ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၅ ရက်မြောက်နေ့ ကျင်းပ

နေပြည်တော်  ၁၃  ဒီဇင်ဘာ

 

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၅ ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးလားလ်မင်းထန် ၏ နတ်မတောင် အမျိုးသားဥယျာဉ် ထိန်းသိမ်းရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် မင်းတပ် မြို့နယ်နှင့် မတူပီမြို့နယ်အပိုင်းကိုလည်း အထူးကြပ်မတ် ကာကွယ်ထိန်းသိမ်း ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက ဥယျာဉ်ဧရိယာ တစ်ခုလုံးအတွက် ကင်းလှည့်ထိန်းသိမ်းခြင်း၊ လူထုပညာပေးခြင်းနှင့် ဇီဝမျိုးစုံမျိုးကွဲများအား စောင့်ကြည့်မှတ်တမ်းတင်ခြင်း စသည့် လုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန် အရာထမ်း(၃)ဦး၊ အမှုထမ်း(၉၇)ဦး စုစုပေါင်း အင်အား(၁၀၀)ဖြင့် အဆိုပြု ဝန်ထမ်းအင်အား ဖွဲ့စည်းပုံကိုလည်း တင်ပြထားပြီးဖြစ်ပါကြောင်း၊ နတ်မတောင်အမျိုး သားဥယျာဉ် ထိန်းသိမ်းရေးနယ်မြေများသည် ကန်ပက်လက်၊ မင်းတပ်၊ မတူပီမြို့ နယ်များအတွင်း တည်ရှိနေပြီး နယ်မြေဧရိယာကျယ်ပြန့်သည့်အပြင် ဆက်သွယ်သွားလာရန် ခက်ခဲသည့် မတူပီမြို့နယ်အတွင်း ဝန်ထမ်းအင်အား လုံလောက်မှု မရှိသည့်အတွက် ဝန်ထမ်းများ တိုးမြှင့်ခန့်ထားရန် လိုအပ်လျက် ရှိပါကြောင်း၊ ထို့ကြောင့် အဆိုပြု တင်ပြထားသည့် ဝန်ထမ်းအင်အား ဖွဲ့စည်းပုံ ခွင့်ပြုချက်ရရှိပြီး ဝန်ထမ်းများ ခန့်ထားပြီးပါက မင်းတပ်နှင့် မတူပီမြို့နယ်အပိုင်းများတွင် ထိန်းသိမ်းကာ ကွယ်ရေးလုပ်ငန်းများ၊ သုတေသနလုပ်ငန်းများနှင့် ဒေသခံများကို အသိပညာပေးခြင်း လုပ်ငန်းများကို ပိုမိုဆောင်ရွက်သွားနိုင်မည် ဖြစ်ပါကြောင်း ဖြေကြားသည်။

 

မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)မှ ဒေါက်တာဦးကြွယ်ကြွယ်၏ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ ဝင်ရောက်၍ နိုင်ငံ့ဝန်ထမ်းဆရာဝန်များအဖြစ် တာဝန်ထမ်းဆောင်လိုသော ဆရာဝန်များအား အလုပ်ခန့်ခြင်း (appointment) ဦးစွာပေးပြီးမှ ဗဟိုဝန်ထမ်းတက္ကသိုလ်တွင် တက်ရောက်စေရန် စီစဉ်ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ၂၀၁၄ ခုနှစ်မှစ၍ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် လိုအပ်သည့် လက်ထောက်ဆရာဝန်များကို အမြန်ဆုံးခန့်ထားနိုင်ရေးအတွက် ပြည်ထောင်စုရာထူးဝန်အဖွဲ့နှင့် ညှိနှိုင်းသဘောတူညီမှု ရယူပြီး ဗဟိုဝန်ထမ်းတက္ကသိုလ်တွင် ယခင်က (၁၄)ပတ် သင်တန်းတက်ရပါကြောင်း၊ ယင်းသို့ (၁၄)ပတ်သင်တန်း တက်ရခြင်းကို ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြခဲ့ရာ ဆရာဝန်လိုအပ်သည့်အတွက် (၈) ပတ် တက်ရောက်ရန် ခွင့်ပြုခဲ့ပါကြောင်း၊ ထို့ကြောင့် လွှတ်တော်ကိုယ်စားလှယ် မေးမြန်းသည့်ကိစ္စနှင့် ပတ်သက်၍ မိမိအနေဖြင့် ဆုံးဖြတ်၍ မရပါကြောင်း၊ အထက်သို့ တင်ပြ၍ လုပ်ဆောင်မည်မှာ ပြန်တမ်းဝင်အရာရှိ ဝင်ပေါက်ရာထူး အရည်အချင်းစစ် စာမေးပွဲဖြေဆိုအောင်မြင်၍ စတင်ရွေးချယ်လိုက်သည်နှင့် တစ်ပြိုင်နက် အလုပ်ခန့် ထားပေးပြီး လစာပေး၍ ဗဟိုဝန်ထမ်းတက္ကသိုလ်ရှိ (၈) ပတ်သင်တန်းသို့ တက်ရောက်စေမည်ဖြစ်ပါကြောင်း ဖြေကြားသည်။

