ဒလမြို့နယ်၌ နွေရာသီ သောက်သုံးရေရှားပါးသော ဒေသခံပြည်သူများအား သောက်သုံးရေသန့်များပေးဝေ

ရန်ကုန် ၉ ဧပြီ  

 

နှစ်စဉ်နွေရာသီကာလရောက်တိုင်း သောက်သုံးရေကန်များ ခန်းခြောက်ကာ ရေရှားပါးမှု ကြုံတွေ့လျက်ရှိသော ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် နွေရာသီကာလ သောက်သုံးရေပြတ်လပ်မှု မရှိစေရေးအတွက် ဒေသခံပြည်သူများ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ရေရရှိရေးနှင့် ရေပေးဝေရေးလုပ်ငန်း တာဝန်ခံအဖွဲ့ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု) မြို့နယ်ရေပေးဝေရေးရုံးရှိ ရေသန့်စင်စက်ရုံမှ ထွက်ရှိသော သောက်သုံးရေသန့်များကို သောက်သုံးရေရှားပါးသော ဒေသခံပြည်သူများအား ဖြန့်ဝေပေးလျက်ရှိဖြစ်ကြောင်း သိရသည်။

 

ဒလမြို့နယ်၌ လက်ရှိအချိန်တွင် သောက်သုံးရေရှားပါးလျက်ရှိသော တံတားချောင်းစံပြကျေးရွာ ဗိုလ်ချုပ်လမ်းနှင့် စံပြ(၇)လမ်း၊ ရာဇသင်္ကြန်ရပ်ကွက် ပတ်လမ်း၊ အံ့ကြီးအနောက်ရပ်ကွက် သုသာန်လမ်း၊ ညောင်ကုန်ရပ်ကွက် ပတ်လမ်း၊ ကျန်စစ်သားရပ်ကွက် ပတ်လမ်း၊ တပင်ရွှေထီးရပ်ကွက် ဆင်ဖြူရှင်လမ်းနှင့် ဗိုလ်တေဇ(၁၁)လမ်း၊ ကမာကဆစ်ရပ်ကွက် ယုဇနလမ်း၊ ကမာကသွယ်ရပ်ကွက် ကျန်စစ်သား(၁)လမ်းတို့ရှိ ဒေသခံမိဘပြည်သူများအား သောက်သုံးရေဂါလန် (၁၂၀၀)ဆံ့ဝင်သည့်  ရေသန့်ဌာနပိုင် ရေသယ်ယာဉ်(၂)စီးဖြင့် ဧပြီ ၁ ရက်မှ စတင်ပြီး ဧပြီ ၈ ရက်အထိ သောက်သုံးရေသန့် ဂါလန် စုစုပေါင်း (၈၅၂၀၀) ဖြန့်ဝေပေးနိုင်ခဲ့ကြောင်း ရေရရှိရေးနှင့် ရေပေးဝေရေးလုပ်ငန်း တာဝန်ခံအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ယနေ့မွန်းလွဲပိုင်းက ပြောကြားသည်။

 

ဒလမြို့နယ်အတွင်း ရေသယ်ကားဝင်ရန် အခက်အခဲရှိသော ၁၁/၁၄ ရပ်ကွက်၌ ဂါလန်(၁၂၀၀)ဆံ့သည့် အုတ်ရေလှောင်ကန်(၄)ကန်နှင့် ၆ နံပါတ် ရပ်ကွက်၌ ဂါလန် (၁၂၀၀)ဆံ့သည့် အုတ်ရေလှောင်ကန်(၃)ကန်ကို ရပ်ကွက်ပြည်သူများ သောက်သုံးရေ လုံလောက်စွာရရှိစေရေးအတွက် ထားရှိပေးထားပြီး၊ ရေတွန်းစက်ဖြင့် မောင်းနှင်း၍ ရေဖြည့်တင်းခြင်း အစီအစဉ်များကို ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

 

ထို့ကြောင့် နွေရာသီကာလအတွင်း ဒလမြို့ပေါ်ရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စုများရှိ သောက်သုံးရေကန်များ ခန်းခြောက်၍ သောက်သုံးရေရှားပါးပြတ်လပ်မှု ဖြစ်ပေါ်ပါက မြို့နယ်ရေရရှိရေးနှင့် ရေပေးဝေရေးလုပ်ငန်း တာဝန်ခံအဖွဲ့ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု) တာဝန်ခံ အင်ဂျင်နီယာ ဦးတိုးတိုးအောင် ဖုန်းနံပါတ် ၀၉-၄၄၃၁၅၅၉၃၇ သို့ အချိန်နှင့်တစ်ပြေးညီ ဆက်သွယ်၍ ကူညီတောင်းခံနိုင်ကြောင်း သိရသည်။

 

ဒလမြို့နယ်သည် ပင်လယ်ဝ၊ ရန်ကုန်မြစ်တို့နှင့် ထိစပ်လျက်ရှိခြင်းကြောင့် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများ၌ ရေချိုမထွက်ဘဲ ရေငန်များသာ ဝင်ရောက်သော ဒေသတစ်ခုဖြစ်သည်။ နှစ်စဉ် သောက်သုံးရေ ရှားပါးပြတ်လပ်မှုကြောင့် နွေရာသီကာလ၌ ရေရှားပါးမှုကို ဒေသခံပြည်သူများ ရင်ဆိုင်ကြုံတွေ့နေရဆဲဖြစ်သည်။ ဒလမြို့နယ်ရှိ ဒေသခံပြည်သူများစွာတို့၏ သောက်သုံးရေ ရှားပါးပြတ်လပ်မှုအခက်အခဲများ ကင်းဝေးစေရေးအတွက် အများသုံးရေနှင့် သောက်သုံးရေသန့် (၃.၃)သန်း ဖြန့်ဝေပေးနိုင်မည့်  နိုင်ငံတကာအဆင့်မီ သောက်သုံးရေသန့်စက်ရုံ စီမံကိန်းကြီးကို တွံတေးမြို့နယ် ပိတ်စွယ်ကျေးရွာအုပ်စု ဘုရားကြီးစုကျေးရွာအနီးရှိ တွံတေးတူးမြောင်းဘေး၌ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

နိုင်လင်းကျော်(ဒလ)