ဒုတိယအကြိမ် အမျိုးသားလွှတ်တော် နဝမ ပုံမှန်အစည်းအဝေး သတ္တမနေ့ ကျင်းပ

နေပြည်တော် ၈ သြဂုတ်

 

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် နဝမ ပုံမှန်အစည်းအဝေး သတ္တမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ ကြယ်ပွင့်ပြမေးခွန်းများ မေးမြန်းခြင်းနှင့် ဖြေကြားခြင်း၊ ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာသည့် ဥပဒေကြမ်းကို တင်ပြခြင်းနှင့် ဥပဒေကြမ်းနှစ်ခု ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ကြသည်။

 

 

အစည်းအဝေးတွင် ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးစိုင်းစံအောင်၏  ရှမ်းပြည်နယ်၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်မှ လားရှိုးမြို့နယ်သို့ တိုက်ရိုက်ဆက်သွယ် သွားလာနိုင်မည့် သံလွင်မြစ်ကူးတံတားတစ်စင်း တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ဟိုပန်ခရိုင်အတွင်း ဟိုပန်မြို့နယ်မှ လားရှိုးမြို့နယ်သို့  တိုက်ရိုက်ဆက်သွယ် သွားလာနိုင်သည့် လမ်းမကြီးများပေါ်တွင် တံတားခံနိုင်ဝန် ၂၅ တန် အထိဖြတ်သန်းခွင့်ပြုထားသော သံလွင်မြစ်ကူးကွမ်းလုံ ကြိုးတံတားနှင့် တံတား ခံနိုင်ဝန် ၃၆ တန်အထိ ဖြတ်သန်းခွင့်ပြုထားသော နမ့်တိန်တံတားတို့မှာ လက်ရှိ အသုံးပြုလျက်ရှိသော တံတားများဖြစ်ပါကြောင်း။

 

အဆိုပါ တံတားနှစ်စင်းအပြင် သံလွင်မြစ်ကူးကွမ်းလုံကြိုးတံတား၏ အထက်ဘက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အစီအစဉ်ဖြင့် တံတားအသစ်တစ်စင်း စတင်တည်ဆောက်ရန် စီစဉ်ဆောင်ရွက်လျက် ရှိနေပါကြောင်း၊ ထို့ကြောင့် ဟိုပန် - မော်ဟွေ့ - နောင်ဟေ့ - ဟတ်လုံး လမ်းကြောင်းမှ ကွမ်းလုံမြို့သို့ ဆက်သွယ်သွားလာနိုင်မည့် တံတားအသစ် တစ်စင်းအား လတ်တလော ဆောင်ရွက်ပေးရန် အစီအစဉ် မရှိသေးပါကြောင်း ဖြေကြားသည်။

 

အလားတူ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)မှ ဦးကျော်ကျော်၏ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ရှိ ကုန်သည်တန်း - ဗန္ဓုလ ချောင်းကူးသစ်သားတံတားကို သံကူကွန် ကရစ်တံတားအဖြစ် တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီးက အဆိုပါ တံတားကို သံကူကွန်ကရစ် တံတားအဖြစ်  အသစ်ပြန်လည် တည်ဆောက်နိုင်ရန်အတွက် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ မူလရန်ပုံငွေတွင် လျာထားတင်ပြတောင်းခံ၍ ရန်ပုံငွေ ရရှိမှုအပေါ်မူတည်၍ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။

 

ထို့အတူ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)မှ ဒေါ်မမလေး၏ မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီးက ပြန်လည်ရှင်းလင်းဖြေကြားသည်။

 

ထို့နောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက အမျိုးသားလွှတ် တော်က အတည်ပြုပြီး ပေးပို့ထားသော မြန်မာနိုင်ငံ ခရီးသွားလာရေးလုပ်ငန်း ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာခြင်းကို အသိပေးတင်ပြ၍ ဆွေးနွေးလိုသည့် လွွှတ်တော်ကိုယ်စားလှယ်များ ရှိပါက အမည်စာရင်းတင် သွင်းနိုင်ကြောင်း ကြေညာသည်။

