ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့ကျင်းပ

နေပြည်တော် ၁၈ ဇူလိုင်

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်ရေးရာ စွမ်းရည်မြှင့်တင်ရေး အကြံပေးအဖွဲ့တွင် ပါဝင်မည့်အဖွဲ့ဝင်ဦးရေ၊ အဖွဲ့ဝင်များ၏ အမည်စာရင်း၊ အဖွဲ့ခေါင်းဆောင်၏ အမည်စာရင်း၊ လွှတ်တော်ရေးရာစွမ်းရည်မြှင့်တင်ရေးအကြံပေးအဖွဲ့၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့် သက်တမ်းတို့ကို လွှတ်တော်၏ သဘောထားရယူရာ သဘောတူသဖြင့်  အတည်ပြုကြောင်းကြေညာသည်။

ထို့နောက် ဖောင်းပြင် မဲဆန္ဒနယ်မှ ဦးထွန်းဝေ၏ ``မျက်မြင်သက်သေများကို အကာအကွယ်ပေးနိုင်သည့် ဥပဒေတစ်ရပ် ရေးဆွဲပြဋ္ဌာန်းရန် အစီအစဉ်ရှိ၊မရှိ မေးခွန်း´´နှင့်စပ်လျဉ်း၍  တရားလွှတ်တော်ချုပ်တရားသူကြီး ဦးအောင်ဇော်သိန်းက ပြဋ္ဌာန်းပြီး တည်ဆဲဥပဒေများကိုလေ့လာပါက ရာဇသတ်ကြီး အခန်း(၂၂)တွင် ရာဇဝတ် မကင်းသော ခြောက်လှန့်မှု၊ စော်ကားမှုနှင့် စိတ်ငြိုငြင်စေမှုများနှင့်စပ်လျဉ်းပြီး အကာအကွယ်ပေးထားသည့် ပြဋ္ဌာန်းချက်များကိုလည်းကောင်း၊ သက်သေခံဥပဒေတွင် ရာဇသတ်မှုကျူးလွန်ခြင်းနှင့် စပ်လျဉ်း၍ သတင်းပေးသူကို အကာအကွယ်ပေးရန် ပုဒ်မ ၁၂၅ တွင်လည်းကောင်း၊ သက်သေများက တရားရုံးသို့လာရောက် သက်သေ ထွက်ဆိုချက်အပေါ် မေးခွန်းများနှင့်စပ်လျဉ်းပြီး အကာအကွယ်ပေးရန် ပုဒ်မ ၁၄၈၊ ၁၅၁၊ ၁၅၂ တို့တွင်လည်းကောင်း၊ ဖော်ကောင်သက်သေများအား အကာအကွယ်ပေးရန်အတွက် ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၃၃၇၊ ၃၃၈၊ လောင်းကစားဥပဒေ ပုဒ်မ ၂၄ တို့တွင် လည်းကောင်း၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေ အခန်း (၅) တွင် လူကုန်ကူးခြင်း ခံရသူများအား အကာအကွယ်ပေးရန် ပုဒ်မ ၁၁ နှင့် ၁၇ တို့တွင်လည်းကောင်း၊ သက်သေများအား အကာအကွယ်ပေးရန်အတွက် ပြစ်မှုဆိုင်ရာကိစ္စများတွင် နိုင်ငံ အချင်းချင်း အကူအညီပေးရေးဥပဒေ ပုဒ်မ ၃၁၊ ၃၅၊ ပြည့်တန်ဆာ နှိပ်ကွပ်ရေးဥပဒေ ပုဒ်မ ၁၆ တို့တွင်လည်းကောင်း၊ တရားမဝင်သောနည်းလမ်းဖြင့်ရရှိသည့် ငွေကြေးများ၊ ပစ္စည်းများထိန်းချုပ်ရေး ဥပဒေပုဒ်မ ၈(ည)တွင် သတင်းပေးသူအား အကာအကွယ်ပေးရန် လည်းကောင်း၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ နည်းဥပဒေ ၂၅ နှင့် ၃၅ တို့တွင် သတင်းပေးများနှင့်ပတ်သက်၍ လည်းကောင်း၊ ကလေးသူငယ်ဥပဒေ(မူကြမ်း) ပုဒ်မ ၉၄နှင့် ၉၅ တို့တွင် ပြစ်မှုကျူးလွန်ခြင်း ခံရသော ကလေးသူငယ်များနှင့် ကလေးသူငယ်သက်သေများအား အကူအညီနှင့် အကာအကွယ်ပေးခြင်း ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၁၇ (ည)တွင် သတင်းပေးသူများ၊ သက်သေများ၊ နစ်နာသူ သို့မဟုတ် တိုင်ကြားသူများအား အကာအကွယ်ပေးခြင်းကိုလည်းကောင်း ပြဋ္ဌာန်းချက်များ အသီးသီးထည့်သွင်း ပြဋ္ဌာန်းထားပြီး ဖြစ်ပါကြောင်း။

