ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး ၁၆ ရက် မြောက်နေ့ကျင်းပ

နေပြည်တော်  ၁၈  ဇွန်

 

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး ၁၆ ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ ကြယ်ပွင့်ပြမေးခွန်းများ မေးမြန်းခြင်းနှင့် ဖြေကြားခြင်း၊ ဥပဒေကြမ်း ၁ ခု ဆွေးနွေးခြင်းနှင့် အစီရင်ခံစာ ၃ ခု ဖတ်ကြားခြင်းတို့ကို ဆောင်ရွက်ကြသည်။

 

မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးလှမြင့် (ခ) ဦးလှမြင့်သန်း၏ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်ကျေးရွာအုပ်စုနေ ယခင်စစ်တောင်းစက္ကူစက် ဝန်ထမ်းဟောင်းများဖြစ်သည့် ရွှေသံလွင်ဟိုင်းဝေးကုမ္ပဏီက ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့တွင် ၃လစာပေး၍ အလုပ်မှ အနားယူစေခြင်း ခံရသည့် ဝန်ထမ်း (၄၇၆)ဦးနှင့် ပတ်သက်၍ အလုပ်အကိုင်ရရှိရေး မည်ကဲ့သို့ စီစဉ်ဆောင်ရွက်ထားသည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက ရွှေသံလွင်ဟိုင်းဝေး ကုမ္ပဏီလီမိတက်မှ စက္ကူစက်ရုံ (စစ်တောင်း)ရှိ မြေ၊ စက်ရုံနှင့် အခြားအဆောက်အဦများ၊ စက်ရုံပစ္စည်းများအား မွန်ပြည်နယ်အစိုးရအဖွဲ့သို့ လွှဲပြောင်းပေးအပ်ရေးကိစ္စကို ပြည်ထောင်စုအစိုးရအဖွဲ့၊ စီးပွားရေးရာကော်မတီ အစည်းအဝေးမှ သဘောတူခွင့်ပြုခဲ့ပါကြောင်း၊ အဆိုပါ ခွင့်ပြုချက်အရ စက်ရုံ၊ မြေ၊ အဆောက်အဦနှင့် စက်ပစ္စည်းများအား လွှဲပြောင်းလက်ခံရန်နှင့် ကုမ္ပဏီဝန်ထမ်း ၄၇၆ ဦးအား နိုင်ငံတော်မှ တည်ဆဲဥပဒေ အတိုင်းကရုဏာကြေး၊ နစ်နာကြေးများ ပေးအပ်၍ ဝန်ထမ်းအဖြစ်မှ ရပ်ဆိုင်းရေး ကိစ္စရပ်များအား လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ဖြေရှင်းနိုင်ရန် မွန်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပဏာမလေ့လာ စိစစ်ရေးကော်မတီကို ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပါကြောင်း။

 

မွန်ပြည်နယ်အစိုးရအဖွဲ့၏ ပဏာမလေ့လာစိစစ်ရေး ကော်မတီနှင့် ကြီးကြပ်ရေးကော်မတီ ၃ရပ်၏ စာရင်းဇယားများ စစ်ဆေးထားရှိမှုနှင့် စက်မှုဝန်ကြီးဌာန၊ မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် ရွှေသံလွင်ဟိုင်းဝေး ကုမ္ပဏီလီမိတက်မှ ကိုယ်စားလှယ်များပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးအစီရင်ခံချက်တို့အရ စက္ကူစက်ရုံ (စစ်တောင်း)၏ မြေ (၆၉၈ ဒသမ ၄၂) ဧကနှင့် ယင်းမြေပေါ်ရှိ စက်ရုံ အဆောက်အဦများ၊ စက်ပစ္စည်းများကို ၂၀၁၈ခုနှစ် မေလ ၂ ရက်တွင် ရွှေသံလွင်ဟိုင်းဝေး ကုမ္ပဏီလီမိတက်မှ မွန်ပြည်နယ်အစိုးရအဖွဲ့သို့ တရားဝင်လွှဲပြောင်း ပေးအပ်ခဲ့ပြီး ဖြစ်ပါကြောင်း။

