ဒုတိယအကြိမ် အမျိုးသားလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး သတ္တမနေ့ ကျင်းပ

နေပြည်တော် ၂၆ ဇန်နဝါရီ

 

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး သတ္တမနေ့ကို ယနေ့ နံနက် ၁၀နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)မှ ဦးဥက္ကာမင်း၏ တနင်္သာရီတိုင်းဒေသကြီး  မြိတ်ခရိုင် ကျွန်းစုမြို့နယ်အတွင်းရှိ ကတန်ကျွန်းပတ်လမ်း (၄၄မိုင် ၅ဖာလုံ)အနက်မှ ကတ္တရာလမ်းခင်းပြီး ကျန်ရှိသော ကျောက်ခင်းလမ်းပိုင်း(၂၁ မိုင် ၁ ဖာလုံ)ကို ၁၈ပေအကျယ် ကွန်ကရစ်လမ်း ပြုလုပ်ဆောင်ရွက်ပေးရန်နှင့် ကျွန်းစုမြို့၏ တစ်လမ်းတည်းသာရှိသော အဓိကလမ်းမကြီး တစ်မိုင်အား မြို့နယ်စည်ပင် သာယာရေးထံမှ လွှဲပြောင်းရယူကာ (ပေ၁၀ဝ)လမ်းအဖြစ် တိုးချဲ့ပြင်ဆင်ဖောက်လုပ် ပေးရန်အစီအစဉ်ရှိ၊မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ်တွင် လမ်းဦးစီးဌာနပိုင် ကတန်ကျွန်းပတ်လမ်းအပြင် မြို့ပေါ်ရပ်ကွက် ၄ ရပ်ကွက်ကို ဆက်သွယ်ထားသည့် အဓိကလမ်းမကြီး တစ်လမ်းရှိပြီး လမ်းအရှည် တစ်မိုင်ရှိပါကြောင်း၊  အဆိုပါလမ်းသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် လမ်းဖြစ်သည့်အပြင် လမ်းနယ်နိမိတ်အကျယ် ရရှိနိုင်မှု အခြေအနေတွင် ၃၅ ပေခန့်သာ ရှိသည့်အတွက် လမ်းဦးစီးဌာနအနေဖြင့်  တိုးချဲ့ခြင်း လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အခက်အခဲရှိပါကြောင်း၊ အဆိုပါလမ်းနှင့် ပတ်သက်၍ သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်များမှ သတ်မှတ်လမ်းနယ်နိမိတ် အကျယ်ရရှိနိုင်ရေးကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးရန် လိုအပ်ပြီး သတ်မှတ်လမ်း နယ်ရရှိချိန်တွင် သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တစ်ဆင့် ပြည်ထောင်စု အစိုးရအဖွဲ့ရုံးသို့ ဆောက်လုပ်ရေး ဝန်ကြီးဌာနပိုင် လမ်းအဖြစ် လွှဲပြောင်းခွင့်ပြုရန် လုပ်ထုံးလုပ်နည်းများနှင့်အညီ တင်ပြဆောင်ရွက်ရမည် ဖြစ်ပါကြောင်း။

 

မြိတ်ခရိုင် ကျွန်းစုမြို့နယ်အတွင်းရှိ ကတန်ကျွန်းပတ်လမ်း ၄၄ မိုင် ၅ ဖာလုံသည်  လမ်းဦးစီးဌာနပိုင် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ စီမံခန့်ခွဲသော လမ်းဖြစ်ပြီး  လမ်းအမျိုး အစားမှာ ကတ္တရာလမ်း ၂၂ မိုင် ၂ ဖာလုံနှင့် ကျောက်လမ်း ၂၂ မိုင် ၃ ဖာလုံဖြစ်ပါကြောင်း၊  ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင်  တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေ ကျပ် ၄၇၃ သန်းဖြင့် တစ်မိုင်ခွဲအရှည် ကျောက်လမ်းအား ၁၈ ပေအကျယ် ကတ္တရာ လမ်းသစ် ခင်းခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိပါသဖြင့် ယခုဘဏ္ဍာနှစ် အကုန်တွင် ကတ္တရာလမ်း ၂၃ မိုင် ၆ ဖာလုံခင်းပြီးဖြစ်၍ ကျောက်လမ်းမှာ မိုင်(၂၀) (၇)ဖာလုံ ကျန်ရှိ မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ ကျန်ရှိသည့် ကျောက်ခင်းလမ်းပိုင်း မိုင်(၂၀) (၇) ဖာလုံအတွက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်မှ စတင်၍ ကွန်ကရစ်လမ်းအဖြစ် ဆောင်ရွက်နိုင်ရန် တိုင်းဒေသကြီးရန်ပုံငွေ တင်ပြတောင်းခံသွားမည်ဖြစ်ပြီး ရန်ပုံငွေ ခွဲဝေရရှိမှုအပေါ် မူတည်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ကျန်ရှိသည့် သုံးနှစ်အတွင်းတွင် သိသာထင်ရှားသည့် တိုးတက်မှုရရှိအောင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း  ရှင်းလင်းဖြေကြားသည်။

