ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန် အစည်းအဝေးအောင်မြင်စွာ ကျင်းပပြီးစီး

နေပြည်တော် ၂၀ ဒီဇင်ဘာ 

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး (၁၇)ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ  ပြည်သူ့လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် မိုင်းတုံမဲဆန္ဒနယ်မှ  ဦးအောင်ကျော်မိုး(ခ) ဦးကျော်ဦး၏  တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၏ ပြည်နယ်၊ တိုင်းများတွင် ရုံးခွဲများ ဖွင့်လှစ်မှုအခြေအနေ၊ ရာထူးအလိုက်၊ လူမျိုးအလိုက် ဝန်ထမ်းများခန့်ထားမှုအခြေအနေနှင့် ဝန်ထမ်းအင်အားအခြေအနေ၊ ဝန်ထမ်းများ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းတာဝန်များ၊ ရုံးခွဲများ မဖွင့်နိုင်သေးသည့် ပြည်နယ်၊ တိုင်းများအတွက် ဆက်လက်ဆောင်ရွက်  သွားမည့် အစီအစဉ်ကို သိလိုခြင်းနှင့် စပ်လျဉ်း၍ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှမော်ဦးက တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနကို ၂၀၁၆ ခုနှစ် မတ် ၃၀ ရက်တွင် စတင်ဖွဲ့စည်း ဆောင်ရွက်ခဲ့ပါကြောင်း၊ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာနကို ပြည်ထောင်စုဝန်ကြီးရုံး၊ တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနနှင့် တိုင်းရင်းသား အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေး ဦးစီးဌာနတို့ဖြင့် ၂၀၁၆ ခုနှစ် ဇူလိုင် ၂၀ ရက်တွင် အရာထမ်း ၃၇၀ ဦး၊ အမှုထမ်း ၇၆၁ ဦးစုစုပေါင်း ၁၁၃၁ ဦးတို့ဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါကြောင်း။

 

တိုင်းရင်းသားရေးရာကိစ္စများ ပိုမိုဆောင်ရွက်နိုင်ရန် တိုင်းရင်းသားလူမျိုးများရေး ရာဝန်ကြီးဌာန တိုင်းဒေသကြီး၊ ပြည်နယ်ရုံးများကို တိုင်းဒေသကြီး၊ ပြည်နယ်မြို့တော်များတွင် အားလုံးဖွင့်လှစ်ခဲ့ပြီးဖြစ်ပါကြောင်း၊ ကယားပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးတို့တွင် အဆောက်အဦသစ် ဆောက်လုပ်ဖွင့်လှစ်ခဲ့ပြီး ကျန်တိုင်းဒေသကြီး၊ ပြည်နယ်များတွင် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့က နေရာချထားပေးသည့် နေရာတွင် ရုံးခန်းများ ဖွင့်လှစ်၍ လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိဝန်ကြီးဌာနသည် တိုင်းဒေသကြီး၊ ပြည်နယ်ရုံးများတွင် တာဝန်ထမ်းဆောင်ရန် ဒေသခံ တိုင်းရင်းသားများကို ဦးစားပေးရွေးချယ်ခန့်ထားလျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားသည်။

 