သို့ပါ၍ သက်ဆိုင်ရာ တည်ဆဲပြဋ္ဌာန်းဥပဒေအသီးသီးတွင် သက်သေများကို အကာ အကွယ်ပေးရန် ထည့်သွင်းပြဋ္ဌာန်းပြီးဖြစ်၍ ပြည်ထောင်စုတရား လွှတ်တော်ချုပ်အနေဖြင့် သက်သေများကို အကာအကွယ်ပေးနိုင်သည့် ဥပဒေတစ်ရပ်ကို သီးခြားရေးဆွဲပြဋ္ဌာန်းရန် အစီအစဉ်မရှိပါကြောင်း  ရှင်းလင်းပြောကြားသည်။

ဗဟန်းမဲဆန္ဒနယ်မှ ဦးထွန်းမြင့်၏ ``ဗဟန်းမြို့နယ် နတ်မောက်လမ်းသွယ် (၁)ရှိ စက်မှုနည်းပညာ လေ့ကျင့်ရေးသင်တန်းကျောင်း (SITE) အား အစိုးရစက်မှုလက်မှုသိပ္ပံ ကျောင်းအဖြစ် အဆင့်တိုးမြှင့်ရန် အစီအစဉ် ရှိ၊ မရှိမေးခွန်း´´နှင့်စပ်လျဉ်း၍ ပညာရေး ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ပညာရေးဝန်ကြီးဌာန နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီဌာနအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် နတ်မောက် လမ်းသွယ်(၁)ရှိ စက်မှုနည်းပညာလေ့ကျင့်သင်ကြားရေးသင်တန်းကျောင်း (SITE) အား အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းအဖြစ် အဆင့်တိုးမြှင့်နိုင်ရေးအတွက် လိုအပ်သည့်အခြေခံ အဆောက်အဦများ ဆောက်လုပ်ခြင်းနှင့် သင်ထောက်ကူပစ္စည်းများ ဖြည့်ဆည်းခြင်း၊ လိုအပ်သော  ဆရာ၊ ဆရာမ ဝန်ထမ်းများ လေ့ကျင့်ဖြည့်ဆည်းခြင်းတို့ကို လက်ရှိဦးစားပေး ဆောင်ရွက်နေပါကြောင်း၊ ၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် အစိုးရစက်မှုလက်မှုသိပ္ပံအဖြစ် ဖွင့်လှစ်နိုင်ရန် ရည်မှန်းဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းပြောကြားသည်။

သရက်ချောင်း မဲဆန္ဒနယ်မှ ဦးအောင်စိုး၏ ``ထားဝယ်တက္ကသိုလ်တွင် အဏ္ဏဝါဗေဒ ဘာသာရပ်တစ်ခု တိုးမြှင့်သင်ကြားနိုင်ရေး အစီအစဉ် ရှိ၊ မရှိ မေးခွန်း´´နှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက အဆင့်မြင့်ပညာဦးစီးဌာနအနေဖြင့် စိစစ်တွေ့ရှိချက်အရ မြိတ်တက္ကသိုလ်တွင် အဏ္ဏဝါသိပ္ပံဘာသာရပ်ကို လေ့လာသင်ယူသူများအဖြစ် ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်တန်းအောင်မြင်သူများအနက်မှ ထားဝယ်မြို့နယ်မှ (၃)ဦးနှင့် လောင်းလုံမြို့ နယ်မှ (၁)ဦး စုစုပေါင်း(၄)ဦးသာ ပညာသင်ယူလျက်ရှိသည်ကို တွေ့ရှိရပါကြောင်း။

ထို့ကြောင့် သင်ယူမည့်ကျောင်းသားဦးရေ အင်မတန် နည်းပါးနေသေးသည့်အတွက် ထားဝယ်တက္ကသိုလ်တွင် အဏဝါသိပ္ပံဘာသာရပ်ကို ဖွင့်လှစ်သင်ကြားရန် လောလောဆယ်တွင် အစီအစဉ်မရှိသေးပါကြောင်း ရှင်းလင်းပြောကြားသည်။