 

ကရုဏာကြေး၊ နစ်နာကြေးပေးအပ်မှု ကြီးကြပ်ရေးကော်မတီအနေဖြင့် ရွှေသံလွင်ဟိုင်းဝေး ကုမ္ပဏီလီမိတက်ရှိ ဝန်ထမ်း ၄၇၆ ဦးအနက် သက်ပြည့်ပင်စင်ယူသူ ၁ ဦးနှင့် ကုမ္ပဏီဝန်ထမ်းအဖြစ် ခန့်အပ်သူ ၂ ဦး စုစုပေါင်း ၃ ဦးရှိပြီး ကျန်ဝန်ထမ်း ၄၇၃ ဦးအား အလုပ်ရပ်စဲခြင်းအတွက် နစ်နာကြေးများကို ယခင်အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၏ ၂၀၁၅ခုနှစ် ဇူလိုင်လ ၃ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၈၄/၂၀၁၅)ဖြင့် သတ်မှတ်ထားသည့် နစ်နစ်ကြေး ၅ လစာ ထုတ်ပေးခဲ့ရာ ၂၀၁၇ခုနှစ် ဒီဇင်ဘာလ ၅ ရက်မှ ၂၀၁၈ ခုနှစ် ဧပြီလအထိ ကုမ္ပဏီဝန် ထမ်း ၁၇၄ ဦးတို့မှ ကျိုက်ထိုမြို့နယ် စက္ကူစက်ရုံ (စစ်တောင်း) ရုံးခန်းတွင် နစ်နာကြေးများ လာရောက်ထုတ်ယူခဲ့ပြီး ဖြစ်ပါကြောင်း။

 

စက္ကူစက်ရုံ (စစ်တောင်း)ရှိ ကုမ္ပဏီဝန်ထမ်းများအား တည်ဆဲအလုပ်သမား  ဥပဒေများအရ အလုပ်ရပ်စဲနစ်နာကြေး ၅လစာပေးပြီး ဖြစ်ပါသောကြောင့် အလုပ်အကိုင်ရရှိရေးနှင့် ပတ်သက်၍ လတ်တလော သီးခြားစီစဉ် ဆောင်ရွက်ထားမှု မရှိနိုင်သေးပါကြောင်း၊ အဆိုပါ စက်ရုံတွင် စက်မှုနယ်မြေအဖြစ် ထူထောင်ရန် စိတ်ဝင်စားသော ဟင်္သာဧကရီကုမ္ပဏီ၊ ကိုရီးယားနိုင်ငံ Korea Industrial Complex Co., Ltd ၊ ဂျပန်နိုင်ငံ YAZAKI Co.,Ltd ၊ Nankai Electrical Power Co.,Ltd နှင့် သန်းထိုက်လူ ကုမ္ပဏီတို့မှ ကွင်းဆင်းလေ့လာခဲ့ကြပြီး မွန်ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး၍ ဝန်ထမ်းများ၏ဘဝ အာမခံချက်ရရှိရေးအတွက် ရှေ့လုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရန် ပူးပေါင်းဆောင်ရွက်နိုင်ရေး ဆွေးနွေးညှိနှိုင်းနေဆဲ ဖြစ်ပါ ကြောင်းနှင့် မကြာမီ လူမှုဘဝအဆင်ပြေနိ်ုင်ရေးအတွက် လုပ်ငန်းများကို အမြန်ဆုံး စတင်ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း ဖြေကြားသည်။

 

မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)မှ ဦးထွန်းထွန်းဦး၏ မြန်မာနိုင်ငံတွင် ၂၀၁၁ခုနှစ် ကိုယ်ပိုင်ကျောင်းမှတ်ပုံတင် ဥပဒေနှင့် ၂၀၁၄ခုနှစ် အမျိုးသားပညာ ရေး ဥပဒေတို့မှ ကင်းလွတ်နေသော ပြင်ပပုဂ္ဂလိက ပညာရေးကျောင်းများဖြစ်သည့် စာရင်းကိုင်သင်တန်းကျောင်း၊ ကွန်ပျူတာသင်တန်းကျောင်း၊ IT ၊ Business ၊ Leader ship အစရှိသည့် သင်တန်းကျောင်းများအား စနစ်တကျ စိစစ်ကြပ်မတ်ရန်၊ သင်ကြားရေးဆိုင်ရာ စံချိန်စံညွှန်းများအား သတ်မှတ်ထိန်းသိမ်း ဆောင်ရွက်ပေးရန်နှင့် နိုင်ငံတော်အတွက် ထိုက်သင့်သည့် အခွန်အခများ ရရှိနိုင်စေရန် စီမံဆောင်ရွက်ထားခြင်း ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပညာရေးဝန်ကြီးဌာန အနေဖြင့် အမျိုးသားပညာရေး ဥပဒေ (၂၀၁၄ခုနှစ်)၊ အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေ (၂၀၁၅ ခုနှစ်)နှင့် ကိုယ်ပိုင်ကျောင်းမှတ်ပုံတင်ဥပဒေများကို ပြဋ္ဌာန်းထားပြီး ဖြစ်ပါကြောင်း၊ နည်းပညာနှင့် သက်မွေးဆိုင်ရာ ပညာရေးနှင့် လေ့ကျင့်ရေး ဥပဒေနှင့် ပုဂ္ဂလိကကျောင်း ဥပဒေများကို ပြဋ္ဌာန်းနိုင်ရေးအတွက် လက်ရှိတွင် ဆောင်ရွက်လျက်ရှိပါကြောင်း။

 

ထိုသို့ ပြဋ္ဌာန်းပြီးပါက ပြင်ပ ပုဂ္ဂလိက ပညာရေးကျောင်းများဖြစ်သည့် စာရင်းကိုင် သင်တန်းကျောင်း၊ ကွန်ပျူတာ သင်တန်းကျောင်း၊ IT၊ Business၊ Leadership အစရှိသည့် သင်တန်းကျောင်းများ အနေဖြင့် နည်းပညာနှင့် သက်မွေးဆိုင်ရာ သင်တန်းများအဖြစ် မှတ်ပုံတင် မည်ဆိုပါက နည်းပညာနှင့် သက်မွေးဆိုင်ရာ ပညာရေးနှင့် လေ့ကျင့်ရေးဥပဒေအရလည်းကောင်း၊ ပုဂ္ဂလိကကျောင်းအဖြစ် မှတ်ပုံတင်မည် ဆိုပါကလည်း ပုဂ္ဂလိကကျောင်းဥပဒေအရ လည်းကောင်း မှတ်ပုံတင် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ အဆိုပါ ဥပဒေများအရ မှတ်ပုံတင်ခြင်းမှ ကင်းလွတ်မည့် ကျောင်းမရှိနိုင်ပါကြောင်းနှင့် လတ်တလော အခြေအနေတွင် အဆိုပါ သင်တန်းကျောင်းများအပေါ် ပညာရေးဝန်ကြီးဌာနမှ စိစစ်ကြပ်မတ် စီမံဆောင်ရွက်ပေးရခြင်းများ မရှိပါကြောင်း။

 

