့်၊ လူမော်(သတင်းစဉ်)