ဒုတိယအကြိမ် အမျိုးသားလွှတ်တော် နဝမ ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ ကျင်းပ

နေပြည်တော်  ၆  သြဂုတ် 

 

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် နဝမ ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို ယနေ့နံနက် ၁၀နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ ကြယ်ပွင့်ပြ မေးခွန်းများ မေးမြန်းခြင်းနှင့် ဖြေကြားခြင်း၊ အစီရင်ခံစာ ၁ ခု ဖတ် ကြားခြင်း၊ ဥပဒေကြမ်း ၁ခု အတည်ပြုခြင်းနှင့် အဆို ၁ ခု တင်သွင်းခြင်းတို့ကို ဆောင် ရွက်ကြသည်။

 

အစည်းအဝေးတွင် မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၆) မှ ဒေါက်တာ ဦးကြွယ်ကြွယ် ၏ အရက်ကြော်ငြာများ စည်းကမ်းမဲ့စွာ ကျင့်ဝတ်သိက္ခာကင်းမဲ့စွာ အလွန်အကြူး ပြုလုပ်နေခြင်းများကို ထိန်းသိမ်းကြပ်မတ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်း က ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ထုတ်ပြန်ထားသည့် ကြော်ငြာမူဝါဒအရ နိုင်ငံတော် အလံ၊ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်၊ နိုင်ငံတော်သီချင်း၊ နိုင်ငံတော်အကြီးအကဲနှင့် ငွေကြေးသင်္ကေတများကို မလေးစားသည့် တင်ပြမှုများ၊ နိုင်ငံတော်၏ အချုပ်အခြာ အာဏာနှင့် နယ်မြေပိုင်ဆိုင်မှုကို ထိခိုက်စေသည့် ဖန်တီးတင်ပြမှုများ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ညွှန်ကြားချက်၊ လမ်းညွှန်ချက်မှအပ နိုင်ငံရေးဆိုင်ရာ ကြော်ငြာများ၊ နိုင်ငံရေးပါတီ တစ်ရပ်ရပ်၏ နိုင်ငံရေးမူဝါဒ (သို့မဟုတ်) ရပ်တည်ချက် များနှင့် ပတ်သက်သည့် ကြော်ငြာများကို လက်ခံခွင့်ပြုခြင်း မရှိပါကြောင်း။

 

အလားတူ နိုင်ငံတွင်း နေထိုင်ကြသည့် တိုင်းရင်းသားတစ်မျိုးမျိုး၏ လူမျိုးရေး (သို့မဟုတ်) ယဉ်ကျေးမှုကို ထိခိုက်မုန်းတီးစိတ်ဖြစ်စေသည့် ကြော်ငြာများ၊ ကိုးကွယ် ယုံကြည်မှုများကို နှိမ့်ချစော်ကားရာ ရောက်သည့် ကြော်ငြာများ၊ ကာမရာဂကို လှုံ့ဆော် ရာရောက်သည့် စာများ၊ ပုံများ၊ ဝတ်စားဆင်ယင်မှုများ၊ ရာဇဝတ်မှု၊ အကြမ်းဖက်မှု၊ လောင်းကစားမှုနှင့် မူးယစ်ဆေးဝါး သုံးစွဲခြင်းများကို အားပေးလှုံ့ဆော်သည့် ကြော်ငြာ များ၊ လူကုန်ကူးမှုကို အားပေးသည့် ကြော်ငြာများ၊ မသန်စွမ်းသော ပုဂ္ဂိုလ်များအား နှိမ့်ချစော်ကား ပြက်ရယ်ပြုလှောင်ပြောင်သည့် ကြော်ငြာများ၊ ဆေးဝါးများနှင့် ပတ်သက်၍ လည်း သမားရိုးကျမဟုတ်သော ကုထုံးများ၊ လောကီပညာ(ဂမ္ဘီရပညာ) သို့မဟုတ် အလားတူ ကုထုံးများ၊ အလွန်အကြူးအမွှမ်းတင်ထားသည့် ပစ္စည်းနှင့် စားသောက်ကုန်များ၊ ဘီယာနှင့် ဝိုင်အပါအဝင် အရက်ကြော်ငြာများနှင့် ဆေးလိပ်၊ စီးကရက်၊ ဆေးပြင်း လိပ်၊ ဆေးရွက်ကြီးဖြင့် လုပ်သော ပစ္စည်းများ၊ ရောင်းချမှု၊ ဝယ်ယူသုံးစွဲမှုများအပေါ် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်သော အားပေးသည့် ကြော်ငြာများကို လက်ခံဆောင် ရွက်ခြင်း မပြုပါကြောင်း။