မိုးမောက်မဲဆန္ဒနယ်မှ ဦးဝင်းအောင်၏ အခြေခံပညာအထက်တန်းအဆင့် အသစ်ပြဋ္ဌာန်းမည့် (KG+12) သင်ရိုးဖြင့် ဒသမတန်း၊ ဧကာဒသမတန်း၊ ဒွါဒသမတန်းများ၏  သင်္ချာနှင့် သိပ္ပံဘာသာရပ်များ သင်ကြားရာတွင် ကျောင်းသား၊ ကျောင်းသူများ၏ သင်ယူမှုရလဒ် မြင့်မားစေရေးနှင့် သင်ယူမှုရလဒ်အရသိရှိခြင်း၊ နားလည်ခြင်းနှင့် အသုံးချခြင်းအဆင့်အထိ ရောက်ရှိနိုင်ရန် ကျောင်းသုံးစာအုပ်များကို မြန်မာဘာသာဖြင့် ပြုစုသင်ကြားရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍  ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း က အဆင့်မြင့်ပညာရပ်များကို ဆက်လက်ဆည်းပူးရာတွင် နိုင်ငံတကာအဆင့်မီ သင်ယူလေ့လာနိုင်ရန်နှင့် သင်္ချာနှင့် သိပ္ပံဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုများကို အချိန်နှင့်တပြေးညီ သိရှိလေ့လာနိုင်ရန်အတွက် မူရင်းအင်္ဂလိပ်ဘာသာဖြင့် ပြုစုရေးသားထားသော စာအုပ်စာတမ်းများ၊ Internet Websites  များကို လေ့လာခြင်းက ပို၍အကျိုးကျေးဇူး ဖြစ်ထွန်းနိုင်ပါကြောင်း၊  မိမိတို့နိုင်ငံ၏ အခြေအနေအရ နိုင်ငံခြား ဘာသာစကားဖြင့် ရေးသားထားသည့် စာအုပ်စာတမ်းများကို ချက်ခြင်းဘာ သာပြန်ဆိုနိုင်သည့် အခြေအနေ မရှိသေးသောကြောင့် မူရင်းဘာသာစကား (အထူးသဖြင့် အင်္ဂလိပ်ဘာသာစကား)ဖြင့် ရေးသားထားသော စာအုပ်များကိုသာ ဦးစားပေး လေ့လာသင်ယူလေ့ကျင့်ရမည်ဖြစ်ပါကြောင်း။

 

ကျောင်းသုံးစာအုပ်များကို အင်္ဂလိပ်ဘာသာဖြင့် ပြုစုထားသော်လည်း စာသင်ခန်းတွင်း သင်ကြားသင်ယူ လေ့ကျင့်မှုတွင် မြန်မာဘာသာစကားကိုလည်း တွဲဖက်အသုံး ပြုသင်ကြားသွားမည်ဖြစ်သောကြောင့် သင်ယူမှုရလဒ်ကို ထိခိုက်စေမှုရှိမည် မဟုတ်ပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ၏ ဉာဏ်ရည်ဉာဏ်သွေး နှင့် ဖွံ့ဖြိုးတိုးတက်မှုများအရ အဆင့်မြင့်ပညာ၊ နည်းပညာနှင့် သက်မွေးပညာရပ်များကို နိုင်ငံတကာ အဆင့်မီဆက်လက်လေ့လာနိုင်ရန်၊ ယနေ့စက်မှုခေတ်ပြောင်းလဲရေး (Industrial Revolution 4.0)တွင်  Artificial Intelligence နှင့် Bigdata ပညာရပ်များ ဖွံ့ဖြိုးတိုးတက်မှုတွင် နည်းပညာကွာဟမှု ပိုမိုကြီးမားမှု မဖြစ်လာစေရေးအတွက် ကျောင်းသား၊ ကျောင်းသူများ၊ လူငယ်များ၏ တီထွင်ဆန်းသစ်ဖန်တီးနိုင်စွမ်းကို မြှင့်တင်ပေးရန် အရည်အသွေးရှိသောပညာရေးဖြင့် ပြုစုပျိုးထောင်သင်ကြားသင်ယူလေ့ကျင့်ပြီး တစ်သက်တာ သင်ယူသူများအဖြစ် နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသော ဂုဏ်သိက္ခာ မြင့်မားသည့် မြန်မာနိုင်ငံသားများ ဖြစ်လာစေရေးကို ဦးတည်ဆောင်ရွက်ရမည်ဆိုပါက သင်္ချာနှင့် သိပ္ပံဆိုင်ရာ တိုးတက်ဖြစ်ပေါ်မှုများကို အချိန်နှင့်တပြေးညီ သိရှိလေ့လာ သင်ယူလေ့ကျင့်နိုင်ရန်တို့အတွက် (KG+12) သင်ရိုး ဒသမတန်း၊ ဧကာဒသမတန်း၊ ဒွါဒသမတန်းများ၏ သင်္ချာနှင့် သိပ္ပံဘာသာရပ်များ၏ ကျောင်းသုံးစာအုပ်များကို မြန်မာ ဘာသာဖြင့် ပြုစုသင်ကြားရန် အစီအစဉ်မရှိသေးပါကြောင်း ရှင်းလင်းဖြေကြားသည်။

