ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး စတုတ္ထနေ့ကျင်းပ

နေပြည်တော် ၂၅ ဇူလိုင်

 

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အဆောက်အဦ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ယနေ့အစည်းအဝေး လွှတ်တော်ကိုယ်စားလှယ် ၃ ဦး၏ လမ်း၊ တံတား ဆောက်လုပ်ရေးကဏ္ဍဆိုင်ရာ မေးခွန်းများနှင့် စပ်လျဉ်းပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ပြန်လည်ရှင်းလင်းဖြေကြားသည်။

 

ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)မှ ဦးဘွဲခိန်း၏ ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်ရှိ ထန်ဟောရ်ချောင်းအား ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ကွန်ကရစ်တံတား တစ်စင်းတည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးကျော်လင်းက ချင်းပြည်နယ် ထန်တလန်မြို့နယ်ရှိ ဖန်ထင်ကျေးရွာနှင့် လုံကျွေးပီးကျေးရွာတို့ကို ဆက်သွယ်သည့်လမ်းပေါ်ရှိ ထန်ဟောရ် ချောင်းကူးတံတားသည် လမ်းအဆင့် သတ်မှတ်ချက်အရ Class (A) ဦးစားပေးအဆင့်(၂)တွင် ပါဝင်ပါကြောင်း၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် နောက်ပိုင်းကာလများတွင် ချင်းပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေတွင် ထည့်သွင်းလျာထားပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ ကွန်ကရစ်တံတားအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။

 

စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)မှ ဦးရဲထွဋ်၏ စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်ရှိ ယမားချောင်းအား တံတားတစ်စင်း ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးကျော်လင်းက ငါးခုန် - ပေါင်းဝ - ဆားခါး - ခွန်သာ လမ်းသည် လမ်းအဆင့် သတ်မှတ်ချက် Class (A) ဦးစားပေးအဆင့်(၁)တွင် ပါရှိပါကြောင်း၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေတွင် ထည့်သွင်းလျာထားပြီး သံကူကွန်ကရစ် ရေနိမ့်တံတားတည်ဆောက်ရန် အစီအစဉ်ရေးဆွဲထားပြီးဖြစ်ပါကြောင်း ဖြေကြားသည်။

 

မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)မှ ဦးမျိုးဝင်း၏ မွန်ပြည်နယ်၊ ရေးမြို့မှ ခေါဇာမြို့သို့ ဆက်သွယ်ထားသည့် ကတ္တရာလမ်းအား တစ်ဖက်လျှင် တစ်ပေခွဲစီ (သို့မဟုတ်) သုံးပေစီ တိုးချဲ့ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးကျော်လင်းက ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် အဆိုပါလမ်းပိုင်းရှိ တံတား(၂)စင်း၏ ချဉ်းကပ်လမ်းအား မြေသားတာဘောင် ဖို့ကြိတ်ခြင်း၊ ကတ္တရာလမ်းသစ်ခင်းခြင်း၊ သံကူကွန်ကရစ် Box Culvert အသစ် (၂)စင်း တည်ဆောက်ခြင်း၊ လမ်းမိုင် သုညမှ ၁၆ ဒသမ ၉ ကီလိုမီတာအတွင်း လမ်းအနိမ့်အမြင့် ဖြေညှိပြီး ကတ္တရာ ရေပိတ်လွှာလောင်းခြင်း လုပ်ငန်းများ ဆောင်ရွက်ရန် ပြည်နယ်ငွေလုံးငွေရင်း ရန်ပုံငွေကျပ် ၂၉၇ သန်း လျာထားတင်ပြ တောင်းခံထားပါကြောင်း။

 

ရေး - ကလော့ - ခေါဇာ လမ်းပိုင်းကို (၁၂)ပေအကျယ် ကတ္တရာလမ်းမှ တစ်ဖက် လျှင် (၃)ပေစီချဲ့၍ (၁၈)ပေအကျယ် ကတ္တရာလမ်းအဖြစ် တိုးချဲ့ပေးရန် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ရန်ပုံငွေပါရှိခြင်း မရှိပါကြောင်း၊ ၂၀၂၀ -၂၀၂၁ ဘဏ္ဍာနှစ်တွင် ရန်ပုံငွေ လျာထားတင်ပြတောင်းခံသွားမည်ဖြစ်ပြီး ရန်ပုံငွေ ရရှိမှုအပေါ်မူတည်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။

