ဒါရိုက်တာ ဝိုင်းရဲ့လက်ရာ၊ ညဉ့်ငှက်မလေး ရွှေကြာ

တင့်လွင်ဦး (စီးပွားရေးတက္ကသိုလ်)

 


ရုပ်ရှင်သည် နိုင်ငံတစ်နိုင်ငံ၏ ပြယုဂ်၊အနုပညာဂုဏ်ပုဒ်တစ်ခု၊ အမျိုးသားရေးလက္ခဏာတစ်ရပ်သို့ဖြစ်၍ ပြည်သူများတန်ဖိုးထားတတ်လာအောင်၊ စိတ်ဝင်စားလာအောင် စွမ်းဆောင်ပြနိုင်ဖို့ရာ ရုပ်ရှင်လောကသားတို့မှာ တာဝန်ရှိသည်။၂၀ဝ၈ ခုနှစ် ဝန်းကျင်ခန့်တွင် မြန်မာ့ရုပ်ရှင်သည် သွေးအေးလာသည့်အတွက်ပရိသတ်ကလည်း ရုပ်ရှင်ရုံများနှင့်ခပ်စိမ်းစိမ်းနေခဲ့ရာ ဈေးကွက်ပျက်ပြီးရုပ်ရှင်ရုံတချို့ ဘဝပြောင်းခဲ့သည်မှာအများအသိ။

 


၂၀၁၄ ခုနှစ်တွင် ဒါရိုက်တာအကယ်ဒမီဝိုင်း၏လက်ရာ “ကျွန်မကနှင်းဆီပါမောင်” ဇာတ်ကား ရုံတင်လိုက်သည့်အခါ ပရိသတ်များ ရုပ်ရှင်ရုံများဆီသို့ မျက်စိလည်လာကြသည်။ ထိုဇာတ်ကား၏ အောင်မြင်မှုကား ကြောက်ခမန်းလိလိ။

 


ယခုလည်း တစ်ကျော့ပြန်ဇာတ်ကားမထွက်မီကပင် နာမည်ကြီးနေသည်က “ရွှေကြာ” ရုပ်ရှင်ဇာတ်ကားကြီး၊ရိုက်ကူးသူကလည်း ထပ်ဆင့်အကယ်ဒမီဒါရိုက်တာ ဝိုင်း၊ မတ် ၁၆ ရက်တွင် ရုံတင်တော့မည်။ ငွေသော်တာရုပ်ရှင်မှထုတ်လုပ်ပြီး စာရေးဆရာမ ပုညခင်၏ “အရှေ့တံခါး အဝင်” ဝတ္ထုကို “ရွှေကြာ”ရုပ်ရှင်ဇာတ်ကားအဖြစ် မင်းသားသစ် အလင်းရောင်၊ မင်းသမီး သဉ္ဇာဝင့်ကျော်၊ထပ်ဆင့်အကယ်ဒမီ ဖွေးဖွေး တို့ဖြင့်အားဖြည့်ပုံဖော်ထားရာ ဇာတ်လမ်းအရ “ရွှေကြာ” အဖြစ် သရုပ်ဆောင်ထားသည့် ဖွေးဖွေး၏ဇာတ်ရုပ်သည် အဓိက။ဇာတ်လမ်းအရ သဉ္ဇာဝင့်ကျော်(စံထားညို)နှင့် ဖွေးဖွေး (ရွှေကြာ)တို့သည်ရန်ကုန်မြို့ရှိ အဆင့်မြင့်ဟိုတယ်ကြီးတစ်ခုတွင် အတူတူ အလုပ်လုပ်နေကြသူများ ဖြစ်သည့်အတွက် တစ်ဦးနှင့်တစ်ဦးသိနေကြသည်။ စံထားညိုက ဟိုတယ် လော်ဘီ(Lobby) ဧည့်ခန်းတာဝန်ကျမန်နေဂျာ၊ ရွှေကြာက ခေတ်ကာလအခေါ် ပူစီ ဆိုသည့် ပြည့်တန်ဆာ၊ စံထားညိုသည် ရွှေကြာကို စက်ဆုပ်ရွံရှာသည့်အတွက် မဆုံဖြစ်အောင်နေ၊ မတွေ့ဖြစ်အောင် ရှောင်သည်၊ ရွှေကြာသည် စံထားညို သူ့ကိုရွံမုန်းနေမှန်းသိသော်လည်း အပြစ်မမြင်စံထားညို၏ဘဝကို အားကျလျက် သိမ်ငယ်စွာရပ်တည်နေရသော ညဉ့်ငှက်မလေး။

