ဒုက္ခသည် စခန်း(၃)ခုမှ အိမ်ထောင်စု(၅၅)စုကို ရန်ကုန်သို့ ပြောင်းရွှေ့ခွင့်ပြုခဲ့ခြင်းကို ပြန်လည်သုံးသပ်ပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုတင်သွင်း

နေပြည်တော် ၅ မတ်

 

၂၀၁၇ ခုနှစ် ဇူလိုင်လ (၂) ရက်နေ့ထုတ် သတင်းစာတွင် ဖော်ပြခဲ့သော နိုင်ငံတော်အတိုင်ပင်ခံရုံး၊ သတင်းထုတ်ပြန်ရေး ကော်မတီ၊ ပြည်ထောင်စု အစိုးရအဖွဲ့၏ အမျိုးသား လုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်၏ ရခိုင်ပြည်နယ်မြောက်ပိုင်း လုံခြုံရေး အခြေအနေ ထုတ်ပြန်ချက်ပါ အချက်နှင့် ပတ်သက်၍ ရန်ကုန်သို့ ပြောင်းရွှေ့ နေထိုင်ခွင့် ပြုခဲ့သည်ဆိုသည့် ကျောက်ဖြူ၊ ပေါက်တောနှင့် ရမ်းဗြဲမြို့ နယ်များရှိ ဒုက္ခသည် စခန်း(၃)ခုမှ အိမ်ထောင်စု(၅၅)စုကို ရန်ကုန်သို့ ပြောင်းရွှေ့ ခွင့်ပြုခဲ့ခြင်းကို ပြန်လည်သုံးသပ်ပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို လက်ခံဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုအား မိတ္ထီလာမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမောင်သင်းက ထောက်ခံဆွေးနွေးခဲ့ပြီး ယင်းအဆိုနှင့် စပ်လျဉ်းပြီး ဆွေးနွေးမယ့် လွှတ်တော် ကိုယ်စားလှယ်များအနေနဲ့ ၆-၃-၂၀၁၈ ရက် အင်္ဂါနေ့ ညနေ ၄ နာရီ နောက်ဆုံးထားပြီး ပြည်သူ့လွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်း တင်သွင်းနိုင်ကြောင်း သိရသည်။

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမ ပုံမှန်အစည်းအဝေး (၂၄)ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် ကျင်းပခဲ့ပြီး မင်းကင်း မဲဆန္ဒနယ်မှ ဦးမောင်မြင့်က အဆိုပါ အဆိုအား တင်သွင်းခဲ့ခြင်း ဖြစ်သည်။

 

မျိုးထက်ဦး(MDN)