 

ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံပိုင်မီဒီယာများဖြစ်သည့် မြန်မာ့ရုပ်မြင် သံကြား၊ ရေဒီယို၊ နိုင်ငံပိုင်သတင်းစာများ၊ Website များအပြင် အကျိုးတူ ပူးပေါင်း ဆောင်ရွက် လျက်ရှိသည့် ရုပ်သံလွှင့်ကုမ္ပဏီများနှင့် FM ကုမ္ပဏီများတွင် အများပြည်သူဝန်ဆောင်မှု မီဒီယာဆိုင်ရာ ကြော်ငြာမူဝါဒကို ထုတ်ပြန်ကြေငြာထား သည့်အတိုင်း တိကျစွာ လိုက်နာရန် ဆောင်ရွက်လျက် ရှိပါကြောင်း၊ လိုအပ်ချက်များ တွေ့ရှိပါကလည်း စည်းမျဉ်းစည်းကမ်းများနှင့်အညီ သတိပေးကြပ်မတ်ဆောင်ရွက် လျက် ရှိပါကြောင်း။

 

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက ထုတ်ပြန်ထားသည့် သတင်းမီဒီယာ ကျင့်ဝတ် အပိုဒ် (၂၃)တွင် ကြော်ငြာခြင်း၊ ကုန်ပစ္စည်းများ ထည့်သွင်းဖော်ပြခြင်းနှင့် ကြော်ငြာမဟုတ်သော အစီအစဉ်များတွင် နိုင်ငံပိုင်မီဒီယာများနှင့် ပုဂ္ဂလိကပိုင် မီဒီယာ များအနေဖြင့် လိုက်နာဆောင်ရွက်ရန် လိုအပ်သည်များကို အတိအကျ ပြဋ္ဌာန်းထားရှိ ပြီး ဖြစ်သည့်အတွက် လိုက်နာဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ထို့ပြင် ပြည်ထဲရေးဝန် ကြီးဌာနအနေဖြင့် အရက်၊ ဘီယာ ထုတ်လုပ်သည့် ကုမ္ပဏီများသို့ ယစ်မျိုးဥပဒေများ နှင့်အညီ လိုင်စင်များ ခွင့်ပြုရာတွင် အရက်သောက်သုံးသူ လျော့နည်းစေရန် မူဝါဒ ထားရှိ ဆောင်ရွက်လျက် ရှိပါကြောင်း။

 

ယစ်မျိုးလုပ်ငန်းများကို ဥပဒေ၊ နည်းဥပဒေများနှင့်အညီ လုပ်ကိုင်ဆောင်ရွက်ရေး အတွက် နိုင်ငံတော်မှ မူဝါဒများ ချမှတ်ဆောင်ရွက်လျက်ရှိရာ လက်ရှိကျင့်သုံးလျက် ရှိသည့် ယစ်မျိုးမူဝါဒများမှာ အရက်သေစာသောက်စားခြင်း အလေ့အထ ပြန့်ပွားခြင်း ကို အားပေးခြင်း မပြုစေရန်၊ သေရည်သေရက် ဖြန့်ဖြူးရောင်းချရာတွင် တရားမဝင် ထုတ်လုပ်မှု၊ ရောင်းချမှု မရှိစေဘဲ အရက်များပေါ်တွင် အခွန်ကြီးမြှင့်နိုင်သမျှ ကြီးမြင့် ကောက်ခံရန်၊ မူးယစ်စေသော သေရည်သေရက်ကို ရောင်းချခြင်းဖြင့် အခွန်ငွေ ရရှိစေ ရန် အတွက်သာမဟုတ်ဘဲ ၄င်းကို သောက်သုံးသုံးစွဲခြင်း နည်းပါးစေရန် ရည်ရွယ်၍ အခွန်ကောက်သည်ဟု မှတ်ယူရန် တို့ဖြစ်ပါကြောင်း။

 