 

ဆက်လက်၍ လွှတ်တော်ကိုယ်စားလှယ်နှစ်ဦး၏ ကျေးရွာများ အမည်ပေါက်ပြုလုပ်ပေးရေးနှင့် မြို့ကွက်သစ်ဖော်ထုတ်ပေးရေးဆိုင်ရာ မေးခွန်းများကို ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်မြင့်က ပြန်လည်ရှင်းလင်း ဖြေကြားသည်။

 

ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးလားလ်မင်းထန်၏ ချင်းပြည်နယ်၊ မတူပီမြို့နယ်ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အမည်မပေါက်သေးသော ကျေးရွာများအား အမည်ပေါက် ကျေးရွာများအဖြစ် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးတင်မြင့်က မတူပီမြို့နယ်အတွင်းရှိ ကျေးရွာ(၂၆) ရွာကို တရားဝင်အမည် ပေါက်ကျေးရွာများအဖြစ် ဆောင်ရွက်နိုင်ရေးအတွက် အမှုတွဲများအား လုပ်ထုံးလုပ်နည်းနှင့်အညီ ပြုစုဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါကျေးရွာ(၂၆)ရွာ၏ မူလမြေ အမျိုးအစားမှာ မြေလွတ်/မြေရိုင်းများဖြစ်ပါကြောင်း၊ ရွာမြေအဖြစ် အသုံးပြုခွင့် ရရှိနိုင်ရေးအတွက် သက်ဆိုင်ရာကျေးရွာအုပ်စုများမှ အခြားနည်းအသုံးပြုခွင့် လျှောက်လွှာပုံစံ (၄)ဖြင့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင် မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနသို့ တင်ပြခဲ့ပြီးဖြစ်ပါကြောင်း၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ လိုအပ်ချက်များစိစစ်၍ ပြည်နယ်လယ်ယာမြေစီမံ ခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနသို့ ၁၀ -၄-၂၀၁၉ ရက်စွဲပါစာအမှတ်၊ ၈၇/ပတ-၁ ဖြင့် တင်ပြထားပြီးဖြစ်ပါကြောင်း၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီ အဆင့်ဆင့်မှစိစစ်ပြီး မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဗဟိုကော်မတီ၏ ခွင့်ပြုမိန့်ရရှိပါက ကျေးရွာအမည်ပေါက်ရရှိရေး အမှုတွဲကို အဆင့်ဆင့်ဆက်လက် တင်ပြဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။

 

မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)မှ ဦးဝင်းမောင်၏ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ စလင်းမြို့ပေါ် (၆)ရပ်ကွက်တို့တွင် လူဦးရေတိုးတက်များပြားလာသည့်အတွက် မြို့ကွက်သစ် ဖော်ထုတ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးတင်မြင့်က ယခုလက်ရှိအချိန်တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် မြို့(၂)မြို့၊ ရပ်ကွက်(၁၁)ရပ်ကွက်၊ ကျေးရွာ အုပ်စု(၉၉)အုပ်စု၊ ကျေးရွာပေါင်း(၄၁၇)ရွာ ရှိပါကြောင်း။

 

စလင်းမြို့တွင်း လယ်၊ ယာ၊ ဥယျာဉ်မြေအတွင်း လူနေအိမ်ရာမြေအဖြစ် တိုးချဲ့ အသုံးပြုထားသည့် မြို့တွင်း လယ်ယာမြေဧရိယာ ၁၀၂ ဒသမ ၈၄၉ ဧကသည် တောင်သူများ၏ လုပ်ကွက်ဧရိယာများဖြစ်၍ လယ်ယာမြေလုပ်ကိုင်ခွင့်ပုံစံ(၇) ရရှိထားသော မြေများဖြစ်ပါကြောင်း၊ မြို့နှင့်ဆက်စပ်တည်ရှိသော လယ်ယာမြေများတွင် လယ်ယာမြေအခြားနည်းအသုံးပြုခွင့် ရယူ၍ လူနေအိမ်ခြေနှင့် စီးပွားရေးအဆောက်အဦများ တိုးချဲ့လုပ်ကိုင် ဆောင်ရွက်မှုများရှိပါကြောင်း။

 

