ဒုတိယအကြိမ် အမျိုးသားလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး နဝမနေ့ကျင်းပ

နေပြည်တော် ၃၀ ဇန်နဝါရီ

 

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး နဝမနေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

 

အစည်းအဝေးတွင်  ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)မှ ဦးကျော်ကျော်ဝင်း၏ မောင်တောမြို့နယ်၏ လုံခြုံရေး၊ တရား ဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးအတွက် နယ်ခြားစောင့် ရဲတပ်ဖွဲ့နယ်နိမိတ်အတွင်း မြို့နယ်ရဲစခန်းများ တိုးချဲ့ဖွင့်လှစ်ပေးရန်နှင့် လုံခြုံရေးအားနည်းသည့် နေရာနှင့် လုံခြုံရေးလုံးဝမရှိသည့် ဒေသခံတိုင်းရင်းသားကျေးရွာများ၌ ပြည်သူ့စစ်ဖွဲ့စည်းပေးရန် အစီအစဉ်ရှိ၊ မရှိမေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်စိုးက နယ်ခြားစောင့်ရဲကွပ်ကဲမှု အဖွဲ့တွင် ခွင့်ပြုနယ်မြေရဲစခန်း ၁၆ ခုရှိသည့်အနက် လက်ရှိ ၁၂ခု ဖွင့်လှစ်ပြီး ၄ ခုဖွင့်လှစ်ရန် ကျန်ရှိပါကြောင်း၊ နယ်မြေအခြေအနေလိုအပ်ချက်အရ ကျောက်တန်းရဲစခန်းအား နယ်မြေရဲစခန်းအဖြစ် တိုးမြှင့်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ခဲ့ရာ ၂၀၁၇ ခုနှစ် စက်တင်ဘာ ၁၂ ရက်တွင် ကျင်းပသည့် လုံခြုံရေး၊ တည်ငြိမ်အေး ချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး ကော်မတီအစည်းအဝေး အမှတ်စဉ် (၁၃/၂၀၁၇)အရ ခွင့်ပြုခဲ့ပြီးဖြစ်သဖြင့် ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဘူးသီးတောင်၊ မောင်တောဒေသတွင် ရဲတပ်ဖွဲ့အင်အားများ ထပ်မံတိုးမြှင့်ရေးကိုလည်း အလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း၊  ပြည်သူ့စစ်ဖွဲ့စည်းမှုနှင့် ပတ်သက်၍ အနောက်ပိုင်း တိုင်းစစ်ဌာနချုပ်နယ်မြေတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့နှင့် ပူးပေါင်း၍ လုံခြုံရေး၊ နယ်မြေတည်ငြိမ်ရေး၊ နယ်မြေဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ပြည်သူ့စစ်ဌာနေအဖွဲ့ ၅၉၆ ဖွဲ့အား ဖွဲ့စည်းထားရှိပြီးဖြစ်ပါကြောင်း၊ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တွင် ပြည်သူ့စစ်ဌာနေအဖွဲ့ ၃၄ ဖွဲ့အား ဖွဲ့စည်းထားရှိပါကြောင်း။

 

 

