ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒသမပုံမှန် အစည်းအဝေး အောင်မြင်စွာကျင်းပပြီးစီး

နေပြည်တော် ၂၀ ဒီဇင်ဘာ 

 

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒသမပုံမှန်အစည်းအဝေး ၁၇ ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၆)မှ ဦးဖေတင်၏ မြန်မာ့မီးရထားကဏ္ဍ အောင်မြင်ဦးမော့လာနိုင်စေရေးအတွက် လက်ရှိရင်ဆိုင်နေရသော အရှုံးများနှင့် ကျဆင်းနေရမှုတို့ကို ရပ်တန့်ကျော်လွှားပြီး ရှေးယခင်အစဉ်အလာကောင်းများ ရရှိခဲ့သည့် မြန်မာ့မီးရထားကို ပြည်သူများ နှစ်ခြိုက်ချမ်းမြေ့စွာ ပြန်လည်အားပေးလာ ကြစေရေးအတွက် အစီအစဉ်ကောင်းများ ပြုလုပ်ဆောင်ရွက်ပေးရန် စီမံကိန်းများ ရှိ/မရှိ သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် က  Transport Policy ၁၂ချက်တွင် အရေးကြီး သည့် အချက်မှာ ထိရောက်ခေတ်မီပြီး စရိတ်သက်သာသည့် သယ်ယူပို့ဆောင်ရေး စနစ်တည်ထောင်ရန်ဟူ၍ ချမှတ်ထားပါကြောင်း၊ ထို့ပြင် လွတ်လပ်သည့် ယှဉ်ပြိုင်မှု ဈေးကွက်ဖြစ်ရန် လိုအပ်ပါကြောင်း၊ မော်တော်ကား၊ ရထား၊ ရေကြောင်းနှင့် လေကြောင်းတို့အား ပြည်သူလူထုမှ  ရွေးချယ်နိုင်လောက်သည့် အခွင့်အလမ်းများအား အစိုးရက ဖန်တီးပေးရမည် ဖြစ်ပါကြောင်း၊ အဆိုပါ ကိစ္စရပ်များကို အချိန်ယူဆောင် ရွက်သွား ရမည်ဖြစ်ပြီး အကောင်းဆုံး၊ အချွေတာနိုင်ဆုံးနှင့် အကျိုးရှိထိရောက်သော ရင်းနှီးမြှုပ်နှံမှု ဖြစ်စေရန်ဆောင်ရွက်နေပါကြောင်း ဖြေကြားသည်။

 

ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဦးရှန်အောရ် ၏ ချင်းပြည်နယ်၊ ဟားခါး မြို့နယ်အတွင်းရှိ တိလပ် (Tilak) ကျေးရွာတွင် သောက်သုံးရေကန် တိုးချဲ့ပေးခြင်းနှင့် နောက်ထပ်ရေလှောင်ကန် အသစ်တစ်ခု တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ် က ချင်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဟားခါးမြို့နယ်၊ တိလပ်ကျေးရွာတွင် သောက်သုံး ရေ ၃ မိုင် သွယ်တန်းခြင်းနှင့် ဂါလံ (၅၀၀၀) ဆံ့ ရေလှောင်ကန် တည်ဆောက်ခြင်း လုပ်ငန်းများအတွက် ၂၀၁၈ - ၂၀၁၉ဘဏ္ဍာရေးနှစ် ဒုတိယ (၁၂)လ၊ ပြည်နယ်နယ်စပ် ဒေသဖွံ့ဖြိုးရေးရန်ပုံငွေတွင် ငွေကျပ် သန်း ၃၀ အားခွင့်ပြုပြီး ဖြစ်ပါကြောင်း ဖြေကြားသည်။

 

အလားတူ ကယားပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)မှ ဒေါ်ရှားမူ၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးလားလ်မင်းထန်၊ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၄)မှ ဦးဟန်ဝင်းသိန်းနှင့် ကယားပြည်နယ် မဲဆန္ဒနယ်အမှတ် (၁၂)မှ ဦးစိုင်းပန်ဖ တို့၏ မေးခွန်းများနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်က ပြန်လည်ရှင်း လင်းဖြေကြားခဲ့သည်။

