ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒသမ ပုံမှန်အစည်းအဝေး ၁၃ရက် မြောက်နေ့ကျင်းပ

နေပြည်တော်   ၁၂  ဒီဇင်ဘာ

 

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒသမ ပုံမှန်အစည်းအဝေး ၁၃ ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ ကြယ်ပွင့်ပြ မေးခွန်းများ မေးမြန်းခြင်းနှင့် ဖြေကြားခြင်း၊ ပြင်ဆင်ချက် ဥပဒေကြမ်း ၁ ခုဆွေးနွေးခြင်း၊ ဥပဒေကြမ်း ၁ ခု တင်သွင်းခြင်းနှင့် အစီရင်ခံစာ ၁ ခု ဖတ်ကြားခြင်းတို့ကို ဆောင်ရွက်ကြသည်။

 

အစည်းအဝေးတွင် စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဦးလှဦး၏ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ တိုင်းဒေသကြီးနှင့် ပြည်နယ်ရုံးစိုက်ရာ မြို့အသီးသီးတို့နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတို့တွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေအခန်း(၆) ပုဒ်မ ၃၆ (က) (ခ) တို့အရ ဖွဲ့စည်းနိုင်သော ရုံးခွဲများကို ပြဋ္ဌာန်းထားသော ဥပဒေပါ ရည်ရွယ်ချက်များ ထိရောက်အောင်မြင်နိုင်ရေးအတွက် ပြည်ထောင်စု အစိုးရအနေဖြင့် ကော်မရှင်ရုံးခွဲများ ဖွဲ့စည်းနိုင်ရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်   စပ်လျဉ်း၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် အတွင်းရေးမှူး ဦးစန်းဝင်းက အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အနေဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူ ခွင့်ပြုချက်အရ ကော်မရှင်ရုံး၏ ဖွဲ့စည်းပုံကို ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း အင်အားတိုးချဲ့ ပြင်ဆင်ဖွဲ့စည်းရန်နှင့် ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် ကော်မရှင်ရုံးခွဲများ ဖွင့်လှစ်နိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ ကျန်ရှိသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်ရုံးစိုက်ရာ မြို့များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများနှင့် စပ်လျဉ်း၍ နိုင်ငံတော်၏ ဘဏ္ဍာငွေ ခွင့်ပြုနိုင်မှုနှင့် လုပ်ငန်းလိုအပ်ချက်ပေါ်တွင် မူတည်ရွေးချယ်ပြီး နှစ်စဉ်ကော်မရှင်ရုံးခွဲများ တိုးချဲ့ဖွင့်လှစ်ပေးနိုင်ရန် တင်ပြဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။

 

ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)မှ ဒေါ်ခင်ဆွေလွင်၏ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်တွင် အမျိုးသမီးနှင့် ကလေးသူငယ်များအတွက် ဘက်စုံသုံးခန်းမ ဆောင်ပါဝင်သော မိခင်နှင့် ကလေးကျန်းမာရေးဌာန အဆောက်အအုံကို ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် မိခင်နှင့်ကလေး ကျန်းမာရေးဌာန စံကိုက်နှစ်ထပ် အဆောက်အဦ အသစ်အား ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်မှ စတင်၍ နှစ်စဉ်စီမံကိန်းများတွင် ရန်ပုံငွေရရှိရေးအတွက် ဦးစားပေးအစီအစဉ်ဖြင့် လျာထားဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း ဖြေကြားသည်။

 

ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ ဦးစိုးမိုး၏ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ဘောမိကျေးရွာအုပ်စု၊ ဂျိတ်လက်ကျေးရွာတွင် ကျေးလက်ကျန်းမာရေးဌာန (ခွဲ) အသစ်တစ်ခု တိုးချဲ့ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က ရေလမ်းတစ်ခုတည်းကိုသာ အသုံးပြုသွားလာလျက်ရှိသော ပုသိမ်မြို့နယ်၊ ဂျိတ်လတ်ကျေးရွာတွင် ကျေးလက်ကျန်း မာရေးဌာနခွဲ အသစ်တိုးချဲ့ဖွင့်လှစ်ခွင့် ရရှိရေးအတွက် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် အမျိုးသားကျန်းမာရေး စီမံကိန်းနှင့်ညှိနှိုင်း၍ စီမံကိန်းနှင့် ဖွဲ့စည်းပုံ စိစစ်ရေးအဖွဲ့သို့ လည်းကောင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရသုံးမှန်းခြေ ငွေစာရင်းဦးစီးဌာနများသို့ လည်းကောင်း ပေးပို့ပြီး သဘောထားမှတ်ချက်တောင်းခံ၍ ပြန်ကြားချက်(ထောက်ခံချက်)များ ရရှိပါက ပြည်ထောင်စုအစိုးရအဖွဲ့ရုံးသို့ တင်ပြ၍ ခွင့်ပြုချက်ရရှိပါက ပြည်ထောင်စုအစိုးရ အဖွဲ့အစည်းအဝေးသို့ ဆက်လက်တင်ပြ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။

 

မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၆)မှ ဦးဖေတင်၏ ယနေ့ လူမှုကွန်ရက်စာမျက်နှာ (Facebook) ပေါ်တွင် ရေးသားအသုံးပြုကြသူများအနက် အချို့မှာ Account ၂မျိုး၊ ၃မျိုး သုံးပြီး ပုဂ္ဂိုလ်ရေး တိုက်ခိုက်ဆဲဆိုခြင်း၊ မိသားတစ်စု၊ မောင်နှင့်နှမ မဖတ်သင့်သည့် အလွန်ညစ်ညမ်းသော အသုံးအနှုန်းနှင့် အမနာပ ဝေဖန်ပုတ်ခတ် တိုက်ခိုက်လာခြင်း၊ ၎င်းကို Like လုပ်ပေးခြင်း၊ Comment ပေးခြင်း စသည်ဖြင့် အတင့်ရဲစွာ လုပ်ဆောင်လာကြခြင်းသည် ကြာလျှင် အရိုင်းကို အယဉ် မှတ်ထင်လာပြီး ဒီမိုကရေစီ ယဉ်ကျေးမှု တစ်ရပ်ဟုပင် လွဲမှားစွာ ခံယူထင်မြင် ကျင့်သုံးလာခြင်းမျိုး မဖြစ်စေရန်အတွက် သက်ဆိုင်ရာမှ ကန့်သတ်ထိန်းချုပ် တားမြစ်ပေးရန် သို့မဟုတ် အရေးယူပေး ရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသာဦးက နိုင်ငံတကာ အခြေခံစံနှုန်းများနှင့် ကိုက်ညီ၍ မြန်မာနိုင်ငံနှင့် သင့်လျော်ပြီး ပြည်သူလူထုအား အကာအကွယ်ပေးနိုင်ရန်နှင့် ဆက်သွယ်ရေး ကွန်ရက်တစ်ခုခုကို အသုံးပြု၍ နိုင်ငံတော်တည်ငြိမ်ရေးကို ထိခိုက်ပျက်ပြားစေခြင်း၊ ပုဂ္ဂိုလ်ရေးရာ တိုက်ခိုက်ခြင်း၊ ညစ်ညမ်းစွာ ရေးသားပြောဆိုခြင်း၊ ရာဇဝတ်မှုကျူးလွန်ခြင်းကို ထိထိရောက်ရောက် အရေးယူ အပြစ်ပေးနိုင်ရန် Cyber Law တစ်ရပ်ပေါ်ထွက် လာနိုင်ရေးအတွက် ဝန်ကြီးဌာနအနေဖြင့် ပြည်တွင်း/ပြည်ပမှ ဥပဒေနှင့်နည်းပညာ ကျွမ်းကျင်သူများဖြင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်း။

 

ဝန်ကြီးဌာနအနေဖြင့် Community Standards များကိုလိုက်နာသော လူမှုကွန်ရက် အသုံးပြုသူများ ဖြစ်စေရန် ရည်ရွယ်၍ ဆိုရှယ်မီဒီယာများအသုံးပြုရာတွင် လိုက်နာသင့်သည့် အချက်များ၊ သတိပြုရမည့် အချက်များကို ပြည်သူလူထုမှ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ဖြန့်ဝေခြင်း၊ မိုဘိုင်း တယ်လီဖုန်း သုံးစွဲမှုဆိုင်ရာ နည်းပညာများကို အသိပညာပေး ဆွေးနွေးပွဲများ ပြုလုပ်ခြင်း၊ ဆိုင်ဘာလုံခြုံရေးဆိုင်ရာ ပြပွဲများနှင့် လှုပ်ရှားမှုများ ပြုလုပ်ပေးခြင်း စသည်တို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားသည်။

 

အလားတူ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)မှ ဒေါက်တာဇော်လင်းထွဋ်၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးလှမြင့် (ခ) ဦးလှမြင့်သန်းနှင့် မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဒေါ်နွယ်နွယ်အောင်တို့၏ မေးခွန်းများနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးသာဦးနှင့် ဒေါက်တာမြလေးစိန်တို့က ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြသည်။

 

ထို့နောက် အမျိုးသားလွှတ်တော်က အတည်ပြုပြီး ပေးပို့ထားသော မြန်မာနိုင်ငံ စာရင်းကောင်စီ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာခြင်းနှင့် စပ်လျဉ်း၍ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးစိုးသိန်း (ခ) ဦးမောင်စိုးက ဆွေးနွေးသည်။

 

ယင်းနောက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသာဦးက မြန်မာ့ဆက်သွယ်ရေးကော်ပိုရေးရှင်း ဥပဒေကြမ်းကို လွှတ်တော်သို့ တင်သွင်းသည်။

 

ဆက်လက်၍ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုး က အဆိုပါ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းသည်။

 

ထို့နောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက အဆိုပါ ဥပဒေကြမ်းကို ဆွေးနွေးလို သည့် လွှတ်တော်ကိုယ်စားလှယ်များ ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

 

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒသမပုံမှန်အစည်းအဝေး ၁၄ ရက်မြောက်နေ့ကို ဒီဇင်ဘာ ၁၄ ရက်တွင် ဆက်လက်ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

 

အောင်ရဲသွင်