ဒုတိယအကြိမ် အမျိုးသားလွှတ်တော် နဝမ ပုံမှန်အစည်းအဝေး အဋ္ဌမနေ့ ကျင်းပ

နေပြည်တော် ၁၀  သြဂုတ် 

 

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် နဝမပုံမှန်အစည်းအဝေး အဋ္ဌမနေ့ကို ယနေ့နံနက် ၁၀နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အုံ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

 

အစည်းအဝေးတွင် ကျန်းမာရေးကဏ္ဍနှင့် သက်ဆိုင်သည့် မေးခွန်း(၅)ခု မေးမြန်း ဖြေကြားခြင်း၊ ဥပဒေကြမ်း ၁ ခုအား ဆွေးနွေးခြင်းနှင့် ဥပဒေကြမ်း ၁ ခု လက်ခံ ဆွေးနွေးရန် အဆိုတင်သွင်းခြင်းတို့ကို ဆောင်ရွက်ကြသည်။

ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)မှ ဦးဌေးဦး၏ မြန်မာနိုင်ငံ၌ မျက်စိ ရောဂါများနှင့် စပ်လျဉ်း၍ အကြီးမားဆုံးဆေးရုံဖြစ်သည့် ရန်ကုန်မျက်စိရောဂါ အထူးကု ဆေးရုံကြီးတွင် အမှန်တကယ် ကုသနေရသည့် ဝန်နှင့်အားကို မျှတနိုင်စေရန် လိုအပ်နေ သည့်သူနာပြုများနှင့်ဘဏ္ဍာငွေများအား နိုင်ငံတော်မှ ဖြည့်ဆည်းပေးရန် အစီအစဉ်ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မြလေးစိန်က ကုသရေးဦးစီးဌာနအနေဖြင့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ သူနာပြုသစ်လွင် ခန့်ထားသည့်အခါတွင် ရန်ကုန်မျက်စိအထူးကုဆေးရုံကြီးသို့ ဦးစားပေးခန့်ထား ပေးသွားမည်ဖြစ်ကြောင်း၊ ဆေးရုံအတွက်လိုအပ်သည့် ဘဏ္ဍာငွေကို နိုင်ငံတော်မှရရှိသည့် ရန်ပုံငွေအပေါ် မူတည်ပြီး ခွဲဝေပေးခဲ့ရာ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင်ငွေ ကျပ်သန်း ၁၁၈၈ဒသမ ၆၂၇ကို ခွဲဝေချထားပေးခဲ့ပါကြောင်း၊ ထို့ပြင် ရန်ပုံငွေ ထပ်မံ တောင်းခံသည့်အပေါ်  ငွေကျပ်သန်း ၆၈ဒသမ၉၇သန်းကို ထပ်မံခွင့်ပြုပေးခဲ့ပါကြောင်း ဖြေကြားသည်။

စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ ဦးကျော်သောင်း၏ ဆေးရုံ စည်းကမ်းများကို လူနာစောင့်နှင့် ဧည့်သည်များသိရှိနားလည်ပြီး လိုလိုချင်ချင် လိုက်နာကြရန်အတွက် ပညာပေးကာလသတ်မှတ်ပြီး စည်းရုံးရှင်းပြရန် အစီအစဉ်ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က ပြည်သူ့ဆေးရုံများတွင် လူနာစောင့်များနှင့်ဧည့်သည်များ များပြားသည့်အတွက် လူနာနှင့်လူနာစောင့်များ လိုက်နာရမည့် စည်းကမ်းများကို အများပြည်သူများ မြင်သာအောင်ဖော်ပြထားခြင်း၊ ဆရာဝန်နှင့်သူနာပြုများက လူနာများအား ပြုစုကုသမှုပေးနေစဉ် အခါအားလျော်စွာ ပညာပေးခြင်း၊ ဆေးရုံမှတစ်ဆင့် ကူးစက်တတ်သောရောဂါများကို ကာကွယ်ခြင်း လုပ်ငန်းတစ်ခုအဖြစ် လက်ဆေးခြင်း၊ ပညာပေးခြင်းနှင့် လက်တွေ့ပြခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း။