အရက်၊ ဘီယာကြော်ငြာများ ထည့်သွင်းဖော်ပြနေခြင်းသည် အရက်သောက်သုံး မှုကို အားပေးရာ ရောက်သည့်အတွက် အရက်၊ ဘီယာထုတ်လုပ်သူများအား စည်းကမ်း သတ်မှတ်ရာတွင် ပြည်တွင်းထုတ် သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ စာစောင်များတွင် အရက်၊ ဘီယာကြော်ငြာများ ထည့်သွင်းမဖော်ပြစေရေးအတွက် သက်ဆိုင်ရာ ယစ်မျိုး လိုင်စင်ရယူထားသည့် ကုမ္ပဏီများကို သက်ဆိုင်ရာဝန်ကြီးဌာနများက ကြပ်မတ် ဆောင်ရွက်သွားရန် လိုအပ်မည် ဖြစ်ပါကြောင်း။

 

တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများအနေဖြင့် သက်ဆိုင်ရာစည်ပင်သာယာ ရေးကော်မတီများ၏ ခွင့်ပြုချက်ဖြင့် ကြော်ငြာဆိုင်းဘုတ်များ စိုက်ထူခြင်းကို ဆောင်ရွက် လျက်ရှိရာ ပြန်ကြားရေးဝန်ကြီးဌာနမှ ချမှတ်ထားသည့် ကြော်ငြာမူဝါဒအတိုင်း လိုက်နာလျက်ရှိသည်ကို သိရှိရပါကြောင်း၊ တစ်မျိုးသားလုံး၏ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု စသည်တို့ကို ဆိုးရွားစွာ ထိခိုက်နိုင်သည့် အရက်သောက်သုံး မှုကို ထိန်းချုပ်ရန်အတွက် တစ်ဖက်က အခွန်စည်းကြပ်ခြင်းနှင့် ဆောင်ရွက်သလို အခြားတစ်ဖက်ကလည်း မီဒီယာများအပိုင်းက ကျင့်ဝတ်နှင့်အညီ ထိန်းသိမ်းဆောင် ရွက်ခြင်းဖြင့် လည်းကောင်း၊ လုပ်ငန်းရှင်များအနေဖြင့် တည်ဆဲဥပဒေ၊ စည်းမျဉ်း စည်းကမ်းများနှင့်အညီ တိကျစွာလိုက်နာဆောင်ရွက်ကြရန် လိုအပ်မည် ဖြစ်ပါကြောင်း၊ ယင်းသို့ ဆောင်ရွက်ခြင်း မပြုပါက သက်ဆိုင်ရာ ဥပဒေများကို ကျင့်သုံးကိုင်တွယ် နေသည့် ဝန်ကြီးဌာန၊ အဖွဲ့အစည်းများက ထိရောက်စွာ အရေးယူဆောင်ရွက်မှုများ  ပြုလုပ်သင့်ပါကြောင်း ဖြေကြားသည်။

 

ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)မှ ဦးခင်မောင်လတ် ၏ ၂၀၁၁ခုနှစ်၊ အစိုးရ သစ်တက်လာသည်မှ ယနေ့ထိ ရခိုင်ပြည်နယ်၏ စိုက်ပျိုးရေးကဏ္ဍ၌ UNDP, ဂျပန် ODA, World Bank, ADB, JFAD, AFD, EXIM Bank စသည့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ဘဏ်များ၏ ထောက်ပံ့ငွေ သို့မဟုတ် ချေးငွေများဖြင့် ရင်းနှီမြှုပ်နှံပြီး အကောင်အထည် ဖော်မှု ပမာဏ မည်မျှရှိကြောင်းနှင့် တိုးမြှင့်ရင်းနှီး မြှုပ်နှံမည့် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော် က ရခိုင်ပြည်နယ်အတွင်း စိုက်ပျိုးရေ တိုးတက်ရရှိပြီး လယ်ယာကဏ္ဍ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်စေရန်အတွက် အဓိက ကျသည့်  ရေငန်ဝင်ရောက်မှုမှ ကာကွယ် ရန်နှင့် ရေချိုထိန်းသိမ်းထားနိုင်ရန် ရေငန်တားတာ များနှင့်ရေထိန်းတံခါး များကိုဆက်စပ်တည်ဆောက်ပေးခြင်း လုပ်ငန်းကို ဦးစားပေး ဆောင်ရွက်ရမည် ဖြစ်ပါ ကြောင်း။

 