 

ရေဖြူ မဲဆန္ဒနယ်မှ ဦးသက်နိုင်ဦး၏ ၂၀၁၈-၂၀၁၉ ခုနှစ်အတွက် ကုန်သွယ်လုပ် ငန်းခွန်ကောက်ခံရန် လျာထားချက်ကို မည်သည့်အချက်များအပေါ် အခြေခံ၍ သတ်မှတ်လျာထားသည်ကို သိလိုခြင်းနှင့် စပ်လျဉ်း၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်က တိုင်းဒေသကြီး၊ ပြည်နယ်များက သက်ဆိုင်ရာ မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးများသို့ လျာထားချက်ခွဲဝေချထားပေးရာတွင်လည်း ယင်းမြို့ နယ်၏ ယခင်နှစ်များက အခွန်ကောက်ခံရရှိမှုအခြေအနေ၊ စီးပွားရေးဖြစ်ထွန်းမှု အခြေအနေ၊ မြို့နယ်ဖွံ့ဖြိုးရေး လုပ်ငန်းများအတွက်  အခြေခံအဆောက်အအုံများ တည်ဆောက်မှုအခြေအနေစသည်ဖြင့် တစ်မြို့နယ်ချင်းစီ အလိုက်စိစစ်၍  အခွန်လျာထားချက်ကို သတ်မှတ်ပေးရခြင်းဖြစ်ပါကြောင်း၊ ထိုသို့ သတ်မှတ်ပေးရာတွင်လည်း ယင်းမြို့ နယ်ရှိ စီးပွားရေးလုပ်ငန်းများ တည်ရှိမှုအခြေအနေကိုလည်း ထည့်သွင်းစဉ်းစားရပါကြောင်း၊ သို့ဖြစ်ပါ၍ မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးများသို့ ကောက်ခံရန်လျာထားချက်များ ခွဲဝေချထားပေးရာတွင် မြို့နယ်များ၏ အခြေခံအချက်အလက်များအပေါ် မူတည်၍ အနီးစပ် ဆုံးဖြစ်စေရန် ခွဲဝေလျာထားသတ်မှတ် ပေးလျက်ရှိပါကြောင်း၊ မြို့နယ်အလိုက် အကြံပြုလိုသည်များ ရှိပါကလည်း ပြည်တွင်းအခွန်များဦးစီးဌာနမှ ကြိုဆိုပါကြောင်း ရှင်းလင်းဖြေကြားသည်။

 

ထားဝယ် မဲဆန္ဒနယ်မှ ဦးအောင်စိန်၏ မြန်မာ့ရေပိုင်နက်အတွင်း ငါးသယံဇာတ တည်ရှိမှုများကို သုတေသနပြုလုပ်သည့် နိုင်ငံခြားရေယာဉ်၏ လေ့လာတွေ့ရှိချက်များသည် သက်ဆိုင်ရာဌာနနှင့် ပြည်သူများအတွက် မည်သို့ အကျိုးပြုသည်ကို သိလိုခြင်းနှင့် စပ်လျဉ်း၍စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ငါးလုပ်ငန်းဦးစီးအနေဖြင့် ၂၀၁၈ ခုနှစ် သုတေသနရလဒ်များအပေါ် အခြေခံ၍ မြန်မာ့ပင်လယ်ပြင်တွင် ငါးမျိုးစိတ်အလိုက် ငါးမဖမ်းရရာသီ၊ ငါးမဖမ်းရနယ်မြေများ ပိုမိုကောင်းမွန်သည့် ငါးလုပ်ငန်းစီမံခန့်ခွဲမှုအစီအမံများ ပြုလုပ်ဆောင်ရွက်လာနိုင်ခြင်း၊  ပြည်သူများငါးစားသုံးမှုလုံခြုံ၍ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ငါးအသားထဲတွင် ပလတ်စတစ် ပါဝင်မှုနှုန်း (Micro Plastic) မည်မျှ များပြားနေသည်ကို အထူးအလေးပြု သုတေသနလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါကြောင်း၊ သို့သော်လည်း ၎င်း သုတေသနရလဒ်များကို သက်ဆိုင်ရာအဖွဲ့အစည်းဖြစ်သည့် (FAO)၏ လုပ်ထုံးလုပ် နည်းနှင့်အညီ စိစစ်သုံးသပ်လျက်ရှိပါကြောင်းကို  ၂၀၁၉ ခုနှစ် မေလခန့်တွင် ထုတ်ပြန် ကြေညာဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ သုတေသနရလဒ်များထွက်ပေါ်လာမည် ဆိုပါက သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် သတင်းမီဒီယာများမှ တစ်ဆင့် ပြည်သူများ သိသင့်သိထိုက်သည့် သုတေသနရလဒ်များကို ပြည်သူများ ပူးပေါင်းဆောင်ရွက်မှု လိုအပ်ချက်များ၊ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေလုပ်သားများအား စည်းကမ်းချက်များ၊ တားမြစ်ချက်များ၊ အမိန့်ညွှန်ကြားစာများကို ထုတ်ပြန်ပြီး ပြည်သူများအသိပညာမျာ်း ရရှိစေရန် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