 


တချို့က လက်ကြောမတင်းအပျော်လွန်ပြီး ပျက်ရာမှ ကာမဆန္ဒကိုဦးစားပေး လမ်းမှားကို ရွေးခဲ့သူ၊မိမိကိုယ်ကို တန်ဖိုးမထားတတ်သူ စသည်ဖြင့် အနည်းငယ်ရှိတတ်ကြသော်လည်းအများစုမှာ လူမှုဒုက္ခတွေပိ၊ ဝန်နှင့်အား မမျှ၊စီးပွားရေးက ကျ၊ ဘယ်လိုမှ ရုန်းကန်၍အဆင်မပြေ၊ မလွှဲသာ၍ ဒီလောကထဲဝဲလည်သူက များသည်။ ပြည့်တန်ဆာဆိုသည့်ဘွဲ့ထူးကို ဘယ်သူမှ မလိုချင်၊ ဖိတ်စာတွေချ ဆွေဂုဏ်မျိုးဂုဏ်တွေကို ကြွားဝါပြကြရာမှာကိုယ့်အမျိုး ဘယ်သူ ဘယ်ဝါသည်နာမည်ကြီး ပြည့်တန်ဆာပါဟု ထည့်သွင်းဖော်ပြသူ ယနေ့တိုင် မတွေ့ရသေး။

 


ရွှေကြာသည် လူအမည်ခံထားရသော်လည်းသူ့ကိုယ်သူ လူမှ ဟုတ်ရဲ့လားလို့ မကြာခဏရင်နာစွာ တွေးမိသည်။ရွှေကြာသည် တစ်ပါးသူ မပြောနှင့်၊သူ့ဘဝသူပင် ရွံရှာမုန်းတီးသည်၊ လောကဓံကို ရုန်းကန်ခြင်းငှာ ဘယ်လိုမှ မစွမ်းသာ၊ဘဝမှာ မထူးဇာတ်ခင်းပြီး ဇိမ်မယ်အဖြစ်လုပ်ကိုင်နေခဲ့ရသော်လည်း ခေါင်းဆိုသူများကဗိုလ်ကျ အနိုင်ကျင့်၊ ကာမဆန္ဒ အဓမ္မရယူသည်၊ တစ်ခါတစ်ရံ ပျော်ပါးလိုသူများကလည်း တန်ဖိုးမထား၊ ရက်စက်အနိုင်ကျင့်ရိုက်နှက်တတ်သည်။ ကိစ္စပြီးမှ ပိုက်ဆံမေ့လာလို့ပါ၊ နောက်တစ်ခါမှ ယူပါဆိုသူတွေကလည်းမရှား၊ တစ်ခါက ရွှေကြာသည် ကြားပေါက်၊မြက်မြက်လေးရမည်ထင်ပြီး သင်္ဘောတစ်စင်းပေါ်သို့ အော်ဒါလိုက်သွားရာ ခေါ်တုန်းကတစ်ယောက်ဆိုပြီး ခုနစ်ယောက် ဝိုင်းအဓမ္မကျင့်သည်။ အခကြေးငွေမပေး၊ ကိစ္စပြီးတော့ရေထဲကန်ချခဲ့သည့်အတွက် အသက်မသေတာပဲ ကံကောင်း၊ အောက်တန်းကျလှသည့်သည်ဘဝမှာ ခွေးသည်ပင် သူ့ထက် သာမည်။ကာကွယ်ပေးမည့်သူကား မရှိ။

 


ရွှေကြာသည် တွေးမိတိုင်း ကိုယ့်ကိုယ်ကိုယ်နာကြည်းမိသည်။ လူသားချင်းအတူတူအမြဲတမ်း နှိမ့်ချ ဆက်ဆံခံနေရသည့် ဘဝမှာ၊ ခူးဆွတ်ခံရပြီးမှ ကြေမွသွားသည့် ညမွှေးပန်းနှင့်လည်း အနှိုင်းမခံလို၊ နိမိတ်မကောင်းသည့်ငှက်ဆိုးလို့ သတ်မှတ်ခံရသော ညဉ့်ငှက်နှင့်လည်း အနှိုင်းမခံလို၊ မသာလည်း တ၊သာလည်း တ ခံရသည့် လမင်းကြီးနှင့်သာအနှိုင်းခံရချင်သည်။ သို့သော် ထိုသို့ အနှိုင်းခံရလျှင် လမင်းကြီးကပင် နာသည် ထင်ဦးမလား၊ အတွေးတို့သည် ဆေးမဖြစ်သည့်အပြင်ရင်လေးစရာများသာ ဖန်လာသည့်အတွက်ဖြစ်သမျှအကြောင်း အကောင်းဟု သဘောထားကာ လောကကို ဟားတိုက်ရယ်ရင်း အချိန်ကုန်လွန်စေသည်။ ဘဝဇာတ်ကြောင်းဖွင့်ဟပြောပြန်ရင်လည်း ယုံမည့်သူမရှိ၊သို့ဖြစ်၍ မည်သူကိုမှ အယူခံမဝင်လို။

