ဒုတိယအကြိမ် ချင်းပြည်နယ်လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး စတုတ္ထနေ့ ဆက်လက်ကျင်းပ

ဟားခါး ၉ ဇွန်

ဒုတိယအကြိမ် ချင်းပြည်နယ်လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို ဇွန် ၈ ရက် နံနက် ၁၀ နာရီက ဟားခါးမြို့ ချင်းပြည်နယ် လွှတ်တော်အစည်းအဝေးခန်းမ၌ ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးဇိုဘွဲ၊ ပြည်နယ်အဆင့်အဖွဲ့ အစည်းဝင်များနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၂၀) တက်ရောက်ကြသည်။

အစည်းအဝေးတွင် ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဝီကောက ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာရေးနှစ် ချင်းပြည်နယ်၏ ဘဏ္ဍာငွေအရအသုံး ခန့်မှန်းခြေငွေစာရင်းအား လွှတ်တော်သို့ တင်သွင်းပြီး အစည်းအဝေး ခေတ္တရပ်နားသည်။

ထို့နောက် အစည်းအဝေးကို မွန်းလွဲ ၁ နာရီတွင် ဆက်လက်ကျင်းပရာ ချင်းပြည်နယ် အစိုးရအဖွဲ့မှ တင်သွင်းသည့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ချင်းပြည်နယ်၏ ဘဏ္ဍာငွေအရ အသုံးခန့်မှန်းခြေ ငွေစာရင်းနှင့် ပတ်သက်၍ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဌ ဦးအောင်သန်းက ဆွေးနွေးကာ အစည်းအဝေးကို မွန်းလွဲ ၁ နာရီ ၂၀ မိနစ်တွင် ရပ်နားသည်။

ဒုတိယအကြိမ် ချင်းပြည်နယ် လွှတ်တော်(၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို ဇွန် ၁၁ ရက် နေ့တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)