တပ်မတော်အနေဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဌာနဆိုင်ရာများ၊ ပြည်သူ့စစ်ဌာနအဖွဲ့များ၊ ဒေသခံများနှင့် ပူးပေါင်းကာ ဘူးသီးတောင်နှင့် မောင်တောဒေသတို့တွင် နယ်မြေလုံခြုံရေး၊ နယ်မြေတည်ငြိမ်အေးချမ်းရေး၊  နယ်မြေဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့်အပြင် နယ်စပ်ဒေသလုံခြုံရေးအတွက်လည်း နယ်ခြားစောင့်ရဲတပ်ဖွဲ့များနှင့်အတူ တွဲဖက် တာဝန်ထမ်းဆောင်လျက် ရှိပါကြောင်းနှင့် လတ်တလောတွင် ပြည်သူ့စစ်ဌာနေအဖွဲ့များ ထပ်မံဖွဲ့စည်းရန် မလိုအပ် သေးကြောင်း ကာကွယ်ရေးဝန်ကြီးဌာန၏ ပေါင်းစပ်ဖြေကြားချက်အရ သိရှိရပါကြောင်း၊ ရခိုင်ပြည်နယ်မြောက်ပိုင်း နယ်စပ် ဒေသလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး ဆောင်ရွက်ရာတွင်  ပိုမိုထိရောက်စေရန်အတွက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဥပဒေအား ရေးဆွဲလျက်ရှိပါကြောင်း၊ မောင်တောမြို့နယ်တွင် မြင်းလွှတ်နယ်မြေရဲစခန်းနှင့် ခမောင်းဆိပ် နယ်မြေရဲစခန်းတို့ကို ထပ်မံဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ဘူးသီးတောင်၊ မောင်တောဒေသတွင်  လက်နက်တပ်ဆင်ထားသည့် ပြည်သူ့စစ်ဌာနေအဖွဲ့ ၃ ဖွဲ့ အပါအဝင် ပြည်သူ့စစ်ဌာနေ ၃၄ ဖွဲ့ဖြင့် နယ်မြေဒေသလုံခြုံရေးနှင့် နယ်စပ်ဒေသလုံခြုံရေးအတွက် တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့နှင့် ပူးပေါင်း၍စဉ်ဆက်မပြတ် တာဝန်ထမ်းဆောင် လျက်ရှိပါကြောင်း  ရှင်းလင်းဖြေကြားသည်။

 

 

ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးဝှေ့တင်း၏ ချင်းပြည်နယ် ပလက်ဝမြို့နယ် ရှင်းလက်ဝကျေးရွာ ပြည်သူ့ရဲစခန်းတွင် လိုအပ်လျက်ရှိသော ရုံးအဆောက်အအုံနှင့် ဝန်ထမ်းအိမ်ရာများ အသစ်တည်ဆောက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ချင်းပြည်နယ် မင်းတပ်ခရိုင် ပလက်ဝမြို့နယ်တွင် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး ၁ ရုံး၊ ပလက်ဝမြို့မရဲစခန်း၊ ဆမီးနယ်မြေရဲစခန်း၊ သံတောင်နယ်မြေရဲစခန်း၊  ထရွန်အိုင်ရဲကင်းစခန်း၊ ဗွီဝုန်းရဲစခန်း၊ ရှင်းလက်ဝရဲကင်းစခန်းတို့တည်ရှိပြီး လုပ်ငန်းတာဝန်များ ထမ်းဆောင်လျက် ရှိပါကြောင်း၊ ရှင်းလက်ဝရဲ ကင်းစခန်းအား ပလက်ဝမြို့နယ်  ရှင်းလက်ဝ(အောက်)ရွာရှိ မြေ ၃ ဒသမ ၃၅ ဧကပေါ်တွင် ဖွင့်လှစ်ထားပြီး လုပ်ငန်း တာဝန်များ ဆောင်ရွက်လျက်ရှိပါကြောင်း။

 

 

ရှင်းလက်ဝရဲကင်းစခန်းတွင်  ချင်းပြည်နယ်ရဲတပ်ဖွဲ့၏ အစီအစဉ်ဖြင့် ဆောက်လုပ်ခဲ့သည့် အဆောက်အဦများမှာ ၂၀ဝ၀ ခုနှစ် ၂၀ဝ၅ ခုနှစ်ကတည်းက ဆောက်လုပ်ခဲ့သော အဆောက်အဦးများဖြစ်ကာ  လက်ရှိအဆောက်အဦများသည် ကိုယ့်အား ကိုယ်ကိုး အဆောက်အဦများ ဖြစ်ပြီး နှစ်ကာလကြာမြင့်ပြီ ဖြစ်သောကြောင့် အစားထိုး ဆောက်လုပ်ပေးရန် လိုအပ်သည်ကို တွေ့ရှိရကြောင်း၊ ရဲကင်းစခန်းရုံး ၁ လုံးနှင့် ၆ ခန်းတွဲ ၂ ထပ် ၁ လုံးတို့ ဦးစားပေးဆောက်လုပ်ရန် စီစဉ်ဆောင်ရွက် ထားပါကြောင်း၊ လိုအပ်လျက်ရှိသည့် အဆောက်အဦများ ဆောက်လုပ်ပေးနိုင်ရေး အတွက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်  ငွေလုံးငွေရင်း အသုံးစရိတ်တွင် ရန်ပုံငွေထည့်သွင်းလျာထား တောင်းခံသွားမည်ဖြစ်ပြီး ခွင့်ပြုချက်ရရှိပါက ဆောက်လုပ်ပေး သွားမည် ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