 


အလင်းရောင် (သတိုးသိုက်)သည် Documentary ဒါရိုက်တာ၊ စံထားညို၏ချစ်သူ၊ တစ်နေ့ ရဲလိုက်၍ ပြည့်တန်ဆာမလေးတစ်ဦး ကားလမ်းကို သေပြေး ရှင်ပြေးဖြတ်အကူး ကားတိုက်ခံရ၍ သေဆုံးသွားရာ လူမှုရေးစိတ် အပြည့်ရှိပြီး မဆိုင်သလို မနေတတ်၍ ဝိုင်းကူကြရင်း သတိုးသိုက်နှင့်ရွှေကြာတို့ ရင်းနှီးသွားကြသည်။ စံထားညိုသည် သူ့ချစ်သူ သတိုးသိုက်နှင့် ခင်မင်နေသူသည် ရွှေကြာမှန်းသိလိုက်ရသည့်အခါ စိတ်ထိခိုက်ခဲ့ရပြီး သတိုးသိုက်ကို ရွှေကြာနှင့်ကင်းကင်းနေရန် အတင်းအကျပ် တောင်းဆိုသည်။ သို့သော် သတိုးသိုက်က စိတ်ရှည်ရှည်ထားပြီး ရွှေကြာသည် စိတ်သဘောထား ကောင်းမွန်သူဖြစ်ကြောင်း၊ လူသားအချင်းချင်းပစ်ပယ်ရန်မသင့်ကြောင်း စည်းရုံးနားချပြောဆိုသည့်အခါ စံထားညိုသည် သဘောပေါက်နားလည်လာပြီး ရွှေကြာကို မိတ်ဆွေအဖြစ် လက်ခံပေါင်းသင်း ဆက်ဆံလေ၏။

 


သတိုးသိုက်တို့ ချစ်သူနှစ်ဦးသည် ရွှေကြာကို လူရာသွင်းဆက်ဆံလာသည့်အခါ ရွှေကြာသည်လည်း သတိုးသိုက်တို့၏ စိတ်ရင်း စေတနာကို နားလည်လာပြီး ပိုမိုရင်းနှီးပွင့်လင်းလာသည်။ ထိုအခါ သတိုးသိုက်ကပြည့်တန်ဆာဘဝသရုပ်ဖော် Documentary မှတ်တမ်းရုပ်ရှင် ရိုက်ကူးရန် ရွှေကြာကိုကမ်းလှမ်းသည်။ ရွှေကြာက လှိုက်လှိုက်လှဲလှဲလက်ခံပြီး ကိုယ်တိုင်ပါဝင်သရုပ်ဆောင်မည် ဖြစ်သည့်အတွက် သတိုးသိုက်သည် အားကြိုးမာန်တက် ရိုက်ကူးပြီးနောက် ထို Documentary ကို နော်ဝေနိုင်ငံသို့ သွားရောက်ပြသခဲ့ရာ၂၀၁၅ ခုနှစ်တွင် နော်ဝေနိုင်ငံ (ရုပ်/သံ)ဌာနတစ်ခုမှ ချီးမြှင့်သည့်ဆုနှင့် ထောက်ပံ့ငွေကြေးများရရှိခဲ့သည်။ ထိုငွေကြေးများဖြင့်သတိုးသိုက်သည် လူမှုကွန်ရက်တစ်ခုထူထောင်ကာ ပြည့်တန်ဆာမိန်းကလေးများအမှောင်လမ်းမှ ရုန်းထွက်နိုင်ရေး၊ လူသားအချင်းချင်း ခွဲခြားနှိမ့်ချခံရမှု ပပျောက်ရေးလုပ်ငန်းများကို တကြွ်ကစွာ ¬ကြိုးပမ်းဆောင်ရွက်သည်။ ရွှေကြာသည်လည်းစံထားညို၏ ကူညီမှုဖြင့် မုန့်ဖုတ်ပညာသင်ကြားခဲ့ပြီးနောက် ကိတ်မုန့်ဆိုင်တစ်ဆိုင်တွင် မုန့်ဖုတ်လုပ်ငန်းဖြင့် အသက်မွေးလေသည်။ အမှောင်လမ်းသို့ ခြေဦးမလှည့်တော့ချေ။