နိုင်ငံတကာအဖွဲ့အစည်းများ၏ နည်းပညာအကူအညီများ၊ ထောက်ပံ့ငွေ (သို့မဟုတ်) ချေးငွေများနှင့် ရင်းနှီးမြှုပ်နှံ အကောင်အထည်ဖော်မည်ဆိုပါက စိုက်ပျိုးမြေ တစ်ဆက်တစ်စပ်တည်း တည်ရှိမှုအခြေအနေ၊ စီမံကိန်းကုန်ကျစရိတ်နှင့် အကျိုးအမြတ် တွက်ချေကိုက်မှု ရှိ/မရှိ၊ သဘာဝပတ်ဝန်းကျင်နှင့် လူမှုစီးပွားဘဝထိခိုက် ပျက်စီးနိုင်မှု အခြေအနေများကို လေ့လာဆန်းစစ်ရန် လိုအပ်လာမည် ဖြစ်ပါကြောင်း၊ လက်ရှိ အခြေအနေအရ အဆိုပါ အချက်များသည် နိုင်ငံတကာအဖွဲ့အစည်းများ၏ ထောက်ပံ့ ငွေ သို့မဟုတ် ချေးငွေဖြင့် ရင်းနှီးမြှုပ်နှံရန်အတွက် ၄င်းတို့၏ စံနှုန်းများအရ ဒေသတွင် ကန့်သတ်ချက်များ ရှိနေပါကြောင်း။

 

အဆိုပါ ကန့်သတ်ချက်များ ရှိနေသေးသည့်အတွက် အခြေအနေပေးလာမှု အပေါ်တွင် နိုင်ငံတကာအဖွဲ့အစည်းများ၏ အထောက်အပံ့ သို့မဟုတ် ချေးငွေများနှင့် ရင်းနှီးမြှုပ်နှံ ဆောင်ရွက်သွားနိုင်မည်ဖြစ်ပြီး လတ်တလောအခြေအနေတွင် ဆည် မြောင်းဆိုင်ရာလုပ်ငန်းများကို နိုင်ငံတကာအဖွဲ့အစည်းများ၏ အထောက်အပံ့ သို့မဟုတ် ချေးငွေများဖြင့် ဆောင်ရွက်ပေးနိုင်မှု မရှိသေးသည့် အခြေအနေ ဖြစ်ပါ ကြောင်း၊ လတ်တလောအားဖြင့် အကျိုးဖြစ်ထွန်းစေမည့် လုပ်ငန်းများကို ဒေသ၏ လိုအပ်ချက်အပေါ် အခြေခံ လေ့လာဆန်းစစ်ပြီး နိုင်ငံတော်၏ ဘဏ္ဍာရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက် ရှိပါကြောင်း။

 

ထို့ပြင် ကိုရီးယားသမ္မတနိုင်ငံ အထောက်အပံ့ဖြင့် စိုက်ပျိုးမွေးမြူရေးဆိုင်ရာ အသက်မွေးဝမ်းကျောင်းပညာ သင်တန်းဖွင့်လှစ်မည့် လုပ်ငန်းစီမံချက်နှင့် တရုတ်နိုင်ငံ ၏ ထောက်ပံ့မှုဖြင့် စွမ်းဆောင်ရည်မြှင့်တင်ရေး အစီအစဉ်များကို အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရန် ညှိနှိုင်းစီမံထားရှိပြီးဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ် အတွင်းရှိ စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းများ ဖွံ့ဖြိုးရေးအတွက် China EXIM Bank ချေးငွေဖြင့် အသေးစား အရင်းအနှီးချေးငွေထုတ်ပေးလျက်ရှိရာ ၂၀၁၈ခုနှစ် ဇွန်လကုန်အထိ အသင်းသား ၄၀၆၀၃ ဦး ကို ငွေကျပ် ၅၅၆၅ သန်း ထုတ်ချေးပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအနေဖြင့် ဂျပန်နိုင်ငံ JICA အဖွဲ့အစည်းမှ ရရှိသည့် Two Step Loan ဖြင့် နှစ်တို/နှစ်ရှည်ချေးငွေများကို လယ်ယာကို အခြေခံသည့် စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ထုတ်ချေးပေးလျက်ရှိပါကြောင်း။

 

သို့ဖြစ်ပါ၍ နိုင်ငံတကာအဖွဲ့အစည်းများ၏ အထောက်အပံ့ သို့မဟုတ် ချေးငွေ များနှင့် စိုက်ပျိုးရေးတိုးတက်ရရှိရေးအတွက် ရင်းနှီးမြှုပ်နှံမှုကို အခြေအနေပေးလာမှု အပေါ် မူတည်ပြီး ဆောင်ရွက်သွားနိုင်မည်ဖြစ်ပြီး လတ်တလော အခြေအနေတွင် မြေ ပြင်အခြေအနေ၏ ကန့်သတ်ချက်များနှင့် နိုင်ငံတကာအဖွဲအစည်းများ၏ စံနှုန်းနှင့် အညီ ဆောင်ရွက်နိုင်ရန် လိုအပ်ချက်များ ရှိနေသေးသည့်အတွက် အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်မှု မရှိသေးသည့် အခြေအနေ ဖြစ်ပါကြောင်း ဖြေကြားသည်။