 

ထို့နောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း က အမျိုးသား လွှတ်တော်က အတည်ပြုပြီး ပေးပို့ထားသော စက်မှုဒီဇိုင်း မူပိုင်ခွင့် ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည် ပေးပို့လာခြင်းကို အသိပေး တင်ပြ၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။ 

 

ယင်းနောက် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဝင် ဦးအောင်ကြည်ညွန့်  က ယဉ်ကျေးမှု အမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ပြန်လည်ဖတ်ကြားရှင်းလင်း ရာတွင် ကော်မတီသည် ဥပဒေကြမ်းကို အကြံပြုဆွေးနွေးခဲ့သည့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် များ၊ သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များနှင့် အသေးစိတ်ဆွေးနွေး ညှိနှိုင်း ခဲ့ပြီး ဖြစ်ပါသဖြင့် ဥပဒေကြမ်းကော်မတီ၏ မူလပြင်ဆင်ချက်များနှင့် ထပ်မံပြင်ဆင်ချက် များကို အမျိုးသားလွှတ်တော်က အတည်ပြုဆောင်ရွက်ပေးနိုင်ပါရန်နှင့် အစီရင်ခံစာပါ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်၏ ပြင်ဆင်ချက်များကို လွှတ်တော်၏ အဆုံးအဖြတ်ရယူ ဆောင်ရွက်သင့်ပါကြောင်းဆွေးနွေး ပြောကြားသည်။

 

ဆက်လက်၍ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ က အဆိုပါ ဥပဒေကြမ်းကို တစ်ပိုဒ် ချင်းစီအလိုက် လွှတ်တော်၏ အဆုံးအဖြတ် ရယူအတည်ပြုသည်။

 

ထို့နောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကြည်မင်း က အဆိုပါ ဥပဒေကြမ်းကို ပြင်ဆင်ထားသည့်အတိုင်း လွှတ်တော်က အတည်ပြုရန် အဆိုတင်သွင်းရာ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၉)မှ ဦးမြမင်းဆွေက ထောက်ခံသည်။

 

ယင်းနောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ က အဆိုပါ ဥပဒေကြမ်းကို ပြင်ဆင် ထားသည့်အတိုင်း အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်က သဘောတူအတည်ပြုကြောင်း ကြေညာသည်။

 

ဆက်လက်၍ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ က ဒုတိယအကြိမ် အမျိုးသားလွှတ် တော် ဒသမပုံမှန် အစည်းအဝေး ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းပြော ကြားရာတွင် ၂၀၁၈ခုနှစ်၊ နိုဝင်ဘာ ၁၂ ရက်မှ ဒီဇင်ဘာ ၂၀ ရက်အထိ အစည်းအဝေးကျင်းပရက် (၁၇)ရက်အတွင်း အမျိုးသားလွှတ်တော်၏ ဆောင်ရွက်ချက် များအနေဖြင့် မေးခွန်းမေးမြန်းခြင်း ကဏ္ဍတွင် လွှတ်တော်ကိုယ်စားလှယ်များက ပြည်သူလူထု၏ အကျိုးအလို့ငှာ အမျိုးသားလွှတ်တော်သို့ ကြယ်ပွင့်ပြမေးခွန်း (၁၀၅)ခု နှင့် ကြယ်ပွင့်မပြမေးခွန်း (၁၀၂) ခုတို့ကို မေးမြန်းခဲ့ပါကြောင်း၊ လွှတ်တော်ကိုယ်စား လှယ်များ မေးမြန်းသည့် မေးခွန်း များအပေါ် ပြည်ထောင်စုအဆင့် အဖွဲ့အစည်း ဝင်ပုဂ္ဂိုလ်များက လွှတ်တော်တွင် နှုတ်ဖြင့် ဖြေကြားခြင်း၊ စာဖြင့်ပေးပို့ ဖြေကြားခြင်း တို့ကို ဆောင်ရွက်ခဲ့ပါကြောင်း။