 

ယခုကာလတွင် ဖြစ်ပေါ်နေသည့် ပလတ်စတစ်ညစ်ညမ်းမှုနှင့် ဆိုးကျိုးအန္တရာယ် ကြောင့် ပင်လယ်ပြင်အတွင်း တွင်ရှိသည့် ငါးအပါအဝင် ရေနေသတ္တဝါထိခိုက်ပျက်စီးမှု၊ ငါးဖမ်းလုပ်ငန်းနှင့် ခရီးသွားလုပ်ငန်းအပေါ်တွင် ထိခိုက်နိုင်မှုနှင့် ပင်လယ်ပြင်မှရရှိသည့် ငါးများသည် နိုင်ငံခြားပို့ကုန်အဖြစ် ဈေးကွက်ရရှိရန် ပိုမိုခက်ခဲ လာသည့် အခြေအနေမျိုးကို တွေ့ရှိနေရပါကြောင်း၊ ငါးအသားထဲတွင် ပလတ်စတစ်ပါ ဝင်မှုသည် ကျန်းမာရေးထိခိုက်ပြီး ဆိုးကျိုးများ ဖြစ်ထွန်းလာမှုကို ပြည်သူများ ပိုမိုသိရှိလာခြင်းအားဖြင့် မိမိတို့ပတ်ဝန်းကျင်တွင် ပလတ်စတစ်နှင့် အမှိုက်များစွန့်ပစ်မှု ပပျောက်အောင် ထိန်းကျောင်းလာနိုင်မည်ဖြစ်ပါကြောင်း၊ ပင်လယ်ပြင်အတွင်း ပလတ်စတစ်များ အလွယ်တကူရောက်ရှိသည့် စွန့်ပစ်မှုနည်းပါးလာခြင်းမှ ပိုမိုကောင်းမွန်သည့် ငါး အာဟာရဓာတ်များ ရရှိလာပြီး ငါးသယံဇာတများ တိုးပွားရေးကိုပါ အကျိုးဖြစ်ထွန်းစေမှုနှင့်အညီ မြန်မာ့ပင်လယ် ရေလုပ်သားများနှင့် ပြည်သူများလိုက်နာဆောင်ရွက်ရေး အသိပညာပေးမှု လုပ်ငန်းများကို စီမံဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားသည်။

 