 

 

လူနာနှင့်လူနာစောင့်များသည် ရောဂါဝေဒနာကုသရန် လာရောက်သည့် စိတ်ပူ ပန်နေရသူများ ဖြစ်သည့်အတွက် သီးခြားတစ်ဦးစီ ပညာပေးရန်ခက်ခဲသဖြင့် ဆေးကုသရန် လာရောက်သည့်အခါ ပညာပေးစာရွက်များ ဖြန့်ဝေခြင်း၊ ဧည့်သည်များအား ဆေးရုံမှတစ်ဆင့် ကူးစက်တတ်သော ရောဂါများကာကွယ်ခြင်းနှင့် ပက်သက်သည့် ပညာပေးစာရွက်များဖြန့်ဝေခြင်း၊ ပညာပေးအစီအစဉ်ကို အပတ်စဉ်ဆောင်ရွက်ခြင်း၊ ဆေးရုံ အထောက်အကူပြုအဖွဲ့ အစီအစဉ်ဖြင့် ပညာပေးကာလ သတ်မှတ်ဆောင် ရွက်ခြင်းနှင့် မီဒီယာများမှ အသိပညာပေးခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။

စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)မှဦးကိုကိုနိုင်၏ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အတွင်းရှိ မြို့နယ်ပေါင်း(၃၃၀)ရှိသည့်အနက် မြို့နယ်ငယ်လေးများရှိ (၂၅)ခုတင်ဆံ့ ဆေးရုံများနှင့် ကျေးရွာများရှိ(၁၆)ခုတင်ဆံ့ တိုက်နယ်ဆေးရုံများတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် T.M.Oများ၊ A.S လက်ထောက်ဆရာဝန်များ အနေဖြင့် လက်ရှိတာဝန်ကျရာ ဆေးရုံမှ အခြားဒေသရှိဆေးရုံများသို့ ပြောင်းရွှေ့တာဝန်ထမ်း ဆောင်ရန် အမိန့်ကျလာသည့်အခါ ၎င်းကိုယ်စား တာဝန်ထမ်းဆောင်ရမည့် T.M.O, SMO, A.S ဆရာဝန်များ ရောက်ရှိမှသာ အခြားဆေးရုံများသို့ ပြောင်းရွှေ့ခွင့်ပြုရန် သက်ဆိုင်ရာဝန်ကြီးဌာနမှ စီစဉ်ဆောင်ရွက်ထားခြင်းရှိ/မရှိ သိလိုခြင်းမေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က ဆရာဝန်များ လက်ရှိတာဝန်ထမ်းဆောင်သည့် ဆေးရုံတွင် တာဝန်လစ်ဟင်းမှု မဖြစ်စေရန် တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ ဆေးရုံ၊ ကျန်းမာရေးဌာနများမှ ဆရာဝန်များအား အလျဉ်းသင့်သလို အလှည့်ကျ တာဝန်ချထားပါကြောင်း၊ 

ထိုသို့ တာဝန်ချထားရာတွင် လုပ်ငန်းလိုအပ်ချက်အရ ကိုယ်စား ဆရာဝန်များ တစ်ဦးနှင့်တစ်ဦး လွှဲပြောင်းရာတွင် အနည်းဆုံး ၂ ရက် ပူးတွဲ လုပ်ငန်းတာဝန် ထမ်းဆောင်နိုင်ရန် Overlap ၃ ရက်လုပ်ပြီး အချိန်ယူ လွှဲပြောင်းရန်အတွက်  တိုင်းဒေသ ကြီးနှင့်ပြည်နယ် ကုသရေးဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေးဦးစီး ဌာနများသို့ ညွှန်ကြားထားပြီးဖြစ်ပါကြောင်း ဖြေကြားသည်။