 

အလားတူ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)မှ ဦးခင်ဝင်း၊ စစ်ကိုင်း တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးမင်းနိုင်နှင့် ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒ နယ်အမှတ်(၄)မှ ဦးထိန်ဝင်းတို့၏ မေးခွန်းများနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးလှကျော်က ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။

 

ထို့နောက် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဝင် ဦးလားလ်မင်းထန် က မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း (၂၀၁၇ခုနှစ်) နှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ပြန်လည် ဖတ်ကြားရှင်းလင်း သည်။
ယင်းနောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း က ပြည်သူ့လွှတ် တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာသော မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း (၂၀၁၇ခုနှစ်)အား အမျိုးသားလွှတ် တော် ဥပဒေကြမ်းကော်မတီက ပြင်ဆင်ထားသည့်အတိုင်း အတည်ပြုရန် လွှတ်တော် ၏ အဆုံးအဖြတ်ရယူသည်။

 

ဆက်လက်၍ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးလားလ်မင်းထန် က အဆိုပါ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ အမျိုးသားလွှတ်တော် နှင့် ပြည်သူ့လွှတ်တော်တို့ သဘောကွဲလွဲသည့်အချက်ကို ပြည်ထောင်စုလွှတ်တော် တွင် ဆွေးနွေးဆုံးဖြတ်ရန် အဆိုတင်သွင်းသည်။
ထို့နောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ က ယင်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်နှစ်ရပ် သဘောကွဲလွဲသည့် အချက်ကို ပြည်ထောင်စုလွှတ်တော်သို့ တင်ပြ ရန် ဆုံးဖြတ်ကြောင်း ကြေညာသည်။

 

ယင်းနောက် မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)မှ ဦးမျိုးဝင်း က မြန်မာနိုင်ငံတွင် လယ်ယာဥယျာဉ်ခြံမြေများကို စည်းကမ်းမဲ့စွာ အကွက်ဖော်ရောင်းစားနေကြခြင်းတို့ ကြောင့် စိုက်ပျိုးမြေများ အလျင်အမြန် လျော့နည်းလာခြင်း၊ မြို့ပေါ်နှင့် ကျေးရွာများ တွင် နောင်တချိန် လိုအပ်ပါက အသုံးပြုနိုင်ရန် ချန်လှပ်ထားသော မြေလွတ်များ ပျောက်ဆုံးကုန်ခြင်း စသည်တို့နှင့် အဓိက သက်ဆိုင်သော စီမံခန့်ခွဲမှုကော်မတီ၊ စည်ပင်သာယာရေးကော်မတီနှင့် လယ်ယာမြေစီမံခန့်ခွဲမှုကော်မတီ အဆင့်ဆင့် (ကော်သုံးကော်)တို့၏ လျော့ရဲပြီး အဂတိတရားမကင်းသည့် လုပ်ဆောင်ချက်များကို ထိရောက်စွာ ထိန်းညှိပေးနိုင်မည့် အစီအမံတစ်ခုကို အလျင်အမြန် ရေးဆွဲပြဋ္ဌာန်း အကောင်အထည်ဖော်ပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆို တင်သွင်းရာတွင် မြန်မာနိုင်ငံတစ်ဝန်းတွင်ရှိသည့် လယ်ယာမြေ၊ ဥယျာဉ်၊ ခြံမြေများကို အခြားနည်းအသုံးပြုခွင့် လျှောက်ထားလာကြခြင်း၊ မြေယာပြဿနာများကို ဖြေရှင်း ကြခြင်း၊ မြို့ပြနှင့် ကျေးရွာများတွင်ရှိသည့် ဘုံပိုင်မြေများကို စီမံထိန်းသိမ်းကြခြင်း၊ မြိုပြကို သာယာစနစ်ကျအောင် ဖော်ဆောင်ကြသည့်အခါများတွင်  အဆိုတွင် ပါဝင်သည့် ကော်မတီ ၃ရပ်က အဓိက တာဝန်ယူ ဆောင်ရွက်ရပါကြောင်း။

 