 

ဆက်လက်၍ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)မှ ဦးမျိုးဝင်းနှင့် ရန်ကုန်တိုင်း ဒေသကြီးမဲဆန္ဒနယ်အမှတ်(၈)မှ ဦးကျော်ထွေးတို့၏ မေးခွန်းများနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ရှင်းလင်းဖြေကြားသည်။

 

 

ထို့နောက် စက်မှုဒီဇိုင်း မူပိုင်ခွင့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စား လှယ်များက ဆွေးနွေးကြရာ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)မှ ဒေါက်တာ ပြည့်ဖြိုးက စက်မှုဒီဇိုင်း မူပိုင်ခွင့် ဥပဒေကြမ်းဆိုသည့် ခေါင်းစဉ်တွင် အဓိပ္ပာယ်ဘောင်ခတ်ထားသကဲ့သို့ ဖြစ်နေပါကြောင်း၊ အဓိပ္ပာယ် ဖွင့်ဆိုချက်တွင် စက်မှုထုတ်ကုန် သို့မဟုတ် လက်မှုထုတ်ကုန် တစ်ခုလုံးစသည်ဖြင့် ပါဝင်ပါကြောင်း၊ စင်ကာပူ၏ IP Acts များတွင် Registared Design Act ဟု ပြဋ္ဌာန်းထားပါကြောင်း၊ ထို့ကြောင့် ဒီဇိုင်းမူပိုင်ခွင့် ဥပဒေဟု ပြင်ဆင်လိုပါကြောင်း၊ အခန်း(၄)တွင် အေဂျင်စီ ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ ပါဝင်ပါကြောင်း၊ အေဂျင်စီများသည် ထောက်လှမ်းခြင်း၊ စုံစမ်းခြင်းများကို ဆောင်ရွက်ရပါကြောင်း၊ IP Law များ ကောင်းမွန်စွာ အကောင်အထည် ဖော်နိုင်ရေးအတွက် ဥပဒေအရ လိုအပ်ချက်များကို ဗဟိုကော်မတီသို့ တင်ပြညှိနှိုင်းခြင်းများ ပြုလုပ်ရပါကြောင်း၊ ဥပဒေကြမ်းတွင် အေဂျင်စီအောက်၌ ဗဟိုကော်မတီ နှင့်ဦးစီးဌာန၏ လုပ်ငန်းတာဝန်များ ထည့်သွင်းထားသည်ကို တွေ့ရပါကြောင်း၊ ဦးစီးဌာနသည် ရုံးပိုင်းဆိုင်ရာ ဆောင်ရွက်မှုများကို အဓိကဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် အေဂျင်စီဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များကို ပယ်ဖျက်သင့်ပါကြောင်း၊ ကော်မတီဖွဲ့စည်းမှုအား အဆိုပြု ပြဋ္ဌာန်းချက်များအရ သက်ဆိုင်ရာ ဝန်ကြီးဌာနဖြစ်သည့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနကို ဖြည့်စွက်အစားထိုး ထားသင့် ပါကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာန၊ ဦးစီးဌာနများကသာ IPR(အသိဉာဏ်ပစ္စည်း ကာကွယ်ရေး) များကို ထိထိရောက်ရောက် ဆောင်ရွက်ရမည်ဖြစ်ပြီး နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စုအစိုးရအဖွဲ့သို့ အစီရင်ခံစာ တင်သွင်းရမည် ဖြစ်ပါကြောင်း၊ ဦးစီးဌာန အနေဖြင့် မှတ်ပုံတင်ခြင်း၊ ထုတ်ပြန်ကြေညာခြင်း စသည့် မူပိုင်ခွင့် မှတ်ပုံတင်လိုသူများနှင့် အကာအကွယ် ယူလိုသူများအတွက် Portal တစ်ခုအနေဖြင့် ရုံးပိုင်းဆိုင်ရာ လုပ်ငန်းများကို အဓိကဆောင်ရွက်ရခြင်း ဖြစ်ပါကြောင်း၊ ဥပဒေကြမ်းတွင် ဦးစီးဌာန၏ တာဝန်များသည် အေဂျင်စီအတွင်း ရောက်ရှိနေသည်ကို တွေ့ရပါကြောင်း၊ ထို့ကြောင့် အဆိုပြု ပြဋ္ဌာန်းချက်ပါ အပိုဒ်များကို အခြေခံ၍ ပြင်ဆင်သင့်ပါကြောင်း ဆွေးနွေးသည်။