 

2

 

မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)မှ ဦးဝင်းမြင့် ၏ ကျေးလက်လယ်ယာ မြေလုပ်ငန်းခွင်တွင် ကြုံတွေ့ရလေ့ရှိသော မြွေဆိုးအကိုက်ခံရမှုကြောင့် အသက်ဆုံးရှုံး နိုင်မှုကို ကာကွယ်နိုင်သည့် မြွေဆိပ်ဖြေဆေးကို အချိန်စောနိုင်သမျှ စောစောထိုးနှံကုသမှု ရရှိနိုင်ရေးအတွက် စီမံထားရှိမှုကို သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က မြွေဆိပ်ဖြေဆေး ပြတ်လတ်မှုမရှိစေရေးအတွက် ၂၀၁၈ - ၂၀၁၉ဘဏ္ဍာရေးနှစ်တွင် မြွေဟောက် မြွေဆိပ်ဖြေဆေးပေါင်း (၂၂၁၀၇)လုံး နှင့် မြေ္ပေပွး မြွေဆိပ်ဖြေဆေး ပေါင်း (၁၇၇၄၂၀) ကိုဖြန့်ဝေထားပါကြောင်း၊ ထို့ပြင် ကျေးလက်ကျန်းမာရေးဌာနများ၌ မြွေကိုက်လူနာ ကုသရန် စမ်းသပ်စစ်ဆေးခြင်းလမ်းညွှန်ကို ရက်ပိုင်းအတွင်း ထုတ်ဝေမည်ဖြစ်ပါ ကြောင်း၊ ယင်းလမ်းညွှန်ကို ကျေးလက်ကျန်းမာရေးဌာနနှင့် ဖြစ်နိုင်ပါက ဌာနခွဲအထိ အားလုံးဖြန့်ဝေရန် အစီအစဉ် ရှိပါကြောင်း၊ ထိုသို့လုပ်ဆောင်ပါက မြွေကိုက် ခံရသည့်လူနာအနေဖြင့် သေဆုံးရန်အလားအလာ နည်းပါးသွားမည် ဖြစ်ပါကြောင်း၊  ထို့ပြင် လွှတ်တော်ကိုယ်စားလှယ် မေးမြန်းသည့်အတိုင်း မြွေဆိပ်ဖြေဆေး စောစီးစွာ ရရှိရန်အတွက် မြေ္ပွေပွးမြွေဆိပ်ဖြေဆေးကို ကျေးလက်ကျန်းမာရေးဌာနတစ်ခုကို (၁၆) လုံး မြွေဟောက်မြွေဆိပ်ဖြေဆေးကို (၄)လုံးပေးမည် ဖြစ်ပါကြောင်း၊ မြွေအကိုက်များသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်(၉)ခုတွင်ရှိသည့် ကျေးလက်ဌာနခွဲဌာနပေါင်း (၁၀၂၁)ခုကို ဖြန့်ဝေသွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။

 

မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)မှ ဒေါက်တာဇော်လင်းထွဋ် ၏ နေပြည်တော်တွင် ကျင်းပနေသော အားကစားပြိုင်ပွဲများကို ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် အလှည့်ကျ ကျင်းပပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က ၂၀၁၉ခုနှစ် မေ ၂၂ ရက် မှ ၃၁ ရက်အထိ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ် (အမျိုးသား/အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲ ပြုလုပ်ခဲ့ပါကြောင်း၊ လားရှိုးမြို့ တွင်လည်း ၂၀၁၉ခုနှစ် ဇူလိုင် ၂၃ ရက်မှ ၂၉ ရက်အထိ တိုင်းဒေသကြီးနှင့် ပြည်နယ် အလိုက် (အမျိုးသား/ အမျိုးသမီး) ဘတ်စကက်ဘောပြိုင်ပွဲများ ပြုလုပ်ခဲ့ပါကြောင်း၊ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလတွင် မန္တလေးမြို့၌ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဝူရှူး ပြိုင်ပွဲများကို ပြုလု့ပ်ရန် ရှိပါကြောင်း၊ ရန်ကုန်မြို့တွင်လည်း အောင်ဆန်းကွင်းအတွင်း အားကစား ပြိုင်ပွဲများ ပြုလုပ်နိုင်ရန်အတွက် ဆွေးနွေးနေပါကြောင်း၊ ရန်ကုန်တွင် အားကစားပြိုင်ပွဲများ ပြုလုပ်ပါက ပွဲကြည့်ပရိသတ်များပြားခြင်းကြောင့် အားကစားအတွက် ကောင်းမွန် ပါကြောင်း ဖြေကြားသည်။

 

အလားတူ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)မှ ဦးကိုကိုနိုင် ၏ နိုင်ငံသူ/ နိုင်ငံ သားများအားလုံး သွေးသွင်းဆေးကုသမှုခံယူရာတွင် အရည်အသွေး ပြည့်မီသန့်စင်သော သွေးများ ရရှိနိုင်ရေးအတွက် ရန်ကုန်မြို့ အမျိုးသားသွေးဌာနကဲ့သို့ တခြားမြို့ကြီးများတွင် သွေးဌာနများကို နှစ်စဉ်စီမံချက်ချ တိုးချဲ့တည်ထောင်သွားရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။

 

ထို့နောက် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဝင် ဒေါက်တာမျိုးအောင် က ပြည်သူ့လွှတ် တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော မြန်မာနိုင်ငံ ဆေးကောင်စီ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား အမျိုးသားလွှတ်တော်က ဆွေးနွေးနိုင်ရန်  ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းသည်။

 

ယင်းနောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း က အဆိုပါ ပြင်ဆင်ချက် ဥပဒေကြမ်းအား ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

 

ဆက်လက်၍ ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါက်တာခွန်ဝင်းသောင်း ၏ ကချင်ပြည်နယ် သာမက တခြားသော တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ တိုင် ဧကများစွာ ဆက်လက်စိုက်ပျိုးလျက်ရှိသော တရုတ်တစ်သျှူးငှက်ပျော စိုက်ပျိုးခြင်း ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို စည်းကမ်းတကျ ထိန်းသိမ်းကွပ်ကဲနိုင်စေရန်၊ ရေရှည်တွင် ဖြစ်ပေါ်လာမည့် ဘေးထွက်ဆိုးကျိုးများအား ကြိုတင်တားမြစ်နိုင်ရန်နှင့် ရသင့်သော အခွန်ဘဏ္ဍာများ ရရှိနိုင်ရန်အလို့ငှာ သက်ဆိုင်သည့်ဌာနအသီးသီးတို့မှ ဟန်ချက်ညီညီ ပါဝင်လုပ်ဆောင်နိုင်မည့် ထိရောက်သည့် မူဝါဒလမ်းညွှန်မှု စီမံချက်တစ်ရပ်ရပ်ကို ချမှတ်၍ အဓိကကျသည့် ဝန်ကြီးဌာနအနေဖြင့် အကောင်အထည်ဖော်ဆောင်ရွက် ပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆို ကို ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)မှ ဒေါက်တာခင်မကြီး၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၃)မှ ဦးဆန်းမြင့် နှင့် ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါက်တာ ဝင်းမြင့် တို့က ဆွေးနွေးကြသည်။

 

ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)မှ ဒေါက်တာခင်မကြီး က မိမိတို့ မြန်မာနိုင် ငံတွင် သစ်တောများ ပြုန်းတီးလာမှုကြောင့် ရေကြီးရေလျှံခြင်း၊ မြေပြိုခြင်းနှင့် ရာသီဥတု ပူလွန်း အေးလွန်းခြင်းများ ကြုံတွေ့နေကြရပြီကို အားလုံးအသိပင်ဖြစ်ပါ ကြောင်း၊ မိမိတို့၏ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ရှမ်းပြည်နယ်စသည့် သစ်တောများ ရှိသည့်နေရာများတွင် စည်းကမ်းမဲ့ အထိန်းအကွပ်မဲ့စွာဖြင့် အလျင်အမြန် တိုးပွား လာနေသည့် တစ်သျှူးငှက်ပျော စိုက်ခင်းများကို အချိန်မီ မတားမြစ် အရေးမယူနိုင်ပါက သဘာဝဘေးအန္တရာယ်များ ပိုမိုဆိုးရွားလာမည် ဖြစ်ပါကြောင်း၊ ထို့ပြင် အဆိုတွင် ပါရှိသကဲ့သို့ တရုတ်စာဖြင့် ရေးသားထားသည့် ဆိုင်းဘုတ်များဖြင့် စိုက်ပျိုးနေသည့် တစ်သျှူးငှက်ပျော စိုက်ခင်းများသည် သာမန်အရပ်သားတို့၏ မြေယာ များတွင်သာမက အစိုးရကြိုးဝိုင်း သစ်တောမြေအထိပါ ချဲ့ထွင်စိုက်ပျိုးထားကြသည့်အတွက် သက်ဆိုင်ရာဌာနမှ အရေးယူ ဖြေရှင်းခြင်းများကိုလည်း ပြုလုပ်နေရပြီဖြစ်သည့်အတွက် အဆိုကို ထောက်ခံပါကြောင်း ဆွေးနွေးသည်။

 

 

ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ ဦးဆန်းမြင့် က တစ်သျှူးငှက် ပျောစိုက်ပျိုးခြင်း လုပ်ငန်းသည် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေ၊ မြန်မာအထူးစီးပွား ရေးဇုန်ဥပဒေ၊ သစ်တောဥပဒေ၊ လယ်ယာမြေဥပဒေ၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း ဥပဒေ၊ ပိုးသတ်ဆေးဥပဒေ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေ၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ထိန်းသိမ်းရေးဥပဒေ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ခုနှစ်) တို့ပါ ပြဋ္ဌာန်းချက်များကို လိုက်နာမှု မရှိသည်ကိုလည်း လေ့လာတွေ့ရှိရပါကြောင်း၊ ယင်းသို့ စည်းကမ်းမဲ့စွာ တရုတ်တစ်သျှူးငှက်ပျောစိုက်ပျိုး ထုတ်လုပ်နေခြင်းများကြောင့် နိုင်ငံတော် အနေဖြင့် ရသင့်ရထိုက်သည့် အခွန်ဘဏ္ဍာငွေများ မရရှိဘဲ ဘေးထွက်ဆိုးကျိုးသာ များနေပါကြောင်း၊ ယင်းသို့ ဘေးထွက်ဆိုးကျိုး များနေခြင်းကြောင့် သော်လည်းကောင်း၊ တရုတ်နိုင်ငံမှ အဝယ်ရပ်လိုက်ခြင်းကြောင့် ဈေးကွက် ရပ်သွားခဲ့ရင်သော်လည်းကောင်း တစ်သျှူးငှက်ပျောစိုက်ပျိုးသူတောင်သူများ မနစ်နာစေရန် တာဝန် ရှိသူများက ဈေးကွက်အသစ်များ ကြိုတင်ရှာဖွေထားခြင်း၊ ဥပဒေများနှင့်အညီ ထိန်းချုပ်ထားခြင်းတို့ ပြုလုပ်သင့်ပြီဟု မြင်မိပါကြောင်း ဆွေးနွေးသည်။

 

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၆ ရက်မြောက်နေ့ကို ဒီဇင်ဘာ ၁၆ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

အောင်ရဲသွင်