ဆက်လက်၍ ပုလဲ မဲဆန္ဒနယ်မှ ဒေါ်ခင်စန်းလှိုင်၊ ခေါင်လန်ဖူး မဲဆန္ဒနယ်မှ ဦးအာမိုးဆီ၊ ကြို့ပင်ကောက် မဲဆန္ဒနယ်မှ ဦးဌေးမင်းသိန်း၊  ကျောက်တံတား မဲဆန္ဒနယ်မှ ဦးနေမျိုးထက်၊ လွိုင်လင် မဲဆန္ဒနယ်မှ ဦးခင်မောင်သီ၊ မိုးကောင်း မဲဆန္ဒနယ်မှ ဦးဝင်းနိုင်၊ ရသေ့တောင် မဲဆန္ဒနယ်မှ ဒေါ်ခင်စောဝေ၊ ဒလ မဲဆန္ဒနယ်မှ ဒေါက်တာဦးစိန်မြအေး၊ မြစ်သား မဲဆန္ဒနယ်မှ ဒေါက်တာဦးလင်းလင်းကျော်နှင့် တောင်ကုတ် မဲဆန္ဒနယ်မှ ဒေါ်နီနီမေမြင့်တို့၏ မေးခွန်းများနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေး၊  စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်၊  လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်နှင့် နေပြည်တော်ကောင်စီဝင် ဦးညီထွန်း တို့က ရှင်းလင်းဖြေကြားကြသည်။

 

ထို့နောက် ပြည်သူ့လွှတ်တော် နိုင်ငံတကာဆက်ဆံရေးကော်မတီ၏ အစီရင်ခံစာနှင့် စပ်လျဉ်း၍ တွံတေး မဲဆန္ဒနယ်မှ ဦးမြင့်လွင်၊ တပ်မတော်သား ပြည်သူ့လွှတ် တော် ကိုယ်စားလှယ် ဗိုလ်မှူးကြီးကျော်စိုးလွင်၊ တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး ဇော်ထွန်းဦးတို့က ဆွေးနွေးကြသည်။

 

ဆက်လက်၍ နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဦးဇော်သိန်းက လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးများအပေါ် ပြန်လည်ရှင်းလင်းဆွေးနွေးသည်။

 

ယင်းနောက် နိုင်ငံတကာဆက်ဆံရေးကော်မတီအတွင်းရေးမှူး ဦးဘိုဘိုဦးက အစီရင် ခံစာအား သဘောတူလက်ခံရန် အဆိုတင်သွင်းပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က လွှတ်တော်၏ အဆုံးအဖြတ်ရယူ အတည်ပြုသည်။

 

ဆက်လက်၍ ပြည်သူ့လွှတ်တော် ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက် ရေးကော်မတီ၏ အစီရင်ခံစာကို သဘောတူ လက်ခံရန် ကော်မတီအတွင်းရေးမှူး ဦးတင်ထွန်းနိုင်က အဆိုတင်သွင်းပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်၏ သဘောထားရယူ အတည်ပြုသည်။ 

 

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အမျိုးသားလွှတ်တော်မှ ပြင်ဆင်ချက်ဖြင့် အတည်ပြု၍ ပေးပို့လာသော နယ်နိမိတ် တိုင်းတာပိုင်းခြားသတ်မှတ်ရေးဥပဒေကြမ်းကို လက်ခံရရှိကြောင်း အသိပေးပြီး ဥပဒေကြမ်း ကော်မတီအဖွဲ့ဝင် ဒေါ်မာမာခိုင်က အစီရင်ခံစာအား လွှတ်တော်သို့ တင်သွင်းသည်။ 

 

ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပြင်ဆင်ချက်အဆို တင်သွင်းလိုသည့် ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

 

ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က နိဂုံးချုပ် အမှာစကား ပြောကြားရာတွင် အစည်းအဝေးကာလအတွင်း ရွေးကောက်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် လေးဦးနှင့် တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ရှစ်ဦးတို့ ကတိသစ္စာပြုခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း၊ အစည်းအဝေး ကျင်းပရက် (၁၇) ရက်ရှိခဲ့ပြီး ကြယ်ပွင့်ပြ မေးခွန်း (၁၂၇)ခု မေးမြန်းဖြေကြားခြင်း၊ ကြယ်ပွင့်မပြ မေးခွန်း (၄၃၈)ခု ဖြေကြားခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း၊ အဆို ကိုးခု တင်သွင်းနိုင်ခဲ့ပြီး  အတည်ပြုအဆို သုံးခု၊ မှတ်တမ်းတင်အဆို သုံးခု တို့ဖြစ်ပြီး တင်သွင်းပြီး ဆွေးနွေးရန် ကျန်အဆို သုံးခု ဖြစ်ပါကြောင်း။