 

အဆိုတင်သွင်းခြင်း ကဏ္ဍတွင် မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)မှ ဒေါ်သီရိ ရတနာ ၏ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အနေဖြင့် နိုင်ငံတော်၏ သက်ရှိ သဘာဝသယံဇာတဖြစ်သော ဆင်အပါ အဝင် အခြားသော တောရိုင်းတိရစ္ဆာန်များ မျိုးတုန်းခြင်းမှ ကာကွယ်နိုင်ရန် ရည်ရွယ် လျက် အများပြည်သူသတိပြုမှု မြင့်တက် စေရန်နှင့် ဆင်အပါအဝင် အခြားသော တောရိုင်းတိရစ္ဆာန်များနှင့် ၎င်းတို့၏ အစိတ်အပိုင်းများ ပြောင်ပြောင်တင်းတင်း ရောင်းဝယ်ဖောက်ကားနေမှုကို ရပ်တန့် ပစ်နိုင်ရန်အတွက် ထိရောက်စွာ အရေးယူမှုများ ပြုလုပ်ခြင်းဖြင့် အချိန်မီ ကယ်တင်နိုင်ရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်သို့ တင်သွင်းခဲ့ရာ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခြင်း၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်း ဝင်က ပြန်လည်ဖြေရှင်းဆွေးနွေးခြင်းနှင့် လွှတ်တော် ၏ အဆုံးအဖြတ် ရယူခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး အဆိုကို အတည်ပြုခဲ့ပါကြောင်း။

 

ဥပဒေကြမ်းတင်သွင်းခြင်းကဏ္ဍအနေဖြင့် အမျိုးသားလွှတ်တော်တွင် စတင် ဆွေးနွေးနိုင်ရန် ပေးပို့ထားသည့် ယဉ်ကျေးမှု အမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေကြမ်းကို လွှတ်တော်သို့ အဆိုတင်သွင်းခြင်း၊ ဥပဒေကြမ်းကော်မတီက အစီရင်ခံစာ ဖတ်ကြားတင်သွင်းခြင်း၊ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခြင်း နှင့် လွှတ်တော်၏ အတည်ပြုချက် ရယူခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး ပြည်သူ့လွှတ်တော် သို့ ပေးပို့ခဲ့ပါကြောင်း။

 

မြန်မာ့ဆက်သွယ်ရေးကော်ပိုရေးရှင်း ဥပဒေကြမ်းကို လွှတ်တော်သို့ အဆိုတင် သွင်းခြင်း၊ ဥပဒေကြမ်း ကော်မတီက အစီရင်ခံစာ ဖတ်ကြားခြင်းတို့ကို ဆောင်ရွက်ခဲ့ပါ ကြောင်း၊ အမျိုးသားလွှတ်တော်မှ စတင်ဆွေးနွေး အတည်ပြုပြီး ပြည်သူ့လွှတ်တော်သို့ ပေးပို့ထားသည့် ဥပဒေကြမ်းများအနက် ၂၀၁၇ခုနှစ်၊ မြန်မာ့ကျောက်မျက်ရတနာ ဥပဒေ ကြမ်း၊ စာပေနှင့် အနုပညာ မူပိုင်ခွင့် ဥပဒေကြမ်း၊ အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်း တို့အား ပြည်သူ့လွှတ် တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာခြင်းကို ဆွေးနွေးရာတွင် လွှတ်တော်နှစ် ရပ် သဘောကွဲလွဲသဖြင့် ပြည်ထောင်စုလွှတ်တော်၌ ဆွေးနွေးနိုင်ရန် ပေးပို့ခဲ့ပါကြောင်း။

 