 

ဆက်လက်၍ မြန်မာ့ပုလဲလုပ်ငန်း ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေ ကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

 

တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဦးဟန်ဝင်းသိန်းက သက်ဆိုင် ရာတိုင်းဒေသကြီးအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကူညီဆောင်ရွက်ပေးရမည်ဆိုသည့် အပိုဒ်ကို ထပ်မံဖြည့်စွက်လိုပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ သဘောထားမှတ်ချက်နှင့် ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် မုတ်ကောင် ငုပ်ကွက်ကို အမိန့်ကြေညာစာ ထုတ်ပြန်သတ်မှတ်နိုင်သည်ဟု ပြင်ဆင်လိုပါကြောင်း၊ မုတ်ကောင်ငုပ်ကွက်သတ်မှတ်ခြင်းနှင့် စပ်လျဉ်း၍ နယ်နိမိတ်တိုင်းတာသတ်မှတ်ရေး လုပ်ငန်းများကို ဆောင်ရွက်ရန် ဦးဆောင်ညွှန်ကြားရေးမှူး ဦးဆောင်သော ကျွမ်းကျင်သူများနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီးမှ ကိုယ်စားလှယ်များ ပါဝင်သည့် ကော်မတီကို ဖွဲ့စည်းတာဝန်ပေးရမည်ဟူ၍ ပြင်ဆင်ဖြည့်စွက်သင့်ပါကြောင်း၊ ထို့ပြင် ဝန်ကြီးဌာနသည် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ သဘောထားမှတ်ချက်၊ ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် မုတ်ကောင်ငုပ်ကွက် တစ်ခုလုံးကိုဖြစ်စေ၊ တစ်စိတ် တစ်ဒေသကိုဖြစ်စေ ပြင်ဆင်သတ်မှတ်ခြင်း သို့မဟုတ် ပယ်ဖျက်ခြင်း ပြုနိုင်သည်ဆိုသည်ကို ပြင်ဆင်လိုပါကြောင်း ဆွေးနွေးပြောကြားသည်။

 

ယင်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၁၀)မှ ဦးစိုးသိန်း(ခ) ဦးမောင်စိုးကလည်း ဆွေးနွေးသည်။

 

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅) မှ တောင်သူလယ်သမားရေးရာ ကော်မတီ ဥက္ကဋ္ဌ ဦးဘမျိုးသိန်း တင်သွင်းသည့် ၂၀၁၇ ခုနှစ်၊ မြေသိမ်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

 

ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂) မှ ဦးကြည်ဝင်းက ဥပဒေကြမ်း ၏ အခန်း(၁၃) ပြစ်မှု၊ ပြစ်ဒဏ် ပြဋ္ဌာန်းချက် ပုဒ်မ - ၆၃ တွင် ဥပဒေ၏ ပေးအပ်ထားသည့် လုပ်ငန်းတာဝန်များကို ထမ်းဆောင်လျက်ရှိသည့် အဖွဲ့ သို့မဟုတ် ပုဂ္ဂိုလ်များကို ဟန့်တားနှောင့်ယှက် ပိတ်ပင်တားဆီးမည် ဆိုပါက ထောင်ဒဏ် ၃ နှစ် အထက်မပို သည့် ဒဏ်နှင့် ငွေကျပ် ၅ သိန်းထက်မပိုသည့် ငွေဒဏ်များချရန် ပြဋ္ဌာန်းထားပါကြောင်း၊ ထို့ပြင် လက်ရောက်မှု၊ ရာဇဝတ်မကင်းသည့် အနိုင်အထက်အမှုများကိုပါ ပြစ်မှုတွင် မကျန်စေရန် ထည့်ပေးသင့်ပါကြောင်း၊ ရာဇသတ်ကြီး ပုဒ်မ - ၃၅၃ နှင့် တူညီပါကြောင်း၊ ရာဇသတ်ကြီး ပုဒ်မ - ၃၅၃ ပြစ်ဒဏ်တွင် ၂ နှစ်အထိပင် သတ်မှတ်ထားခြင်းကြောင့် အဆိုပါ ရာဇသတ်ကြီးပုဒ်မတွင်ပြဋ္ဌာန်းထားသည့် ၂ နှစ်ကို ယခုဥပဒေကြမ်း၏ ပုဒ်မ - ၆၃ (က)တွင်  ထောင်ဒဏ် ၃ နှစ်အစား ၂ နှစ်ဟု ပြင်ဆင်သင့်ပါကြောင်း ဆွေးနွေးသည်။