နိုင်ငံတော်အတွက် ထိုက်သင့်သည့် အခွန်အခများ ရရှိနိ်ုင်စေရန် စီမံဆောင်ရွက် ထားခြင်း ရှိ/မရှိ သိရှိလိုခြင်းနှင့် ပတ်သက်၍ ပြင်ပပုဂ္ဂလိက ပညာရေးကျောင်းများ ဖြစ်သည့် စာရင်းကိုင်ပညာသင်တန်းကျောင်း၊ ကွန်ပျူတာ သင်တန်းကျောင်းများ၏ ပညာရေးဝန်ဆောင်မှုလုပ်ငန်းသည် ၂၀၁၈ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေ ပုဒ်မ ၁၄၊ ပုဒ်မခွဲ(ဃ)အရ ကုန်သွယ်လုပ်ငန်းခွန် မကျသင့်သည့် ဝန်ဆောင်မှု ၃၀မျိုး၏ အမှတ်စဉ် ၅တွင် အကျုံးဝင်ပါသဖြင့် ကုန်သွယ်လုပ်ငန်းခွန် မကျသင့်ပါ ကြောင်း၊ ဝင်ငွေခွန်အနေဖြင့် တစ်ဦးချင်းပုဂ္ဂိုလ်များ အတွက် ဆောင်ရွက်သည့် လုပ်ငန်းဖြစ်ပါက ၂၀၁၈ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေပုဒ်မ ၁၉၊ ပုဒ်မခွဲ (ဂ)အရ သတ်မှတ် ထားသော သက်သာခွင့်များ ခုနှိမ်ပြီးနောက် ကျန်ဝင်ငွေအပေါ်တွင် ဝ ရာခိုင်နှုန်း မှ ၂၅ ရာခိုင်နှုန်းအထိ ဝင်ငွေခွန် ကျသင့်မည် ဖြစ်ပါကြောင်း၊ ကုမ္ပဏီတည်ထောင်၍ လုပ်ငန်း ဆောင်ရွက်ခြင်း ဖြစ်ပါက စုစုပေါင်း အသားတင် အမြတ်ဝင်ငွေအပေါ် ၂၅ ရာခိုင်နှုန်း ဖြင့် ဝင်ငွေခွန်စည်းကြပ် မည်ဖြစ်ပါကြောင်း။

 

အဆိုပါ ကျောင်းများ တည်ထောင်ခြင်းအတွက် အခွန်လွတ်ကင်းမှု မရှိစေရေး စည်ပင်သာယာရေးအဖွဲ့များနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနတို့မှ စာရင်းများရယူ၍ အခွန်စည်းကြပ်မှု ဆောင်ရွက်ခြင်းနှင့် ကွင်းဆင်းစစ်ဆေး၍ အခွန်စည်းကြပ်မှုများ ဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားသည်။

 

အလားတူ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးဝှေ့တင်း၏ မေးခွန်းနှင့် စပ်လျဉ်း၍ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ် က ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။

 

ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက အမျိုးသားလွှတ်တော်က အတည်ပြုပြီး ပေးပို့ထားသော မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း (၂၀၁၇ခုနှစ်) အား ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာခြင်းကို အသိပေးတင်ပြ၍ ယင်းပြင်ဆင်ချက်ကို ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

 

ယင်းနောက် တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေး ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍  လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

 

မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ ဦးလှဆန်းက မြေကိုအသုံးပြု၍ သော်လည်းကောင်း၊ အခြားနည်းကို အသုံးပြု၍သော် လည်းကောင်း စိုက်ပျိုးရေးလုပ်ငန်း သို့မဟုတ် မွေးမြူရေးလုပ်ငန်း သို့မဟုတ် ယင်း လုပ်ငန်းနှစ်ရပ်လုံးတို့၏ အဓိကအသက်မွေးဝမ်းကြောင်းအဖြစ် မိမိကိုယ်တိုင်လုပ်ကိုင်သူ သို့မဟုတ် မိမိကိုယ်တိုင် အစဉ်တစိုက် လုပ်ကိုင်ခဲ့သူ ဆိုသည့် နေရာတွင် လုပ်ကိုင် လျက်ရှိသူဟု ပြင်ဆင်လိုပါကြောင်း၊ ပြည်ထောင်စု အစိုးရအဖွဲ့သည် ပုဒ်မ ၄ (က)(ခ) (ဂ) အရ ဖွဲ့စည်းထားသော ဦးဆောင်အဖွဲ့ကို လိုအပ်ပါက ပြင်ဆင်ဖွဲ့စည်းနိုင်သည်ဟု ထပ်မံထည့်သွင်းလိုပါကြောင်း၊ မုူလဥပဒေတွင် ပြဋ္ဌာန်းခဲ့သည်မှာ ကျေးလက်နေ တောင်သူလယ်သမားများ မိမိနှင့် သက်ဆိုင်သည့် ဥပဒေများ မည်သို့ ပြဋ္ဌာန်းထား သည်ကို မသိရှိနိုင်ကြပါကြောင်း၊ တောင်သူလယ်သမားများအတွက် အကျိုးစီးပွား ဖြစ်ထွန်းစေသော သီးနှံစိုက်ပျိုးခြင်းနှင့် တိရစ္ဆာန်မွေးမြူခြင်း လုပ်ငန်းတို့ကို သက်ဆိုင် ရာတိုင်းဒေသကြီး၊ ပြည်နယ်၊ နေပြည်တော်ကောင်စီ နယ်မြေများအတွင်း လွတ်လပ်စွာ ထုတ်လုပ်သိုလှောင် သယ်ယူရောင်းချရန်နှင့် ပြည်ပဈေးကွက်သို့ သက်ဆိုင်ရာ ဥပဒေများနှင့်အညီ ထုတ်လုပ်သိုလှောင် သယ်ယူ ရောင်းချနိုင်ရန် ကူညီဆောင်ရွက်ပေးခြင်း ဟူ၍ ပြင်ဆင်လိုပါကြောင်း။

 

တောင်သူလယ်သမားများ လိုအပ်သည့် သွင်းအားစုများ ရရှိစေရေးနှင့် မြေယာများ နှင့် သက်ဆိုင်သော တည်ဆဲဥပဒေများနှင့်အညီ အကျိုးခံစားခွင့် ရရှိစေရေးအတွက် ဆောင်ရွက်ပေးခြင်း ဆိုသည့် စာသားကို တောင်သူလယ်သမားများ လိုအပ်သည့် သွင်းအားစုများ ဈေးနှုန်းမှန်ကန်စွာ  ရရှိစေရေးနှင့် မြေယာနှင့် သက်ဆိုင် သောတည်ဆဲဥပဒေများနှင့်အညီ အကျိုးခံစားခွင့် ရရှိစေရေးအတွက် ဆောင်ရွက်ပေး ခြင်း ဟူ၍ ပြင်ဆင်လိုပါကြောင်း၊ ပြည်သူ့လွှတ်တော်၏ ဥပဒေပြု ပြဋ္ဌာန်းချက်တွင် အစိုးရ သတ်မှတ်ခွင့်ပြုသည့် ဘဏ် သို့မဟုတ် တောင်သူလယ်သမားများ အကျိုး စီးပွား  အလို့ငှာ ချေးငွေလုပ်ငန်း ဆောင်ရွက်ရန် အထူးကိစ္စရပ်အဖြစ် စည်းမျဉ်းစည်း ကမ်းများနှင့်အညီ အစိုးရက သတ်မှတ်ခွင့်ပြုသည့် ကုမ္ပဏီအသင်းအဖွဲ့ သို့မဟုတ် အဖွဲ့အစည်းမှ နှစ်စဉ် နှစ်တို၊ နှစ်ရှည် ချေးငွေများ ထုတ်ချေးခြင်း၊ ပြန်လည်ပေးဆပ် ခြင်းတို့ကို လိုအပ်ပါက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခြင်း ဆိုသည့်အပိုဒ်တွင် နှစ်စဉ်၊ နှစ်တို၊ နှစ်ရှည် ကြားတွင် အတိုးနှုန်းသက်သာစွာဖြင့် ထုတ်ချေးခြင်း၊ ပြန်လည်ပေးဆပ် ခြင်းတို့ကို လိုအပ်ပါက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးရမည်ဟု ပြင်ဆင်လိုပါကြောင်း ဆွေးနွေးသည်။

 

စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)မှ ဦးအောင်မျိုး က အဆိုပါ ဥပဒေ ကို ၂၀၁၃ခုနှစ်က အတည်ပြု ပြဋ္ဌာန်းပြီးသည့်နောက်တွင် အသက်ဝင်မှု အင်မတန် အားနည်းသည့် ဥပဒေတစ်ရပ်ဟု ပြောဆိုရမည် ဖြစ်ပါကြောင်း၊ အားနည်းရသည့် အကြောင်းအရင်းမှာ အခန်း(၃)တွင် ပါဝင်သည့် တောင်သူလယ်သမားအခွင့်အရေး နှင့် အကျိုးစီးပွား မြှင့်တင်ရေး ဦးဆောင်အဖွဲ့ ဖွဲ့စည်းခြင်းဆိုသည့် ခေါင်းစဉ်အောက်တွင်  လိုအပ်ချက်များ ရှိနေခြင်းကြောင့် ဖြစ်ပါကြောင်း၊ အဆိုပါ ဦးဆောင်အဖွဲ့သည် အစည်းအဝေးကို ၁နှစ်လျှင် ၁ကြိမ်သာ ကျင်းပသည်ဟု ကြားသိရ ပါကြောင်း၊ ၁နှစ် လျှင် ၁ကြိမ်သာ ကျင်းပသည့် ဦးဆောင်အဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှု၊ ဆုံးဖြတ်ချက် များ၊ ညွှန်ကြားချက်များသည် မည်သည့်အရာများ ဖြစ်လာသနည်းဟု မေးခွန်းထုတ်စရာ ရှိပါကြောင်း၊ ထို့ကြောင့် ဦးဆောင်အဖွဲ့သည် ဤဥပဒေ၏ ရည်ရွယ်ချက်နှင့် လုပ်ငန်း တာဝန်များကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက်  ဦးဆောင်အဖွဲ့၏ အစည်းအဝေးကို ၄လ ၁ကြိမ် ကျင်းပရမည်ဟု ပြင်ဆင်လို ပါကြောင်း။

 

ထို့ပြင် မိမိတို့တွင် အလုပ်သမားဦးစီးဌာန ဟူ၍ ရှိသော်လည်း တောင်သူ လယ်သမားနှင့် ပတ်သက်၍ ဦးစီးဌာန ဆိုသည်မှာ မရှိပါကြောင်း၊ မြေပြင်တွင် တောင်သူလယ်သမားများ ပြဿနာနှင့် အခက်အခဲများ ဖြစ်ပွားပါက တောင်သူလယ် သမားအရေးကို သီးသန့်ကိုင်တွယ်မည့် အဖွဲ့အစည်း မိမိတို့တွင် မရှိပါကြောင်း၊ ယခု ဦးဆောင်အဖွဲ့သည် တာဝန်တစ်ခုခု၊ လုပ်ငန်းတစ်ခုခုကို ဆုံးဖြတ်မည်ဆိုပါက တောင်သူလယ်သမားနှင့် အင်မတန်ဝေးကွာပါကြောင်း၊ ထိုသိ်ု့ တောင်သူလယ်သမားနှင့် ဝေးကွာသည့် အဖွဲ့အစည်းသည် မှန်ကန်သည့် ဆုံးဖြတ်ချက်များချရန် အတွက် လိုအပ် ချက်များ ရှိနေပါကြောင်း၊ ထို့ကြောင့် လိုအပ်သည့် လုပ်ငန်းကော်မတီများ၊ လုပ်ငန်း အဖွဲ့များကို တိုင်းဒေသကြီး၊ ပြည်နယ်အဆင့်၊ ခရိုင်နှင့် မြို့နယ်အဆင့်များတွင် အုပ်ချုပ် မှုအဖွဲ့အစည်းမှ သင့်လျှော်သော ပုဂ္ဂိုလ်များ၊ အခြားလုပ်ငန်းဆိုင်ရာ အတွေ့အကြုံ ရှိ သူများဖြင့် ဖွဲ့စည်းတာဝန်ပေးအပ်ရမည်ဟု တောင်သူလယ်သမားနှင့် နီးနီးစပ်စပ်ရှိသည့် အဖွဲ့အစည်းများ ပေါ်ပေါက်လာအောင် အကြံပြုတင်ပြလိုပါကြောင်း ဆွေးနွေးသည်။