 

 

ဆက်လက်၍ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)မှ ဦးဝင်းမောင်၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးမင်းနိုင်၊ ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၁၀)မှ ဦးသိန်းလွင်နှင့် တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)မှ ဦးဇော်ဟိန်းတို့၏ မေးခွန်းများနှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးနှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးတို့က ရှင်းလင်းဖြေကြားကြသည်။

 

 

ယင်းနောက် မြန်မာနိုင်ငံ ခရီးသွားလာရေးလုပ်ငန်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေး ကြရာ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၃)မှ ဒေါ်ရွှေရွှေစိန်လက်က အခန်း(၁) အပုဒ် (၂) (ဗ)တွင်  သဘာဝအခြေခံ ခရီးသွားလုပ်ငန်းဆိုသည်မှာ သက်ရှိနှင့် သက်မဲ့ဝန်းကျင်တို့ ဆက်နွယ်နေသော ဂေဟစနစ်ဖြစ်စဉ်ကို လေ့လာပြီး ဒေသခံများ၏  လူမှုအကျိုးစီးပွားကို တိုးတက်စေသောခရီးသွား လုပ်ငန်းကိုဆိုသည်ဟု အသစ်ဖြည့်စွက် လိုပါကြောင်း၊  အခန်း(၁) ပုဒ်မ(၂)(ဘ) တွင် တာဝန်သိခရီးသွားလုပ်ငန်းဆိုသည်မှာ လူမှုရေးနှင့် စီးပွားရေးဆိုင်ရာ အခြေခံဥပဒေများ အတိုင်းလိုက်နာဆောင်ရွက်ပြီး သဘာဝပတ်ဝန်းကျင်နှင့် ယဉ်ကျေးမှုဆိုင်ရာ ဓလေ့ထုံးတမ်းများကို လေးစားလိုက်နာသော ခရီးသွားလုပ်ငန်းကို ဆိုသည်ဟု အသစ်ဖြည့်စွက် လိုပါကြောင်း၊ အခန်း(၃) ပုဒ်မ(၅)(ဆ)တွင် သဘာဝပတ်ဝန်းကျင်နှင့် ယဉ်ကျေးမှုဆိုင်ရာ ဓလေ့ထုံးတမ်းများကို  လေးစားလိုက်နာသော တာဝန်သိ ခရီးသွားလုပ်ငန်းအဖြစ် ဆောင်ရွက်နိုင်စေရန် မူဝါဒချမှတ်ခြင်းဟု အသစ်ဖြည့်စွက် လိုပါကြောင်း၊ အခန်း (၄) ပုဒ်မ (၇)(ဆ)တွင် နိုင်ငံတစ်ဝန်း လက်ရှိလုပ်ငန်း ဆောင်ရွက်နေသော ခရီးသွားဒေသများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစီအမံများ ချမှတ်ဆောင်ရွက်ခြင်း၊ အခန်း(၄) ပုဒ်မ (၇) (ဇ)တွင် နိုင်ငံတစ်ဝန်း ခရီးစဉ်ဒေသအသစ်များ ဖော်ထုတ်၍ ခရီးသွားလုပ်ငန်း တိုးတက်စေရန် စီမံဆောင်ရွက်ခြင်းဟု ပြင်ဆင်လိုပါကြောင်းနှင့် ပုဒ်မခွဲအလိုက် ပြင်ဆင်အသစ်ဖြည့်စွက်လိုသည့် အချက်များကို ဆွေးနွေးသည်။

 

 

အလားတူ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)မှ ဦးဇုန်လှယ်ထန်း၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဦးသန်းစိုး (ခ)သန်းစိုး (ဘောဂဗေဒ)၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)မှ ဦးမျိုးဝင်းနှင့် ကရင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၇)မှ နော်ခရစ္စထွန်း (ခေါ်) ဒေါက်တာအားကာမိုးတို့က ဆွေးနွေးကြသည်။

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ဒသမနေ့ကို ဖေဖော်ဝါရီ ၁ ရက်တွင် ဆက်လက်ကျင်းပ သွားရန် လျာထားကြောင်း သိရသည်။

အေးအေးသန့် (သတင်းစဉ်)