 


သတိုးသိုက်၏ Documentary သည်မျှော်မှန်းထားသည်ထက် ထိရောက်အောင်မြင်မှုရခဲ့ပြီး အကျိုးဆက်အဖြစ် ပြည့်တန်ဆာများအပေါ် စာနာထောက်ထားသည့်အမြင် ပြည်သူများကြားမှာ တိုးတက်ရှင်သန်ခဲ့လေသည်။ ထို့ပြင် ပြည့်တန်ဆာများ၏ လူ့အခွင့်အရေးနှင့် သက်ဆိုင်သောရပိုင်ခွင့်များ အပြည့်အဝရရှိစေရန် ပြည့်တန်ဆာလိုင်စင် ရှိသင့်၊ မရှိသင့် ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲများ အကြိမ်ကြိမ်ပြုလုပ်နိုင်ခဲ့ကြပြီး ဆရာဝန်ကြီးများ၊ရှေ့နေကြီးများ၊ မီဒီယာများ၊ နိမ့်ကျနေသည့် အမျိုးသမီးများဘဝ ပြန်လည်ထူထောင် ရေးနှင့် သက်ဆိုင်သော CSR၊ PSIတို့မှ တာဝန်ရှိသူများ စိတ်အားထက်သန်စွာ တက်ရောက်ဆွေးနွေးကြသည်။

 


ပြည့်တန်ဆာမှန်လျှင် မိန်းမယုတ်၊မိန်းမပျက်ဆိုပြီး အများက မတန်မရာနှိမ့်ချဆက်ဆံချင်ကြသည်။ လူရာမသွင်း ချင်၊ တကယ်တော့ ဖြစ်ချင်တာတွေ မဖြစ်၊မဖြစ်ချင်တာတွေ ဖြစ်ကြရတဲ့ဘဝသံသရာကြီးထဲမှာ၊ ကံဇာတ်ဆရာသည်ဒါရိုက်တာ၊ ကိုယ်ကချင်တိုင်း ကခွင့်မရ၊ကံအကျိုးပေးခြင်းက မတူ၊ လောကမှာ လူကောင်းရှိသလို လူဆိုးရှိတယ်၊ ကျားရှိသလို သမင် ရှိတယ်၊ သူဌေး ရှိသလိုဆင်းရဲသားလည်း ရှိတယ်၊ ပြည့်တန်ဆာဆိုသည်မှာလည်း လူထဲကလူ၊ ချစ်တတ်သည်၊ မုန်းတတ်သည်၊ ဝမ်းသာတတ်သည်၊ ဝမ်းနည်းတတ်သည်၊ သေရမှာ ကြောက်သည်၊ လူရာဝင်ချင်သည်၊ ဘာကြောင့်သည်လိုဖြစ်ရသလဲ၊ ပြည့်တန်ဆာဟာလည်း အသက်ရှိတဲ့ လူသားတစ်ယောက်ဖြစ်နေလို့ပါ၊ သူတို့သည် တစ်ချိန်က အပြစ်ကင်းတဲ့၊ ဖြူစင်တဲ့ ကလေးသူငယ်များဖြစ်ခဲ့ကြသည်။

 

သတိုးသိုက်သည် နော်ဝေမှပြန်ရောက်ရောက်ချင်း ရန်ကုန်မြို့ရှိရုပ်ရှင်ရုံတစ်ရုံတွင် စာနယ်ဇင်း တွေ့ဆုံပွဲပြုလုပ်ခဲ့ရာ ထိုပွဲသို့ ရွှေကြာကို ဧည့်သည်တော်အဖြစ် တက်ရောက်ရန် တလေးတစား ဖိတ်ကြားခဲ့လေသည်။ ရွှေကြာကငါ လူရာဝင်ခဲ့ပြီဆိုသော အသိဖြင့် ပီတိဖြစ်မဆုံး၊ နှစ်လိုသောအပြုံးဖြင့် ခန်းမအတွင်းသို့ တစ်လှမ်းချင်း ဝင်ရောက်ခဲ့လေရာ ရွှေကြာ၏ ဝတ်ဆင်လာခဲ့သောမြန်မာဝတ်စုံလေးသည် ရွှေကြာခန္ဓာကိုယ်ပေါ်တွင် တင့်တယ်လုံခြုံလျက်။ ။

 

 

ကြေးမုံ