 

ယင်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါက်တာခွန်ဝင်းသောင်း၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးကြည် ဝင်း၊ ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၇)မှ နော်ခရစ္စထွန်း (ခ) ဒေါက်တာ အားကာမိုး၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးစိုးဝင်းနှင့် တနင်္သာရီတိုင်းဒေသ ကြီး မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးစိုးသိန်း (ခ) ဦးမောင်စိုး တို့က ဆက်လက်ဆွေးနွေး ကြသည်။

 

ဆက်လက်၍ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဝင် ဒေါ်အုန်းကြည် က ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ် ဥပဒေကြမ်းကို အမျိုးသား လွှတ်တော်က ဆွေးနွေးနိုင်ရန် ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြား ရှင်းလင်းသည်။

 

ထို့နောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ က ယင်းဥပဒေကြမ်းကို ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

 

ယင်းနောက် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဒေါက်တာ မြတ်ဉာဏစိုး က ၂၀၁၇ခုနှစ်၊ မြေသိမ်း ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြား ရှင်းလင်းသည်။

 

ထို့နောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ က ယင်းဥပဒေကြမ်းကို ဆွေးနွေးလိုသည့် လွှတ်တော်ကိ်ုယ်စားလှယ်များ ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

 

ဆက်လက်၍ အမျိုးသားလွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီဝင် ဦးအောင်ဝင်း က ကော်မတီ၏ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် သတ္တမပုံမှန် အစည်းအဝေးတွင် တင်သွင်းမေးမြန်းခဲ့သည့် အဆိုများ၊ မေးခွန်းများနှင့် စပ်လျဉ်းသည့် အစီရင်ခံစာကို အမျိုးသားလွှတ်တော်သို့ ဖတ်ကြား တင်သွင်းရာတွင် အစီရင်ခံစာ၏ ရည်ရွယ်ချက်အနေဖြင့် ဒုတိယအကြိမ်၊ အမျိုးသားလွှတ်တော် သတ္တမပုံမှန် အစည်းအဝေးတွင် တင်သွင်းမေးမြန်းခဲ့သည့် အဆို၊ ကြယ်ပွင့်ပြမေးခွန်းများ၊ ကြယ်ပွင့်မပြမေးခွန်းများနှင့် စပ်လျဉ်း၍ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့ များ၏ ဖြေကြားချက်များအရ ကတိဖြစ်ပေါ်ခဲ့မှု အခြေအနေများကို အဋ္ဌမပုံမှန်အစည်း အဝေးသို့ အစီရင်ခံစာ တင်ပြရန်နှင့် လွှတ်တော်ကိုယ်စားလှယ်များက မိမိတို့၏ ယူဆ ချက်များ၊ ထင်မြင်ချက်များနှင့် အကြံဉာဏ်များ ပေးနိုင်ရန် ဖြစ်ပါကြောင်း။

 

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် သတ္တမပုံမှန် အစည်းအဝေးတွင် အမျိုး သားလွှတ်တော် ကိုယ်စားလှယ်များမှ အဆို ၁ခု၊ ကြယ်ပွင့်ပြမေးခွန်း ၁၀၆ခု၊ ကြယ်ပွင့် မပြမေးခွန်း ၁၈၆ခု စုစုပေါင်း ၂၉၃ ခုတင်သွင်းမေးမြန်းခဲ့ပါကြောင်း၊ အဆိုပါ လွှတ်တော် ကိုယ်စားလှယ်များ တင်သွင်းမေးမြန်းခဲ့သည့် အဆို၊ ကြယ်ပွင့်ပြမေးခွန်းများ၊ ကြယ်ပွင့် မပြမေးခွန်းများနှင့် စပ်လျဉ်း၍ ကတိဖြစ်ပေါ်မှု စိစစ်နိုင်ရေးအတွက် ကော်မတီအဖွဲ့ဝင် များကို အဖွဲ့၆ဖွဲ့ခွဲ၍ ဝန်ကြီးဌာနများ အလိုက် စိစစ်ဆောင်ရွက်ခဲ့ပါကြောင်း။