မိမိတို့နိုင်ငံသည် လူနေရပ်ကွက်နှင့် မြေယာများကို ဥပဒေနှင့်အညီ စနစ်တကျ အသုံးပြုစေရန် စီမံခန့်ခွဲမှု မပြုလုပ်နိုင်ခဲ့သည်မှာ ရာစုနှစ် တစ်ဝက်ကျိုးလာခဲ့ပြီ ဖြစ်ပါ ကြောင်း၊ ထိုသို့ မပြုလုပ်နိုင်ခဲ့ခြင်းမှာ စီမံခန့်ခွဲခွင့် တာဝန်ကို ရယူထားကြသူ ကိုယ်တိုင် ကိုက လုပ်ပိုင်ခွင့်ကို အလွဲ သုံးစားပြု ကိုယ်ကျိုးရှာခဲ့ကြသည့်အတွက် ဗရမ်းဗတာ ဖြစ်နေသည့် မြို့ပြလူနေ မှုစနစ်များ၊ စည်းစနစ်မရှိသည့် လူနေကွက်သစ် များနှင့် ထိန်းမနိုင်သိမ်းမရဖြစ်ခဲ့ရသည့် အမွေများကို မိမိတို့ ဆက်ခံခဲ့ရပါကြောင်း။

 

ထို့ကြောင့် မိမိတို့လက်ထက်တွင် စနစ်တကျဖြစ်အောင် ပြန်လည်ပြုပြင် တည်ဆောက် ကြရမည်ဖြစ်ပါကြောင်း၊ မိမိဒေသကို ချစ်မြတ်နိုးသူ၊ ကိုယ့်ဒေသဖွံ့ဖြိုး တိုးတက်ရေးကို ဦးစားပေး၍ ရေရှည်အကျိုးမျှော်ကြည့်တတ်သူ၊ အများအတွက် ကိုယ်ကျိုးစွန့်နိုင်သူ၊ အဂတိတရားကို မနှစ်မျို့သူများနှင့် ဖွဲ့စည်းထားသည့် ကော်မတီ များက စီမံခန့်ခွဲကြမှ သာ နိုင်ငံတစ်ဝန်းမှ ဒေသအသီးသီးသည် ရေရှည်တွင် စနစ်တ ကျနှင့် ပြန်လည်ဖွံ့ဖြိုး လာမည်ဖြစ်ပါကြောင်း။

 

ထို့ကြောင့် မြေယာကိစ္စနှင့် ပတ်သက်သည့် ကိစ္စရပ်များကို အဓိက အကောင် အထည်ဖော်ဆောင်ရွက်နေသည့် ကော်မတီ ၃ရပ်နှင့်အတူ ဆက်စပ်ဌာနဆိုင်ရာ ဝန်ထမ်းများ၏ လုပ်ရပ်များကို အချိန်မီထိန်းညှိနိုင်ရန်အတွက်လည်းကောင်း၊ နောင်လာ မည့် အနာဂတ်ကာလအတွက် စည်းနှောင်မှု အားကောင်းသည့် မြေယာစီမံ ခန့်ခွဲမှု စနစ်နှင့် အဆိုပါ စနစ်ကို တိကျစွာ အကောင်အထည်ဖော်နိုင်မည့် ကော်မတီများ ဖြစ်ထွန်းပေါ်ပေါက်လာစေရန်အတွက် လည်းကောင်း၊ ထိရောက်စွာ ဆောင်ရွက်နိုင်မည့် အစီအမံတစ်ခုကို အလျင်အမြန် ရေးဆွဲချမှတ် အကောင်အထည် ဖော်ပေးပါရန် တိုက်တွန်းကြောင်း အဆိုကို တင်သွင်းအပ်ပါကြောင်း ရှင်းလင်းပြော ကြားသည်။

 

ယင်းအဆိုနှင့် စပ်လျဉ်း၍ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)မှ ဦးခင်ဝင်း က ထောက်ခံဆွေးနွေးသည်။

 

ထို့နောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ က ယင်းအဆိုနှင့် စပ်လျဉ်း၍ လက်ခံ ဆွေးနွေးရန် သင့် မသင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်က လက်ခံ ဆွေးနွေးရန် သဘောတူကြောင်းနှင့် ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ ရှိပါက အမည်စာရင်းတင်သွင်းနိ်ုင်ကြောင်း ကြေညာသည်။

 

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် နဝမပုံမှန်အစည်းအဝေး သတ္တမနေ့ကို သြဂုတ် ၈ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။   

 

အောင်ရဲသွင်