မြင်းမူမဲဆန္ဒနယ်မှ ဦးစိုးစံသက်ထွန်း၏ ``သက်ဆိုင်ရာဝန်ကြီးဌာန၏ ခွင့်ပြုချက် မရှိဘဲ တိုင်းရင်းဆေးအမည်ခံ သင်တန်းကျောင်းများ၊ တက္ကသိုလ်များအဖြစ် ဖွင့်လှစ်သင်ကြား ပေးနေခြင်းများကို မည်ကဲ့သို့ အရေးယူဆောင်ရွက်ထားသည်ကို သိလိုခြင်းနှင့်မေးခွန်း´´နှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက တိုင်းရင်းဆေးဝါးကြီးကြပ်ရေး ကော်မတီအဆင့်ဆင့်ကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းသွား မည်ဖြစ်ပြီး ၂၀ဝ၀ ခုနှစ် ဇန်နဝါရီ ၁၄ ရက်တွင် ပြဋ္ဌာန်းခဲ့သည့် တိုင်ရင်းဆေးကောင်စီကို ခေတ်နှင့်လျော်ညီစေရန် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတိုင်းရင်းဆေး ကောင်စီဥပဒေကို ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၂၅ ရက်တွင် ပြဋ္ဌာန်းခဲ့ပါကြောင်း၊  မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီ နာယကအဖွဲ့ ဖွဲ့စည်းနိုင်ရေးအတွက်လည်း လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကော်မတီသို့ တင်ပြထားပါကြောင်း။

နာယကအဖွဲ့မှ ဆက်လက်၍ တိုင်းရင်ဆေးကောင်စီဝင်အဖွဲ့ဝင်များကို ဖွဲ့စည်းပြီး ၎င်းကောင်စီမှ ဝန်ကြီးဌာန၏ ခွင့်ပြုချက်မရှိဘဲ တိုင်းရင်းဆေးအမည်ခံ သင်တန်းကျောင်းများ၊ တက္ကသိုလ်များအဖြစ် ဖွင့်လှစ်သင်ကြားပေးခြင်းများကို အောက်ဖော်ပြပါ မြန်မာနိုင်ငံ တိုင်းရင်းဆေးကောင်စီဥပဒေ အခန်း ၁၇ တားမြစ်ခြင်း၊  အရေးယူခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပုဒ်မ  ၅၆ တွင် မည်သူမျှ ကောင်စီက သတ်မှတ်ထားသော ဆေးကုသခွင့်လိုင်စင်မရှိဘဲ တိုင်းရင်းဆေးဆရာအမည်ခံ၍  ဆေးကုသခြင်း မပြုရ၊ ပုဒ်မ ၆၁ မည်သူမဆို ပုဒ်မ ၅၆ ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား ကျူးလွန်ခြင်းခံရလျှင် ထိုသူကို ၁ နှစ်အထိ ထောင်ဒဏ်ဖြစ်စေ  အနည်းဆုံး ငွေကျပ် ၁ သိန်းမှ  အများဆုံး ၃ သိန်းအထိ ငွေဒဏ် ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဖြစ် ကြောင်း ရှင်းလင်းပြောကြားသည်။

ဒလမဲဆန္ဒနယ်မှ  ဒေါက်တာဦးစိန်မြအေး၏ ``လွန်ခဲ့သော နှစ် ၅၀ ကဲ့သို့ မြန်မာ ရေကူးလောက တစ်ခေတ်ဆန်းစေရန်နှင့် နိုင်ငံတကာခေတ်မီ ရေကူးကစားသမားများ ပေါ်ထွက်လာစေရန် မည်ကဲ့သို့ပြုစုပျိုးထောင် လေ့ကျင့်နေပါသနည်းနှင့် အခြေခံပညာနှင့် တက္ကသိုလ်မှကျောင်းသားများအား ပြုစုပျိုးထောင်ပေးရန် အစီအစဉ် ရှိ၊မရှိမေးခွန်း´´နှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ရေကူးအားကစားသမားကောင်းများပေါ်ထွက် လာစေရန် မိမိတို့နိုင်ငံ၏ အဓိကလိုအပ်ချက်မှာ ရေကူးကန်များ ယခုထက်ပိုမိုရှိရမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ရေကူးကန်များပိုမို တည်ဆောက်ပေးရန် လိုအပ်ပါကြောင်း၊ နွေးရာသီ ရေကူးသင်တန်းများကို ဖွင့်လှစ်သင်ကြားပေးနေပါကြောင်း၊ ဆက်လက်ပြီး အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနပိုင် နိုင်ငံတကာအဆင့်မီ ရေကူးကန် ၃ ကန် သာရှိပါကြောင်း၊ ရေကူးလေ့ကျင့်ရေးပြုလုပ်နိုင်သည့်ကန် ၈ ကန်သာရှိပါကြောင်း၊ ဘဏ္ဍာငွေရရှိမည်ဆိုပါက နှစ်အလိုက်ရေကူးကန်များ တည်ဆောက်သွားနိုင်မည်ဖြစ်ပါကြောင်း၊ အားကစားနှင့်ပတ်သက်ပြီး ရက်အလိုက်၊ လအလိုက်ပြုလုပ်မည့် အားကစားပြက္ခဒိန်ကို ရေးဆွဲထားပါကြောင်း၊ ရေကူးအားကစားနှင့်ပတ်သက်လျှင် ဇန်နဝါရီလတွင် တပ်မတော် (ကြည်း၊ရေ၊လေ) ရေကူးပြိုင်ပွဲရှိပါကြောင်း၊ မေလတွင် သက်တမ်းအလိုက်ရေကူးပြိုင်ပွဲ၊ ဇွန်လတွင် အိုလံပစ် အထိမ်းအမှတ်ရေကူးပြိုင်ပွဲ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ရေကူးပြိုင်ပွဲ၊ အောက်တိုဘာလတွင် အားကစားသိပ္ပံနှင့် ကျောင်းပေါင်းစုံရေကူးပြိုင်ပွဲနှင့် အခြေခံကျောင်း ပေါင်းစုံ ရေကူးပြိုင်ပွဲ၊ ဒီဇင်ဘာလတွင် အလွတ်တမ်းတံခွန်စိုက်ရေကူးပြိုင်ပွဲများ ကျင်ပပေး လျက်ရှိပါကြောင်း။