 

ကော်မတီ၏ စိစစ်ချက်အရ ကတိဖြစ်ပေါ်ခဲ့သည့် အဆို၊ ကြယ်ပွင့်ပြမေးခွန်းများ၊ ကြယ်ပွင့်မပြမေးခွန်းများနှင့် ပတ်သက်၍ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ပြည် ထောင်စုဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိ ပုဂ္ဂိုလ် များနှင့် ဆွေးနွေး အတည်ပြုနိုင်ခဲ့ပါကြောင်း၊ အစည်းအဝေး အတည်ပြုချက်အရ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ကတိဖြစ်ပေါ်ခဲ့သည့်  အဆို ၁ခုအား စိစစ်တွေ့ရှိရပါကြောင်း၊ အစည်းအဝေး အတည်ပြုချက်အရ ကြယ်ပွင့်ပြ မေးခွန်း ၁၀၆ခုအနက် မေးခွန်း ၆၁ခု ကတိဖြစ်ပေါ်ခဲ့ပြီး မေးခွန်း၄၅ခုမှာ ကတိမဖြစ် ပေါ်ခဲ့ပါကြောင်း၊ ကြယ်ပွင့်မပြမေးခွန်း ၁၈၄ခုအနက် မေးခွန်း ၁၁၂ခုကတိဖြစ်ပေါ်ခဲ့ပြီး မေးခွန်း ၇၂ခုကတိမဖြစ်ခဲ့ပါကြောင်း။

 

ကော်မတီသည် ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန် အစည်းအဝေး မှ အဋ္ဌမ ပုံမှန် အစည်းအဝေးအတွင်း ကိုယ်စားလှယ်များ တင်သွင်းမေးမြန်းခဲ့သည့် အဆို၊ မေးခွန်းများနှင့် စပ်လျဉ်း၍ ကွင်းဆင်းစစ်ဆေးခဲ့ရာ ၆ကြိမ်တိုင်ရှိခဲ့ပြီး ဖြစ်ပါ ကြောင်း၊ နောက်နောင်များတွင်လည်း အဆိုမေးခွန်းများနှင့် စပ်လျဉ်း၍ ကွင်းဆင်း စစ်ဆေးသင့်သည့် ကိစ္စရပ်များကို အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ၏ လမ်းညွှန်မှုကို ခံယူ၍ ထပ်မံကွင်းဆင်း စစ်ဆေးသွားမည် ဖြစ်ပြီး ကွင်းဆင်းစိစစ်ရာ တွင်လည်း မေးခွန်းရှင် ကိုယ်စားလှယ်များမှ ယခုထက်ပိုမို၍ ကော်မတီနှင့် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးနိုင်ပါ ရန်နှင့် ကော်မတီမှလည်း ကတိဖြစ်ပေါ်ခဲ့သည့် မေးခွန်း၊ အဆိုများနှင့် စပ်လျဉ်း၍ ဘတ်ဂျက်တွင် ထည့်သွင်းလျာထားနိုင်ရန်အတွက် ပြည်သူ့ငွေစာရင်းပူးပေါင်း ကော်မတီသို့ အချိန်နှင့် တစ်ပြေးညီ ဆက်လက်ပေးပို့လျက်ရှိပါကြောင်း ရှင်းလင်း တင်ပြသည်။

 

ထို့နောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ က ယင်းအစီရင်ခံစာနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များ ရှိပါက အမည်စာရင်း တင်သွင်း နိုင် ကြောင်း ကြေညာသည်။

 

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အဋ္ဌမ ပုံမှန်အစည်းအဝေး ၁၇ရက်မြောက် နေ့ကို ဇွန် ၁၉ ရက်တွင် ဆက်လက်ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

 

အောင်ရဲသွင်