 

စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)မှ ဦးအောင်မျိုးက တိုင်းဒေသကြီး နှင့်ပြည်နယ်အစိုးရဌာန အဖွဲ့အစည်းမှ သင့်လျော်သော ပုဂ္ဂိုလ်များ၊ ကျွမ်းကျင်သူများ ပါဝင်သည့် မြေပြင်ကွင်းဆင်း စစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းတာဝန်ပေးရမည် ဟူ၍ ပြဋ္ဌာန်းထားပါကြောင်း၊ ထို့ပြင် အဆိုပါ မြေပြင်ကွင်းဆင်းစစ်ဆေးရေးအဖွဲ့၏ လုပ်ငန်းတာဝန်များကိုလည်း ပြဋ္ဌာန်းထားပါကြောင်း၊ သို့သော် မြေပြင်ကွင်းဆင်းစစ်ဆေးရေး အဖွဲ့၏ စစ်ဆေးတွေ့ချက်ရှိများကို အစီရင်ခံစာ တင်ပြရမည်ဆိုသည့်အပိုင်း မပါဝင်ပါကြောင်း၊ ထို့ကြောင့် မြေပြင်ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် ကွင်းဆင်းစစ်ဆေး တွေ့ရှိချက်များကို သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ သို့မဟုတ် နေပြည်တော်ကောင်စီသို့ ပြန်လည်အစီရင်ခံ တင်ပြရမည်ဟု ဖြည့်စွက်လိုပါကြောင်း။

 

ထို့ပြင် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့နှင့် နေပြည်တော် ကောင်စီဟူ၍ ခြေဆင်းရေးသားထားပါကြောင်း၊ မိမိဖြည့်စွက်လိုသည်မှာ သက်ဆိုင်ရာဌာန အဖွဲ့အစည်းမှ တာဝန်ရှိသူများ၊ မြေပိုင်ဆိုင်သူများ၊ ဒေသခံကိုယ်စားလှယ်များ၊ တိုင်းရင်းသားလူမျိုးစု ကိုယ်စားလှယ်များနှင့် ကျွမ်းကျင်သူများ ပါဝင်သည့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်မြေသိမ်းဆည်းမှု အကောင်အထည်ဖော် ဆောင်ရွက်ရေးအဖွဲ့နှင့် ပြန်လည်နေရာချထားခြင်းနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်း အကောင်အထည်ဖော်ရေးအဖွဲ့ ဖွဲ့စည်းမည့် အဆိုပြုချက် လျာထားမှုကို တပါတည်း တင်ပြရမည်ဟု ဖြည့်စွက်လိုပါကြောင်း။

 