 

ဥပဒေကြမ်းများအနေဖြင့် ဆွေးနွေးခဲ့သည့် ဥပဒေကြမ်း (၂၆)ခု ရှိပြီး ဥပဒေကြမ်းကိုးခုကို အတည်ပြုနိုင်ခဲ့ပါကြောင်း၊ ဆက်လက်ဆောင်ရွက်ရန် ဥပဒေကြမ်း ၁၇ ခု ကျန်ရှိပါကြောင်း၊ နည်းဥပဒေ တစ်ခုကို အတည်ပြုနိုင်ခဲ့ပါကြောင်း၊ ထို့ပြင် ကော်မတီ ၁၂ ခု၏ အစီရင်ခံစာများ အတည်ပြုခြင်းကိုလည်း ဆောင်ရွက်ခဲ့ပါကြောင်း၊ ဒီမိုကရေစီစနစ်ကို ပီပြင်စွာ အကောင်အထည်ဖော်ဆောင်နေသည့် ကာလတွင် ဆောင်ရွက်သင့် ဆောင်ရွက်ထိုက်သည့် ကိစ္စများကို မိမိတို့အားလုံးက ရဲရဲဝံ့ဝံ့၊ သတ္တိရှိရှိ၊ ညီညီညွတ်ညွတ်ဖြင့် ဆောင်ရွက်သွားကြရမည့် အချိန်ဖြစ်ပါကြောင်း။

 

ထိုသို့ ဆောင်ရွက်နိုင်ရန်အတွက် မိမိတို့လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် အရည်အချင်းပြည့်ဝနေရန် လိုအပ်သကဲ့သို့ ဒီမိုကရေစီ၏ အခြေခံအုတ်မြစ်ဖြစ်သည့် လွှတ်တော်များ ခိုင်မာအားကောင်းနေရန်လည်း လိုအပ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့ လွှတ်တော်ကိုယ်စားလှယ်များ အချင်းအချင်း စည်းလုံးညီညွတ်စွာဖြင့် ဆက်ဆံဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ လွှတ်တော်အတွင်း ဆွေးနွေးဆုံးဖြတ် ဆောင်ရွက်ကြရာတွင် ပါတီစွဲ၊ ဒေသစွဲ၊ လူမျိုးစွဲများ မထားရှိဘဲ အများပြည်သူအကျိုး၊ ပြည်ထောင်စု အကျိုး၊ နိုင်ငံတော်အကျိုးအတွက် ဆောင်ရွက်ကြမည်ဟု ခံယူထားကြရမည် ဖြစ်ပါကြောင်း။ 

 

နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွား ဖြစ်ထွန်းစေမည့် မေးခွန်းများ၊ အဆိုများကို မည်သည့်ပါတီ၊ မည်သည့်အဖွဲ့အစည်းက ဖြစ်စေ ဆောင်ရွက်သည့် ကိစ္စများကို အမြဲတမ်း အားပေးကြိုဆိုရမည်ပင် ဖြစ်ပါကြောင်း၊ ထို့အတူ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကြီး တည်ဆောက်နိုင်ရန်အတွက် လိုအပ်သည့် ဥပဒေများနှင့် ပြင်ဆင် သင့်သည့် ဥပဒေများကို ပြင်ဆင်ပြဋ္ဌာန်း နိုင်ရေးသည် မိမိတို့ လွှတ်တော်ကိုယ်စားလှယ် များ၏ တာဝန်ပင် ဖြစ်ပါကြောင်း၊ ပြည်သူ့အသံ၊ ပြည်သူ့သဘောထားနှင့် ပြည်သူတို့၏ မျှော်လင့်ချက်များကို အလေးထား ဆန်းစစ်သုံးသပ်၍ လက်တွေ့နယ်ပယ်တွင် ပြည်သူ့အကျိုးအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးက လိုက်နာကျင့်သုံးနိုင်ရေးကို လွှတ်တော်က ထိန်းညှိကူညီဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း။

 