မြန်မာနိုင်ငံ စာရင်းကောင်စီ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း ကို ပြည်သူ့ လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာခဲ့ရာ လွှတ်တော်က ပြည်သူ့လွှတ် တော်၏ ပြင်ဆင်ချက်အတိုင်း အတည်ပြုခဲ့ပါကြောင်း၊ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် ဥပဒေကြမ်း၊ စက်မှုဒီဇိုင်း မူပိုင်ခွင့် ဥပဒေကြမ်း တို့အား ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာခဲ့ရာ လွှတ်တော်သို့ အသိပေးပြီး ဆွေးနွေးရန် အမည်စာ ရင်းတောင်းခံခဲ့ပါကြောင်း။

 

ပြည်သူ့လွှတ်တော်တွင် စတင်ဆွေးနွေး အတည်ပြုပြီး အမျိုးသားလွှတ်တော်သို့ ပေးပို့ခဲ့သည့် ဥပဒေကြမ်းများအနက် ၂၀၁၈ခုနှစ်၊ လောင်းကစား ဥပဒေကြမ်း၊ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး ဥပဒေကြမ်း၊ စားသုံးသူ ကာကွယ်ရေး ဥပဒေကြမ်း တို့ကို ဥပဒေကြမ်းကော်မတီက အစီရင်ခံစာ ဖတ်ကြားတင် သွင်းခြင်း၊ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခြင်းနှင့် အဆုံးအဖြတ် ရယူခြင်းတို့ကို ဆောင်ရွက်ခဲ့ကာ ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပြည်သူ့လွှတ်တော်သို့ ပေးပို့ ခဲ့ပါကြောင်း။

 

လွှတ်တော်ကိုယ်စားလှယ်များက တင်သွင်းသည့် ဥပဒေကြမ်းများဖြစ်သည့် ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁၂)မှ ဦးအောင်သိန်း တင်သွင်းထားသည့် ရာဇသတ် ကြီးကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်း ကို အစီရင်ခံစာ ပြန်လည်ဖတ်ကြား ခြင်း၊ အဆုံးအဖြတ် ရယူခြင်းတို့ကို ဆောင်ရွက်ခဲ့ကာ ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပြည်သူ့လွှတ်တော်သို့ ပေးပို့ခဲ့ပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁) မှ ဦးစိုးမိုး တင်သွင်းသည့် တရားလွှတ်တော် ရှေ့နေများကောင်စီ အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း ကို လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ဆွေးနွေးခြင်းနှင့် အဆုံးအဖြတ်ရယူခြင်းတို့ကို ဆောင်ရွက်ခဲ့ကာ ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပြည်သူ့ လွှတ်တော်သို့ ပေးပို့ခဲ့ပါကြောင်း။

 

အစီရင်ခံစာ တင်သွင်းခြင်းကဏ္ဍတွင် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပထမ ပုံမှန်အစည်းအဝေးမှ နဝမပုံမှန်အစည်းအဝေးအထိ တင်သွင်းမေးမြန်းခဲ့သည့် အဆို၊ မေးခွန်းများနှင့် စပ်လျဉ်းသည့် အစီရင်ခံစာကို အမျိုးသားလွှတ်တော်သို့ ဖတ်ကြား တင်သွင်းခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက အကြံပြု ဆွေးနွေးခြင်းနှင့် လွှတ် တော်က အတည်ပြုခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း။

 