သို့ဖြစ်ပါ၍ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်း တိုးတက်လာသော လူဦးရေအရ ကျေးရွာအဆင့်တွင် ဒေသခံများအချင်းချင်း ညှိနှိုင်း၍လည်းကောင်း၊ မြို့အဆင့် ဌာနဆိုင်ရာများမှ ညှိနှိုင်းပေါင်းစပ်၍လည်းကောင်း လူနေအိမ်ခြေ၊ ဘာသာရေး အဆောက်အဦ၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ အဆောက်အဦများ ဆောက်လုပ်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မြို့ပေါ်ရပ်ကွက်အတွင်း နောင်တိုးပွားလာမည့် လူဦးရေအတွက် မြို့ကွက်သစ် တိုးချဲ့ဆောင်ရွက်မည်ဆိုပါက တောင်သူများ၏ ပုံစံ(၇)ရရှိထားသော လယ်ယာမြေများဖြစ်သည့်အတွက် မြို့ကွက်ဖော်ထုတ်ရန် အခက်အခဲများ ရှိပါကြောင်း၊ မြေမိကုန်းကျေးရွာနှင့် စာစီကျောင်းကျေးရွာတို့အား ရပ်ကွက်အဆင့် တိုးမြှင့်ပေးခဲ့သကဲ့သို့ မြို့နှင့်ဆက်စပ်တည်ရှိသော ကျေးရွာများအား ထပ်မံတိုးချဲ့ပြင်ဆင်ဖွဲ့စည်းနိုင်ရေးအတွက် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု၊ ကျေးရွာများ တိုးချဲ့ပြင်ဆင်ဖွဲ့စည်းခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် အညီ နိုင်ငံတော်သမ္မတထံ သက်ဆိုင်ရာတိုင်းဒေသကြီး ဝန်ကြီးချုပ်က တင်ပြသွားမည် ဖြစ်ပါကြောင်း၊ အမြန်ဆောင်ရွက်ပေးသွားရန်အတွက်လည်း မကွေးတိုင်းဒေသကြီးအစိုးရ အဖွဲ့ကို ညွှန်ကြားသွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။

 

ထို့နောက် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်မြင့်က စကားရပ်ပြောင်းလဲသတ်မှတ်သည့် ဥပဒေကြမ်းကို လွှတ်တော်သို့ တင်သွင်းရာတွင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဆောင်ရွက်ရသည့် မြေယာစီမံခန့်ခွဲရေး လုပ်ငန်းများ၊ အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ငန်းများအပါအဝင်၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရအဖွဲ့များက ပေးအပ်သည့် လုပ်ငန်းတာဝန်များအား ဥပဒေနှင့်အညီ လုပ်ကိုင်ဆောင်ရွက်နိုင်ရန်နှင့် ဥပဒေတစ်ခုချင်းအလိုက် ပြင်ဆင်မည့်အစား အချိန်ကြန့်ကြာမှု နည်းပါးစေရန်အတွက် ပြင်ဆင်ရန်လိုအပ်သည့် တည်ဆဲဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျည်းစည်းကမ်းများ၊ အမိန့်ကြော်ငြာစာများ၊ ကြေညာချက်များ၊ အမိန့်ညွှန်ကြားချက်များနှင့် လုပ်ထုံးလုပ်နည်းများကို ခြုံငုံ၍ စကားရပ်ပြောင်းလဲသတ်မှတ်သည့် ဥပဒေတစ်ရပ်ကို အတည်ပြုပေးနိုင်ပါရန်နှင့် လွှတ်တော်၏အဆုံးအဖြတ်ကို ခံယူမည်ဖြစ်ပါကြောင်း ရှင်းလင်းတင်ပြပြီး အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက ယင်းဥပဒေကြမ်းနှင့်စပ်လျဉ်းသည့် အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းသည်။

 

ယင်းဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြင်ဆင်ချက်အဆို တင်သွင်းလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက ပြင်ဆင်လိုသည့် အပိုဒ်၊ အပိုဒ်ခွဲများကို အသေးစိတ်ဖော်ပြ လက်မှတ်ရေးထိုးပြီး အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာထားသည်။

 

ယနေ့ အစည်းအဝေးကို နံနက်ပိုင်းတွင် ရပ်နားလိုက်ပြီး ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို ဇူလိုင် ၂၉ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်းသိရသည်။ 

 

လူကျော်(သတင်းစဉ်)