 နှစ်စဉ်နွေရာသီတွင် ရေကူးသင်တန်းများကို ဖွင့်ပေးလျက်ရှိကြောင်း ၂၀၁၇ ခုနှစ် တွင် ၁၄၀၇  ဦး၊ ၂၀၁၈ ခုနှစ်တွင် ၉၅၀ ဦး၊ ၂၀၁၉ ခုနှစ်တွင် ၁၄၄၈ ဦးကို သင်တန်းများ ပေးခဲ့ပါကြောင်း၊ ထို့ပြင် ပညာရေးဝန်ကြီးဌာနကလည်း နွေရာသီရေကူးသင်တန်းများဖွင့် လှစ်ပြီး အခြေခံပညာနှင့် တက္ကသိုလ်များတွင် လေ့ကျင့်သင်ကြားပေးမှုများရှိပါကြောင်း၊ ဘဏ္ဍာငွေရရှိပါက ရေကူးကန်များ တိုးချဲ့ဆောက်လုပ်သွားမည်ဖြစ်ပါကြောင်း၊ ရှိပြီး ရေကူးကန်များကိုလည်း ပိုမိုအသုံးပြုနိုင်ရန် လေ့ကျင့်ချိန် အချိန်ဇယားများကို ပိုမိုတိုးချဲ့ သွားမည်ဖြစ်ပါကြောင်း၊ ထို့ပြင် နိုင်ငံတကာနည်းပြများကိုလည်း ငှားရမ်းပြီး သင်တန်းများ ပေးလျက်ရှိပါကြောင်း၊  ဂျပန်၊ တရုတ်၊ ကိုရီးယားနှင့် ချိတ်ဆက်၍ ရေကူးအားကစားနည်း ဖွံ့ဖြိုးတိုးတက်စေရေး ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ရှင်းလင်းပြောကြားသည်။

ဖလမ်း မဲဆန္ဒနယ်မှ ဒေါက်တာဆလိုင်းရီယန်းဗဲလ်၏ ``ဖလမ်းမြို့ ခုတင် (၂၀ဝ)ဆေးရုံတွင် ကျောက်ကပ်သန့်စင်စက် တပ်ဆင်ရန်နှင့် ၎င်းနှင့်ပတ်သက်သော အထူးကုဆရာဝန် (ဆေးပညာ)ခန့်ထားရန်၊ အထွေထွေရောဂါကု ဆရာဝန်သမားတော်နှင့် လက်ထောက် ဆရာဝန်ခန့်ထားရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်း´´နှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ကိုယ်စားလှယ်ကြီး တောင်းဆိုထားသည့် လက်ထောက်ဆရာဝန် ၁၀ ဦးကို မတ် ၁ ရက် အမိန့်စာဖြင့် ခန့်အပ်ပြီးဖြစ်ပါကြောင်း၊  စတင်တာဝန်ထမ်းဆောင် နေပြီဟုလည်း သိရှိရပါကြောင်း၊ ကျောက်ကပ်သန့်စင်စက်ကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာက ချထားပေးပြီးဖြစ်ပါကြောင်း၊ သို့သော်လည်း လျှပ်စစ်မီးမရရှိသေးခြင်းနှင့် အဆောက်အဦ မပြီးစီးသေးခြင်းတို့ကြောင့် တပ်ဆင်အသုံးပြုခြင်း မရှိသေးပါကြောင်း၊ ယခုအခါ လျှပ်စစ်မီး လည်းရရှိပြီး အဆောက်အဦလည်း ဆောက်လုပ်ပြီးစီးပြီဖြစ်သည့်အပြင် လိုအပ်သည့် ဆက်စပ်ပစ္စည်းများကိုလည်း ဝယ်ယူပြီးဖြစ်သည့်အတွက် စက်တင်ဘာလတွင် ဖလမ်း ဆေးရုံကြီး၌  ကျောက်ကပ်သန့်စင်စက်ကို စတင်အသုံးပြုနိုင်တော့မည်ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။