ထို့ပြင် ရခိုင်ပြည်နယ်မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါ်ထုမေ၏ ရခိုင်ပြည်နယ်၊ ရမ်းဗြဲ မြို့နယ်၊ ကျောက်ချောင်းတိုက်နယ်၊ အနောက်ရွာကျေးရွာရှိ ကျေးလက်ကျန်းမာရေးဌာနကို တိုက်နယ်ဆေးရုံအဖြစ် အဆင့်တိုးမြှင့်ပေးရန် အစီအစဉ်ရှိ/မရှိမေးခွန်းနှင့် ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးဝှေ့တင်း၏ ချင်းပြည်နယ်၊ ပလက်ဝမြို့ နယ်၊ ဆီမီးမြို့ နှင့်မီးဇာကျေးရွာတို့ရှိ တိုက်နယ်ဆေးရုံတို့တွင် အရေးပေါ် လူနာတင် ယာဉ်တစ်စီးစီနှင့် ဒီဇယ်မီးစက်တစ်လုံးစီ ချထားပေးရန် အစီအစဉ်ရှိ/မရှိ မေးခွန်းတို့နှင့် စပ်လျဉ်း၍ ဒုတိယ ဝန်ကြီးဒေါက်တာမြလေးစိန်က ပြန်လည်ဖြေကြားခဲ့သည်။

ထို့နောက် မြန်မာနိုင်ငံ မိခင်ကလေးစောင့်ရှောက်ရေးအသင်း ဥပဒေကြမ်းအား ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၇)မှ ဒေါက်တာ မြသောင်းက ဆွေးနွေးသည်။

 

ယင်းနောက် ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးအောင်သိန်းက ရာဇသတ်ကြီးကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်းအား လက်ခံဆွေးနွေးနိုင်ရန် လွှတ်တော်သို့ အဆိုတင်သွင်းရာ လွှတ်တော်က လက်ခံဆွေးနွေးရန် သဘောတူကြောင်း ဆုံးဖြတ်သည်။

အဆိုရှင်ကကိုလိုနီခေတ် နှစ်(၁၅၀)ကျော်က အတည်ပြုကျင့်သုံးထားသော The Penal Code ရာဇသတ်ကြီးပုဒ်မ ၃၇၆ပါ မုဒိမ်းမှုအတွက် ပြစ်ဒဏ်တို့မှာ ထိုခေတ် အချိန်အခါက လူနေမှုစရိုက်အပေါ် မူတည်ပြဌာန်းထားခြင်းဖြစ်သော်လည်း ယနေ့ လူနေမှုစနစ် ယဉ်ကျေးမှု၊ လူဦးရေတိုးမြင့်လာမှု၊ ပတ်ဝန်းကျင်အခြေအနေ၊ အသိပညာ ဗဟုသုတနည်းပါးမှု၊ ဆင်းရဲမွဲတေမှု၊ ဘဝ မလုံခြုံမှုစသည့် အခြေအနေများကြောင့် သက်ငယ်မုဒိမ်းမှု တိုးပွားလာသည့်အတွက် လူမှုပတ်ဝန်းကျင်တစ်ခုလုံးကို ခြိမ်းခြောက်လာ နေမှုများ ဖြစ်ပါ်နေမှုကို ထိန်းချုပ်ဟန့်ထားနိုင်ရေးအတွက် ပြစ်ဒဏ်တိုးမြင့်ရန် ပြင်ဆင်သည့် ဥပဒေကို တင်သွင်းရခြင်းဖြစ်ကြောင်း အဆိုတင်သွင်းစဉ် ဆွေးနွေး ပြောကြားခဲ့သည်။

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် နဝမပုံမှန်အစည်းအဝေး နဝမနေ့ကို သြဂုတ် ၁၄ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ 

မျိုးမြင့်