ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အဋ္ဌမ ပုံမှန် အစည်းအဝေး ၁၅ရက် မြောက်နေ့ကျင်းပ

နေပြည်တော် ၁၅ ဇွန် 

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး ၁၅ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေး ခန်းမ၌ ကျင်းပရာ အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်းများ မေးမြန်းခြင်းနှင့် ဖြေကြားခြင်း၊ ဥပဒေ ကြမ်းတစ်ခု ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ကြသည်။


မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)မှ ဒေါက်တာဦးကြွယ်ကြွယ်၏ လျှော်ဖြူပင် (Sterculia Versicolour Wall) စိုက်ပျိုးခြင်း၊ ထုတ်လုပ်ခြင်း၊ ရောင်းဝယ်ခြင်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာရေးအတွက် နိုင်ငံတော်အစိုးရက စိုက်ပျိုးရေးပညာဖြန့်ဖြူးပေးခြင်း၊ စိုက်ပျိုးမြေသစ်များ ဖော်ထုတ်ပေးခြင်း၊ လျှော်ဖြူ ပင်မှ ထွက်ရှိသော လျှော်ဖြူစေးတင်ပို့ရောင်းချခြင်းတို့အတွက် ဈေးကွက်ရှာဖွေမြှင့် တင်ခြင်းများ ပြုလုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော် က လျှော်ဖြူစေးမှာ ဈေးနှုန်းမြင့်မား ကောင်းမွန်သည့်အပြင် ပြည်ပဈေးကွက်ဝယ်လိုအားမြင့်မားသော ကုန် ပစ္စည်းဖြစ်၍ ဈေးကွက်ဆိုင်ရာ သတင်းအချက်အလက်များကို စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ် ရေးဝန်ကြီးဌာန Website များတွင် ဖော်ပြပေးလျက်ရှိပြီး၊ တိုင်းဒေ သကြီး/ပြည်နယ်များ အလိုက် ကုန်သွယ်မှုဗဟိုဌာန၊ တာဝန်ခံများမှတဆင့် ထုတ်လုပ် သူများ သိရှိနိုင်ရေး သတင်းဖြန့်ဝေခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက် ရှိပါ ကြောင်း။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် လျှော်ဖြူသီးနှံ စိုက်ပျိုးထုတ်လုပ်ခြင်း လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုအပေါ် လိုက်လျောညီထွေ ဖြစ်စေမည့် သီးနှံအမယ်စုံ စိုက်ပျိုးရေးနှင့် သီးနှံ - သစ်တော ရောနှောတောင်သူ ပညာပေး စိုက်ကွက်များအဖြစ် စိုက်ပျိုးပြသခြင်း၊ ကျွမ်းကျင်လုပ်သားဖြင့် အစေးထုတ် နည်းပညာပေးခြင်း၊ မျိုးကောင်းမျိုးသန့် ပျိုးပင်များ ရရှိနိုင်ရေး ပုဂ္ဂလိကလုပ်ငန်းရှင် များနှင့် ဆက်သွယ်ပေးခြင်းတို့ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ စိုက်ပျိုးမြေသစ်များ ပေါ်ထွက်လာရေးအတွက် ဆက်စပ်ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းပြီး သက်ဆိုင် ရာ တိုင်းဒေသကြီး၊ ပြည်နယ်များအလိုက် လုပ်ငန်းဆောင်ရွက်လိုသူများနှင့် ချိတ်ဆက် ဆွေးနွေးနေပြီး တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ အစီအမံများအပေါ် မိမိဝန်ကြီးဌာန အနေဖြင့် ပူး ပေါင်းဆောင်ရွက်လျက် ရှိပါကြောင်း ဖြေကြားသည်။

အလားတူ ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ဦးစောမိုးမြင့် (ခ) ဆင်မြူရယ်၊ ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)မှ ဒေါ်နန်းမိုးမိုးထွေး နှင့် ရှမ်းပြည်နယ် မဲဆန္ဒနယ် အမှတ်(၂)မှ ဦးစိုင်းထွန်းအောင် တို့၏မေးခွန်းများနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း နှင့် ဒုတိယဝန်ကြီး ဦးလှကျော် တို့က ပြန်လည်ရှင်းလင်းဖြေကြားကြသည်။

ထို့နောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း က အမျိုးသား လွွှတ်တော်က အတည်ပြုပြီး ပေးပို့ထားသော အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို စတုတ္ထ အကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းအား ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက် ဖြင့် ပြန်လည်ပေးပို့လာခြင်းနှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်၏ ပြင်ဆင်ချက်ကို အတည် ပြုရန် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်က သဘောတူအတည်ပြု ကြောင်း ကြေညာသည်။

