ဒလမြို့နယ်အဝေးပြေးယာဉ်ဝင်း၌ သီတင်းကျွတ်ရုံးပိတ်ရက်ကာလ ခရီးသွားပြည်သူများပြားခြင်းကြောင့် အဆင်ပြေစေရေးစီစဉ်ဆောင်ရွက်ပေး

ရန်ကုန် ၁၂ အောက်တိုဘာ

 

၂၀၁၉ ခုနှစ် သီတင်းကျွတ်ရုံးပိတ်ရက်ရှည်ကာလ ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် အဝေးပြေးယာဉ်ဝင်း၌ အနယ်အနယ်အရပ်ရပ်မှ နေရပ်အသီးသီးပြန်ကြမည့် ခရီးသွားပြည်သူများ များပြားလျက်ရှိသောကြောင့် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (ဒလရုံးခွဲ)မှ တာဝန်ရှိသူများ၊ မြို့နယ် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ အဝေးပြေးယာဉ်လိုင်းများမှ တာဝန်ရှိသူများက  ပြည်သူများ ခရီးသွားလာရေး အဆင်ပြေချော်မွေ့စေရေး၊ ခရီးစဉ်များ ကြန့်ကြာမှမဖြစ်ပေါ်စေရေး၊ ယာဉ်ကြောရှုပ်ထွေးမှု မဖြစ်ပေါ်စေရေးနှင့် ယာဉ်အန္တရာယ်ကင်းရှင်းစေရေးအတွက် စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း ယနေ့နံနက်က မြင်တွေ့ရသည်။

 

2

 

သီတင်းကျွတ်ရုံးပိတ်ရက်နှင့် အများပြည်သူအလုပ်ပိတ်ရက် များပြားခြင်းကြောင့် နေရပ်အသီးသီးပြန်ကြမည့် ခရီးသွားပြည်သူများ၊ ဝန်ထမ်းများအဆင်ပြေ ချောမွေ့စေရေးအတွက် ထက်အောင်ကျော်ယာဉ်လိုင်းမှ တာဝန်ခံ ဒေါ်စန္ဒာအောင်မြင့်က  “ကျွန်မတို့ယာဉ်လိုင်းအနေနဲ့ ခရီးသွားပြည်သူများ အဆင်ပြေစေရေးကို အဓိကထားပြီး ဆောင်ရွက်ပေးလျက်ရှိပါတယ်၊ ခရီးသည်များပြားခြင်းကြောင့် ယာဉ်များကို ရပ်နားခြင်းမရှိဘဲ နာရီဝက်ခြားဖြင့် ပုံမှန်အချိန်နဲ့ စနစ်တကျပြေးဆွဲပေးပါတယ်၊ ယာဉ်စီးခတွေကိုလည်း သတ်မှတ်အတိုင်းသာ ကောက်ခံပါတယ်၊ သီတင်းကျွတ်ပွဲတော် ကာလဖြစ်တဲ့အတွက် ခရီးသည်တွေ ယခင်ကထက် ပိုများပြားခြင်းကြောင့် အဝေးပြေး ဂိတ်တွေမှာ ခေတ္တခဏတာ စောင့်ဆိုင်းရတာမျိုးရှိကြောင်း” ပြောသည်။ 

 

သီတင်းကျွတ်ရုံးပိတ်ရက်အတွင်း ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့သို့ပြန်မည့် ခရီးသွားပြည်သူတစ်ဦးက  “အဆင်ပြေပါတယ် အချိန်အကြာကြီး စောင့်ဆိုင်းရတာမျိုးမရှိဘူး၊ နာရီဝက် သာသာလောက်ပါဘဲ၊ ထက်အောင်ကျော် ယာဉ်လိုင်းမှ ကားစီးရတာ အဆင်ပြေပါတယ်၊ ယာဉ်စီးခ ပိုပြီးတောင်းတာမရှိဘူး၊ ဒလမြို့ကနေ ဖျာပုံမြို့နယ်အထိကို ငွေ(၂၀ဝ၀)ကျပ်ဘဲ၊ ဒီနေ့မှ အလုပ်က (၂)ရက် နားခွင့်ရလို့ မိဘတွေဆီပြန်ပြီး ကန်တော့မလို့ပါ၊ မိသားစုနဲ့ ပြန်လည်ဆုံတွေ့ရမှာမို့ အရမ်းပျော်ရွှင်မိပါတယ်”ဟု ရင်းတွင်းစကားသံကို  ပြောကြားခဲ့သည်။