အမျိုးသားလွှတ်တော်တွင် ဖွဲ့စည်းထားသည့် ကော်မတီများ၏ လွှတ်တော် အစည်းအဝေးကာလအတွင်း ဆောင်ရွက်ခဲ့သည့် ကော်မတီအစည်းအဝေးများမှာ ဥပဒေကြမ်းကော်မတီ (၁၉) ကြိမ်၊ ပြည်သူ့ငွေစာရင်း ကော်မတီ (၅)ကြိမ်၊ လွှတ်တော် အခွင့်အရေး ကော်မတီ (၁)ကြိမ်၊ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံ ချက်များ စိစစ်ရေးကော်မတီ (၁၁)ကြိမ်၊ နိုင်ငံတကာဆက်ဆံရေး၊ လွှတ်တော်ချင်း ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (၂)ကြိမ်၊ အစိုးရမဟုတ်သော ပြည်တွင်းပြည်ပ အဖွဲ့အစည်းများဆိုင်ရာ ကော်မတီ(၄)ကြိမ်၊ ကျန်းမာရေး၊ အားကစား နှင့် ယဉ်ကျေးမှုဆိုင်ရာ ကော်မတီ (၅) ကြိမ်၊ တိုင်းရင်းသားရေးရာကော်မတီ (၄)ကြိမ်၊တောင်သူလယ်သမားရေးရာကော်မတီ (၄)ကြိမ်၊ အမျိုးသမီးနှင့် ကလေးသူ ငယ် အခွင့်အရေးဆိုင်ရာ ကော်မတီ(၇)ကြိမ်၊ ပညာရေးမြှင့်တင်မှုကော်မတီ (၆)ကြိမ်၊ ပြည်တွင်းပြည်ပအလုပ်သမားဆိုင်ရာကော်မတီ(၆)ကြိမ်၊ နိုင်ငံသားများ၏ မူလအခွင့် အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ကော်မတီ (၅)ကြိမ်၊ သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီ(၆) ကြိမ်၊ ပြည်သူတို့၏ တိုင်ကြားစာဆိုင်ရာကော်မတီ (၃)ကြိမ်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးကော်မတီ (၂)ကြိမ်၊ ဆောက်လုပ်ရေး၊ စက်မှု၊ လျှပ်စစ်နှင့် စွမ်းအင်ဆိုင်ရာ ကော်မတီ (၃)ကြိမ် စုစုပေါင်း ကော်မတီအစည်းအဝေး (၉၃)ကြိမ် ပြုလုပ်ခဲ့ပါကြောင်း။

 

အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ စွမ်းရည်မြင့်မားစေရန် ရည်ရွယ်၍ အပြန်အလှန်ဆွေးနွေးပွဲ (Debate) ကို (၂)ကြိမ် ပြုလုပ်ခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ် များက ဆွေးနွေးခဲ့ပါကြောင်း၊ သုတေသန၊ ပြည်သူ့ဆက်ဆံရေးနှင့် နိုင်ငံတကာဆက်ဆံ ရေးဌာနကြီးမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များအတွက် ဒုတိယအကြိမ် အမျိုး သားလွှတ်တော် ဒသမပုံမှန် အစည်းအဝေး ကာလအတွင်း စာတမ်းတို (၂)စောင်ထုတ် ဝေခဲ့ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ် (၆၇) ဦးက သိရှိလိုသည့် သတင်းအချက် အလက် မေးမြန်းခဲ့မှုများအနက် (၆၇)ချက်ကို ရှာဖွေပေးခဲ့ပြီး ဆောင်ရွက်ဆဲ (၁၀)ချက် ဖြစ်ပါကြောင်း။

 

လွှတ်တော်ကိုယ်စားလှယ်များအားလုံး မိမိတို့သက်ဆိုင်ရာ ဒေသအသီးသီးသို့ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစွာဖြင့် ပြန်လည်ရောက်ရှိကြပြီး မိမိတို့၏ မဲဆန္ဒရှင် ပြည်သူများအကျိုး၊ ဒေသ၏အကျိုး၊ နိုင်ငံတော်၏ အကျိုးကို ဆတက်ထမ်းပိုး ထမ်း ဆောင်နိုင်ကြပါစေကြောင်း ပြောကြားသည်။

 

ထို့နောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ က ဒုတိယအကြိမ် အမျိုးသား လွှတ်တော် ဒသမပုံမှန်အစည်းအဝေး ၁၇ ရက်မြောက်နေ့ ရပ်နားကြောင်းနှင့် ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒသမပုံမှန် အစည်းအဝေး အောင်မြင်စွာ ကျင်းပ ပြီးစီးကြောင်း ကြေညာသည်။

 

အောင်ရဲသွင်၊ လူမော် (သတင်းစဉ်)