ထို့အတူ ရေဦးမဲဆန္ဒနယ်မှ ဒေါက်တာဦးမင်းသိန်း၏ ``နိုင်ငံသူ၊ နိုင်ငံသားအားလုံး ခွေးရူးရော ဂါအန္တရာယ်ကင်းဝေးစေရန်နှင့် အာဆီယံဒေသတွင်းနိုင်ငံများ သဘောတူညီချက် အောင်မြင်စေရန် ပြည်သူများအား အသိပညာပေးခြင်းနှင့် လမ်းဘေးခွေးအပါအဝင် မြန်မာ နိုင်ငံအတွင်းရှိ ခွေးအားလုံးအား ခွေးရူးရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို လယ်ယာစိုက်ပျိုး ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနကဆောင်ရွက်ရန် အစီအစဉ် ရှိ၊ မရှိနှင့် မည်ကဲ့သို့ ဆောင်ရွက်နေသည်ကိုသိရှိလိုကြောင်းမေးခွန်း´´နှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး ကရှင်းလင်းပြောကြားသည်။

အဆိုပါ မေးခွန်းနှင့် ဝန်ကြီးဌာန၏ ဖြေကြားချက်သည် ပြည်သူများအတွက် အကျိုး ဖြစ်ထွန်းစေမည်ဖြစ်သည့်အတွက် လွှတ်တော်ဆိုင်ရာနည်းဥပဒေများအရ နိုင်ငံတော် ပြန်တမ်းနှင့် နိုင်ငံပိုင်သတင်းစာများတွင်ဖော်ပြနိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ကြေညာသည်။ 

ယင်းနောက် လှိုင်းဘွဲ့မဲဆန္ဒနယ်မှ ဦးခင်ချိုက “ဆေးလိပ်၊ ဆေးရွက်ကြီးနှင့် ဆေးရွက်ပါသည့် ကွမ်းယာသုံးစွဲမှု ထိန်းချုပ်လျှော့ချနိုင်ရန် ထိရောက်သည့်မူဝါဒချမှတ် အကောင်အထည်ဖော်ရေး အစိုးရအားတိုက်တွန်းကြောင်း”အဆိုကိုတင်သွင်းရာ ကသာမဲဆန္ဒနယ်မှ ဦးမြင့်ကြည်က ထောက်ခံဆွေးနွေးသည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ယင်းအဆိုနှင့်စပ်လျဉ်း၍  လွှတ်တော်၏ သဘောထား ရယူရာ လက်ခံဆွေးနွေးရန် သဘောတူသဖြင့် အဆိုကို လက်ခံဆွေးနွေးရန်ဆုံးဖြတ် ကြောင်းနှင့် ဆွေးနွေးလိုသည့် ကိုယ်စားလှယ်များ အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

 

mdn

 

ဆက်လက်၍ စီးပွားရေးနှင့် ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်ရေးကော်မတီအဖွဲ့ဝင် ဒေါ်ဝင့်ဝါထွန်းက “အမျိုးသားမှတ်တမ်းနှင့် မော်ကွန်းဥပဒေကြမ်း”ကို တင်သွင်းပြီး ဥပဒေကြမ်းကော်မတီအဖွဲ့ဝင် ဦးပါရ်ထန်းက ယင်းဥပဒေကြမ်းနှင့်စပ်လျဉ်းသည့် ကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်များပါဝင်သော အစီရင်ခံစာကို ဖတ်ကြားသည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အဆိုပါဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြင်ဆင်ချက်အဆို တင်သွင်းလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာပြီး အစည်းအဝေးကို ရပ်နားလိုက်သည်။

သတင်း- မော်စီ၊ မွှေးကြူဇင်
ဓာတ်ပုံ-ထိုက်ကြီး