နိုင်ငံသားအားလုံး ပြည်ထောင်စုစိတ်ဓာတ်၊ တိုင်းရင်းသားအချင်းချင်း ချစ်ကြည် ရိုင်းပင်းသည့် စိတ်ဓာတ် အပြည့်ရှိသော ဖက်ဒရယ် ပြည်ထောင်စုစနစ်ကို ဖော်ဆောင်နိုင်ရန် ပြည်သူလူထုတစ်ရပ်လုံး စည်းလုံးညီညွတ်မှု အင်အားဖြင့် ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ကြရမည့် အရေးကြီးဆုံးကိစ္စမှာ အမျိုးသားပြန်လည်သင့်မြတ်ရေး နှင့် ထာဝရ ငြိမ်းချမ်းရေး ရရှိရန်ပင်ဖြစ်ပါကြောင်း၊ ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၁၂ ရက် ရက်စွဲ ဖြင့် ထုတ်ပြန်ခဲ့သည့် ငြိမ်းချမ်းရေးကော်မရှင်၏ ထုတ်ပြန်ကြေညာချက်ကို မိမိတို့ လွှတ်တော်က ကြိုဆိုဂုဏ်ပြုပါကြောင်းနှင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး၊ နိုင်ငံရေး ပြဿနာများကို အမြန်ဆုံး ဆွေးနွေးညှိနှိုင်း အဖြေရှာ နိုင်မည်ဟု ယုံကြည်မျှော်လင့် မိပါကြောင်း။

 

ငြိမ်းချမ်းရေးကော်မရှင်အနေဖြင့် ကျန်ရှိနေသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ (NCA) တွင် ပူးပေါင်းပါဝင်လာနိုင်ရေး ဆောင်ရွက်နိုင်ကြပါစေကြောင်းကို ဆုတောင်းအပ်ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ဥပဒေပြုရေးတာဝန်ကို တာဝန်သိသိ၊ သစ္စာရှိရှိဖြင့် ဆက်လက်ကြိုးပမ်းဆောင်ရွက်ပေးကြပါ။ ပြည်သူ့ကြားက ပြည်သူ့ကိုယ်စားလှယ်များအဖြစ် စဉ်ဆက်မပြတ် ထိတွေ့ဆက်ဆံဆောင်ရွက်ပေးကြပါ။ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတော်တည်ဆောက်နိုင်ရန် ပြည်သူ လူထုအင်အားဖြင့် (Public Democratic Participation) ဖော်ဆောင်ရေးကိုဝိုင်းဝန်း ကူညီဆောင်ရွက်ပေးကြပါ။ ဒီမိုကရေစီအသွင် ကူးပြောင်းရေးလမ်းကြောင်းက သွေဖည်သွားစေနိုင်သည့် အန္တရာယ်များကိုလည်း မျက်ခြေမပြတ် သတိပြု ကာကွယ်ပေးကြပါ။

 

မိမိတို့ မဲဆန္ဒနယ်မြေအလိုက် အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးကဏ္ဍများ တည့်မတ်မှန်ကန်အောင် ထိန်းညှိဆောင်ရွက်ပေးကြပါ။ ထိုသို့ ဆောင်ရွက်သည့်အခါ ကိုယ်စားလှယ်လုပ်ပိုင်ခွင့်ကို ကျော်လွန်၍ ဝင်ရောက်စွက်ဖက်သည့်ပုံစံမျိုး မဖြစ်စေရန်လည်း သတိပြုဆောင်ရွက်ကြပါ။ ပြည်သူများကို ယဉ်ကျေးသိမ်မွေ့စွာ ဆက်ဆံပြီး ယုံကြည်အားကိုးတန်ဖိုးထားရသည့် ကိုယ်စားလှယ်များဖြစ်အောင် အစဉ်ကြိုးစား ဆောင်ရွက်ကြပါ ဟု ပြောကြားသည်။

 

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန် အစည်းအဝေး (၁၇) ရက်မြောက်နေ့ ရပ်နားကြောင်းနှင့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး အောင်မြင်စွာကျင်းပပြီးစီးကြောင်း ကြေညာသည်။

 

အေးအေးသန့်(သတင်းစဉ်)