ယင်းနောက် ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)မှ ဒေါက်တာပြည့်ဖြိုး က မြန်မာနိုင်ငံ သွားနှင့်ခံတွင်းဆိုင်ရာ ဆေးကောင်စီ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဆွေးနွေးရာတွင် အခန်း(၃) မြန်မာနိုင်ငံ သွားနှင့် ခံတွင်းဆိုင်ရာ ဆေးကောင်စီဖွဲ့စည်း ခြင်း ဆိုသည့် ခေါင်းစဉ်တွင် ဖြည့်စွက်လိုသည်မှာ အပိုဒ် ၄၊ အပိုဒ်ခွဲ (စ) အနေဖြင့် ကောင်စီဥက္ကဋ္ဌ သည်ရွေးချယ်တင်မြှောက်ထားသည့် အလုပ်အမှုဆောင်အဖွဲ့၏ ဥက္ကဋ္ဌ ဖြစ်သည်ဟု ဖြည့်စွက်လိုပါကြောင်း၊ မူလဥပဒေကြမ်းနှင့် ပြင်ဆင်လိုက်သည့်အထဲ တွင် ကောင်စီဥက္ကဋ္ဌဆိုသည့် စကားရပ်သည် ပါရှိထားခြင်းမရှိသည့်အတွက် ဖြည့်စွက်လိုခြင်း ဖြစ်ပါကြောင်း၊ ထို့ပြင် ကောင်စီဝင်များသည် သက်တမ်း ၂ကြိမ်ထက်ပို၍ ထမ်းဆောင် ခြင်း မပြုရဆိုသည်ကို ကောင်စီဥက္ကဋ္ဌသည် သက်တမ်း ၂ ကြိမ် ထက်ပို၍ ထမ်း ဆောင်ခြင်းမပြုရဟု ပြင်ဆင်လိုပါကြောင်း၊ ကောင်စီဥက္ကဋ္ဌအဖြစ် ကြားဖြတ် တာဝန် ယူရသည့် ကာလသည် ကောင်စီ၏သက်တမ်းထက်ဝက်အောက် လျော့နည်း ပါက သက်တမ်းတစ်ခုဟု မသတ်မှတ်ရဟူ၍ ပြောင်းလဲပြင်ဆင်လိုပါကြောင်း၊ သွားနှင့် ခံတွင်း ဆိုင်ရာ ဆေးကုသခွင့် သက်တမ်းအနည်းဆုံး ၁၅နှစ် ရှိသူ ဆိုသည့် နေရာတွင် အနည်း ဆုံး ၁၀နှစ် ရှိသူဟု ပြင်ဆင်လိုပါကြောင်း။

ကောင်စီသည် လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာကို ပြည်ထောင်စုအစိုးရ အဖွဲ့သို့ တစ်နှစ်လျှင် တစ်ကြိမ်တင်သွင်းရမည်ဟု ထပ်မံဖြည့်စွက်လိုပါကြောင်း၊ ကောင်စီ၏ ပုံမှန်အစည်းအဝေးကို ၄လတွင် ၁ကြိမ် ဆိုသည့်နေရာတွင် ၆လတွင် ၁ကြိမ် ကျင်းပရမည် ဆိုပါက လုံလောက်ပါကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ပါမောက္ခချုပ် ၂ဦး၊ ပါမောက္ခ၊ ဌာနမှူး ၂ဦး၊ အရာထမ်း ၁ဦးဆိုသည့်နေရာတွင် ပါမောက္ခနှင့် ဌာနမှူးကြားတွင် သို့မဟုတ် ဖြည့်ချင်ပါကြောင်း ထိုမှသာ စကားရပ်သည် အဓိပ္ပာယ်ရှင်းရှင်းလင်းလင်း ရှိမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ သွားနှင့်ခံတွင်း ဆရာဝန် အသင်းမှ ကိုယ်စားလှယ် ၁ဦးနေရာတွင် ကိုယ်စားလှယ် ၂ဦးဖြည့်စွက်လို ပါကြောင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးရုံးမှ ကိုယ်စားလှယ် ၁ဦးကို ပယ်ဖျက်လိုပါကြောင်း ဆွေးနွေးသည်။

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အဋ္ဌမပုံမှန် အစည်းအဝေး ၁၆ ရက်မြောက် နေ့ကို ဇွန် ၁၈ ရက်တွင် ဆက်လက်ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

အောင်ရဲသွင်