ပြဋ္ဌာန်းချက်တွင် မြေသိမ်းဆည်းမှု အကောင်အထည်ဖော် ဆောင်ရွက်ရေးအဖွဲ့သည် ယင်း၏ လုပ်ငန်းတာဝန်များ စတင်ဆောင်ရွက်ခြင်းမပြုမီ သိမ်းဆည်းရန် လိုအပ်သည့် မြေနှင့် စပ်လျဉ်း၍ မြေပိုင်ဆိုင်သူနှင့် ညှိနှိုင်းပြီး ထိုမြေကို ဝယ်ယူလွှဲပြောင်းနိုင်ရေးအတွက် မြေသိမ်းဆည်းရန် အဆိုပြုသည့်ဌာန၊ အဖွဲ့အစည်းသို့ အကြောင်းကြားရမည် ဟူ၍ ပါဝင်ပါကြောင်း၊ ထို့ပြင် မြေသိမ်းဆည်းရန် အဆိုပြုသည့်ဌာန၊ အဖွဲ့အစည်း အနေဖြင့် အဆိုပြုသည့် မြေကို ဝယ်ယူရေးအတွက် မြေပိုင်ဆိုင်သူနှင့် ညှိနှိုင်းသော်လည်း သဘောတူညီချက် မရသည့်အခါ မြေသိမ်းဆည်းမှု အကောင်အထည်ဖော် ဆောင်ရွက်ရေးအဖွဲ့က ယင်း၏ လုပ်ငန်းတာဝန်များကို ဆက်လက် ဆောင်ရွက်စေရမည်ဟု ပြဋ္ဌာန်းထားပါကြောင်း။

 

ထို့ကြောင့် ဖြည့်စွက်ရန် လိုအပ်သည်မှာ သဘောတူညီချက်ရပါက မည်သို့ ဆက်လက်ဆောင်ရွက်ရမည်၊ မည်သည့်အချက်များ တင်ပြရမည်ဆိုသည့် အပိုင်းများ လိုအပ်နေပါကြောင်း၊ မြေသိမ်းဆည်းရန် အဆိုပြုသည့်ဌာနသည် ထိုမြေကို ဝယ်ယူလွှဲပြောင်းနိုင်ရေးအတွက် မြေပိုင်ဆိုင်သူများနှင့် ညှိနှိုင်းရရှိမှုကို မြေသိမ်းဆည်းမှု အကောင်အထည်ဖော် ဆောင်ရွက်ရေးအဖွဲ့သို့ ညှိနှိုင်းသဘောတူ စာချုပ်နှင့်တကွ  တင်ပြရမည်ဟု ဖြည့်စွက်လိုပါကြောင်း၊ ထို့ပြင်မြေသိမ်းဆည်းမှု အကောင်အထည်ဖော် ဆောင်ရွက်ရေးအဖွဲ့သည် တင်ပြလာသည့် ညှိနှိုင်းသဘောတူ စာချုပ်ကို မြေပိုင်ရှင်တို့၏ သဘောဆန္ဒနှင့်အညီ ချုပ်ဆိုခြင်း ဟုတ်၊ မဟုတ် စစ်ဆေးရမည်ဟု ပြဋ္ဌာန်းလို ပါကြောင်း။

 

မြေပိုင်ရှင်တို့၏ လွတ်လပ်သော သဘောဆန္ဒနှင့်အညီ ချုပ်ဆိုသော သဘောတူ စာချုပ်ဖြစ်ပါက ယင်းတို့၏ သဘောထားမှတ်ချက်နှင့်အတူ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရ သို့မဟုတ် နေပြည်တော်ကောင်စီဟူ၍ ဆက်လက်တင်ပြရန် ဖြည့်စွက်လိုပါကြောင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရ သို့မဟုတ် နေပြည်တော်ကောင်စီသည် မြေသိမ်းဆည်းပေးရန် အဆိုပြု သည့်ဌာန အနေဖြင့် မြေအမည်ပေါက်ရရှိရေး ဆောင်ရွက်ပေးနိုင်ရန် ဗဟိုကော်မတီသို့ ဆက်လက် တင်ပြရမည်ဟုလည်း ဖြည့်စွက်ပြဋ္ဌာန်းလိုပါကြောင်း ရှင်းလင်းဆွေးနွေးသည်။

 

ယင်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍  ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)မှ ဦးစိုင်းဝမ်းလှိုင်းခမ်းနှင့် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)မှ ဦးဌေးဦးတို့ကလည်း ဆွေးနွေးကြသည်။

 

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် နဝမပုံမှန်အစည်းအဝေး အဋ္ဌမနေ့ကို သြဂုတ် ၁၀ ရက်တွင် ဆက်လက်ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

 

အောင်ရဲသွင်