ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် (၂၀)ကြိမ်မြောက် ပုံမှန်အစည်းအဝေး စတုတ္ထနေ့ကျင်းပ

မြစ်ကြီးနား  ၂၈  ဩဂုတ်

 

ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် (၂၀)ကြိမ်မြောက် ပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို  ယနေ့နံနက် ၁၀ နာရီကကျင်းပရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးထွန်းတင်နှင့် လွှတ်တော်ကိုယ်စားလှယ် ၄၅ ဦး တက်ရောက် ကြသည်။

 

အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်များက ဗန်းမော်မြို့နယ်၊ စာဝတီးကျေးရွာမှ ကန်သာ၊ ရွာသစ်/ ရွာဟောင်း၊ သပြေကုန်း၊ ရေနီ၊ နောင်ကာ၊ ညောင်ပင်သာ ရွာချင်းဆက်လမ်းအား ကွန်ကရစ်လမ်းအဖြစ် တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ မေးခွန်း၊ အင်ဂျန်းယန်မြို့နယ်အတွင်းရှိ အဓိကလမ်းမဖြစ်သော အင်ဂျန်းယန်-ဂွေထော် ကားလမ်းမကြီး (၂၅)မိုင် အရှည်ရှိလမ်းကို ယခင် ပထမအကြိမ် လွှတ်တော်သက်တမ်း တွင် ပြုပြင်ဆောင်ရွက်ခဲ့ပြီး၊ ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် တတိယပုံမှန် အစည်းအဝေး (တတိယနေ့)တွင် အမာခံကျောက်လမ်းခင်းရန် မေးမြန်းခဲ့ရာ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှု ဝန်ကြီးမှ (၂၀၁၆-၂၀၁၇) ဘဏ္ဍာရေးနှစ်တွင် ရာသီမရွေးသွားလာနိုင်သော အမာခံကျောက်လမ်း ပြင်ဆင် ဆောင်ရွက်ခဲ့ပါကြောင်း၊ လမ်းကောင်းမွန်ရေးအတွက် လိုအပ်သည်များ ဆောင်ရွက်နေပါကြောင်း ဖြေကြားခဲ့ သော်လည်း (၂၀၁၇-၂၀၁၈)ဘဏ္ဍာနှစ်မှ စတင်ခဲ့ရာ ဘတ်ဂျက်ခွဲဝေချထားပေးမှု အလွန်နည်းပါးသောကြောင့် ဘဏ္ဍာနှစ် (၃)နှစ်အတွင်း (၇)မိုင် (၅)ဖာလုံသာ ခင်းနိုင်ခဲ့ပါသဖြင့် ဇွပ်မိုင်ယန်ကျေးရွာမှ ဂွေထော်အထိ (၁၃) မိုင်ကို ၂၀၂၀ -၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ပြီးစီးအောင် ကွန်ကရစ်လမ်းခင်းခြင်း ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ မေးခွန်းများ အပါအဝင် မေးခွန်း(၁၀)ခုကို မေးမြန်းကြရာ သက်ဆိုင်ရာ ပြည်နယ်ဝန်ကြီးများက ပြန်လည် ရှင်းလင်းဖြေကြားကြသည်။

 

ယင်းနောက် ကချင်ပြည်နယ်အစိုးရအဖွဲ့၏ “ကချင်ပြည်နယ် သတ္တုအသေးစားနှင့် လက်လုပ်လက်စားလုပ်ငန်း ဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း”ကို  ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးက လွှတ်တော်သို့တင်သွင်းရာ လွှတ်တော်ဥပဒေကြမ်းကော်မတီမှ အဆိုပါဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ကော်မတီ၏ စိစစ်ချက် အစီရင်ခံစာကို တင်သွင်းသည်။

 

ဆက်လက်၍ အစည်းအဝေး(ပထမနေ့)တွင် ကချင်ပြည်နယ်အစိုးရအဖွဲ့မှ တင်သွင်းထားခဲ့သော “ကချင်ပြည်နယ် စည်ပင်သာယာရေးဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြည်နယ်လွှတ်တော်က လွှတ်တော်၏ သဘောထားရယူပြီး အတည်ပြုကြောင်းကြေညာကာ အစည်းအဝေး စတုတ္ထနေ့ကို ရပ်နားခဲ့ကြောင်း သိရသည်။

 

(ပြည်နယ် ပြန်/ဆက်)