 

5

 

ဒလမြို့နယ်အဝေးပြေးယာဉ်ဝင်းအတွင်း၌ ရန်ကုန်တိုင်းအခြေပြု ယာဉ်လိုင်း(၇)လိုင်း၊ ဧရာဝတီတိုင်း အခြေပြုယာဉ်လိုင်း (၁၇)လိုင်း၊ စုစုပေါင်း(၂၂)လိုင်းရှိကြောင်း သိရသည်။ ထက်အောင်ကျော် ယာဉ်လိုင်းမှ ဒလ - ဒေးဒရဲ - ဖျာပုံ- မော်ကျွန်း၊ ရတနာမိုး ယာဉ်လိုင်းမှ ဒလ - ဒေးဒရဲ - ဖျာပုံ၊ ရွှေသူဌေး ယာဉ်လိုင်းမှ ဒလ - ဒေးဒရဲ - ဖျာပုံ၊ နိုင်အောင်ကျော် ယာဉ်လိုင်းမှ ဒလ - ဘိုကလေး၊ မင်းဖြိုးမောက် ယာဉ်လိုင်းမှ ဒလ - ဘိုကလေး၊ ရွှေခြံသား ယာဉ်လိုင်းမှ ဒလ - ဒေးဒရဲ - ဖျာပုံ၊ ထာဝရ ယာဉ်လိုင်းမှ ဒလ - ဒေးဒရဲ - ဖျာပုံ ဒလမြို့နယ်မှ အခြေပြုပြေးဆွဲပြီး၊ ဧရာဝတီတိုင်း အခြေပြုယာဉ်လိုင်းများမှ ကြံတိုင်းအောင် ယာဉ်လိုင်းမှ ဖျာပုံ - ဒေးဒရဲ - ဒလ၊ ထိပ်တန်းယာဉ်လိုင်းမှ ဒေးဒရဲ - ဒလ၊ ရွှေမြန်မာ(DDY) ယာဉ်လိုင်းမှ  ဒေးဒရဲ - ဒလ၊ မြစ်ဧရာကျော် ယာဉ်လိုင်းမှ မအူပင် - ဒလ၊ ပန်းရိုးမ ယာဉ်လိုင်းမှ မအူပင် - ဒလ၊ စုပေါင်း/ရွှေလမင်း ယာဉ်လိုင်းမှ မအူပင် - ဒလ၊ တိုးဧရာ ယာဉ်လိုင်းမှ မအူပင် - ဒလ၊ ပါရမီယာဉ်လိုင်းမှ ဘိုကလေး - ဒလ၊ ရွှေဧရာ ယာဉ်လိုင်းမှ ကျိုက်လတ် - ဖျာပုံ - ဒေးဒရဲ - ဒလ၊ ရာသက်ပန် ယာဉ်လိုင်းမှ ဖျာပုံ - ဒေးဒရဲ - ဒလ စသည့် ယာဉ်လိုင်းများဖြင့် အနယ်နယ်အရပ်ရပ်မှ နေရပ်ပြန် ခရီးသွားပြည်သူများ၊ ဝန်ထမ်းများ အဆင်ပြေချော်မွေ့စေရေးအတွက်  နေ့စဉ် နံနက် ၆ နာရီမှ ညနေ ၁၈ နာရီအထိ ပုံမှန်ပြေးဆွဲ ပို့ဆောင်ပေးလျက်ရှိကြောင်း သိရသည်။

 

သတင်းနှင့်ဓာတ်ပုံ- နိုင်လင်းကျော်(ဒလ)