 

အလားတူ ယင်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁၀)မှ ဦးစိုးသိန်း(ခ) ဦးမောင်စိုးက ဆက်လက်ဆွေးနွေးသည်။

 

ယင်းနောက် ကုန်အမှတ်တံဆိပ် မူပိုင်ခွင့် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးကြရာ ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၇)မှ နော်ခရစ္စထွန်း(ခ)ဒေါက်တာ အာကာမိုးက  အခန်း(၁)  ပုဒ်မ ၂(ဖ)တွင်  ဒေသဆိုင်ရာအညွှန်း ပိုင်ရှင်နှင့် ဆိုသည်ကို ဖြည့်စွက်လိုပါကြောင်း၊  အခန်း(၃) ပုဒ်မ ၄ (က)(၆) တွင် နှစ်ဦးထက်မပိုသော စီးပွားရေးဆိုင်ရာ အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စား လှယ်များဟု ဖြည့်စွက်လိုပါကြောင်း၊ အခန်း(၁၂) ပုဒ်မ ၃၈(က)(၁)တွင် ယင်း၏ သဘောတူညီချက်မရဘဲ အခြားသူတစ်ဦးက အလားတူသော ကုန်ပစ္စည်း ဝန်ဆောင်မှုတွင် အသုံးပြု၍ ကုန်သွယ်မှုပြုရာတွင် အများပြည်သူကို ထင်ယောင်ထင်မှား ဖြစ်စေပါက ဤဥပဒေနှင့်အညီ ကာကွယ်တားဆီးခွင့် ရှိသည်ဟု ပြင်ဆင်လိုပါကြောင်း၊ အခန်း(၁၆) ပုဒ်မ(၅၇) (ဂ)(၁)တွင်  ကုန်ပစ္စည်း၏ ဒေသဆိုင်ရာ အညွှန်းနှင့် စပ်လျဉ်း၍ လှည့်ဖျားရန်အလို့ငှာ မူရင်းဒေသမှန်မှ မဟုတ်ဘဲ အဆိုပါဒေသမှ ထွက်ရှိသော ပစ္စည်းဖြစ်ကြောင်း ဖော်ပြ၍ တနည်းနည်းဖြင့် အသုံးပြုခြင်းဟု ပြင်ဆင်လိုပါကြောင်း၊ အခန်း(၁၆) ပုဒ်မ(၅၉)တွင် ဒေသဆိုင်ရာ အညွှန်းတစ်ခုကို မှတ်ပုံတင်သည့် သက်တမ်းသည် အကျိုးဖြစ်ထွန်းမှုကာလအထိ ဖြစ်သည်ဟု ပြင်ဆင်လိုပါကြောင်း စသည်ဖြင့်  ပြင်ဆင်လိုသည့် အချက်များကို ဆွေးနွေးတင်ပြသည်။

 

အလားတူ ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါက်တာခွန်ဝင်းသောင်း၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၇)မှ ဒေါက်တာပြည့်ဖြိုးနှင့် တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးစိုးသိန်း(ခ) ဦးမောင်စိုးတို့က ဆွေးနွေးကြသည်။

 

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး အဋ္ဌမနေ့ကို ဇန်နဝါရီ ၂၉ ရက်တွင် ဆက်လက် ကျင်းပသွားမည် ဖြစ်ကြောင်းသိရသည်။

 

အေးအေးသန့်၊ မျိုးသူဟိန်း(သတင်းစဉ်)