ဒလမြို့နယ် ရခိုင်ချောင် (တောင်)ကျေးရွာနှင့် လိပ်ကုန်းကျေးရွာချင်းဆက် ကုန်ထုတ်လမ်း အဆင့်မြှင့်တင်ဆောင်ရွက်

ရန်ကုန်   ၅    မေ

 

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် ရခိုင်ချောင်(တောင်)ကျေးရွာ နှင့် လိပ်ကုန်းကျေးရွာချင်းဆက်  လမ်းပန်း ဆက်သွယ်ရေး ကဏ္ဍကောင်းမွန်စေရေးနှင့် ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက် စေရေးအတွက် ကျေးရွာချင်းဆက် ကုန်ထုတ်လမ်း အရှည်ပေ(၄၈၀ဝ) ကျော် ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

2055

 

ယခင်က ကျေးရွာချင်းဆက်လမ်းမှာ နှစ်လမ်းပြိုင် ဝဲ၊ ယာ နှစ်ပေစီ ကွန်ကရစ်လမ်းအဖြစ် ဆောင်ရွက်ခဲ့ပြီး အလယ်ကွန်ကရစ်လမ်းခင်းရန် ကျန်ရှိခဲ့ရာ  ဒေသဖွံ့ဖြိုးတိုးတက်စေရေးအတွက် နိုင်ငံတော်မှ ခွင့်ပြုရန်ပုံငွေနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့မိမြို့ဖများ၊ လုပ်ငန်းရှင်များ၏  လှူဒါန်းမှုနှင့် ကျေးရွာသူ၊ ကျေးရွာသားများ၏ လုပ်အားတို့ ပူးပေါင်းပါဝင်ဆောင်ရွက်မှုဖြင့် ကျေးရွာချင်းဆက် ကုန်ထုတ်လမ်းကို အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ခဲ့ပြီး ဖြစ်သည်။

 

ကျေးရွာချင်းဆက် လမ်းအား နေ့စဉ်အသုံးပြုလျက်ရှိသော ကျေးရွာသူ၊ ကျေးရွာသားများ၊ လယ်သမားကြီးများနှင့် ကျောင်းသား၊ ကျောင်းသူများစွာတို့သည် အဆိုပါလမ်းမှ တစ်ဆင့် ရခိုင်ချောင် (တောင်) ကျေးရွာသို့ ဖြတ်သန်း သွားလာရာတွင် ယခင်က ရေလမ်းခရီးကိုသာ အဓိက အားထားသွားလာ နေရကြောင်း၊ လမ်းပန်းဆက်သွယ်ရေး အခက်အခဲဒုက္ခကို နှစ်ကာလများစွာ ကြုံတွေ့ခဲ့ရကြောင်း၊ ယခုလို ကွန်ကရစ်လမ်း အဆင့်မြှင့်တင်ဆောင်ရွက်ပေးမှုကြောင့် နိုင်ငံတော် အစိုးရနှင့် တာဝန်ရှိသူများအား အထူးပင် ကျေးဇူးတင်ရှိကြောင်း လိပ်ကုန်းကျေးရွာနေ ဒေသခံ ပြည်သူ တစ်ဦးက ပြောသည်။

 

အဆိုပါ ကျေးရွာချင်းဆက်လမ်းသည် ရခိုင်ချောင်တောင်ကျေးရွာ၊ လိပ်ကုန်းကျေးရွာ၊ ရွှေခဲပျံကျေးရွာ ၊ ဘိုဖြူချောင် ကျေးရွာ၊ နိုးချောင်းကြီးကျေးရွာနှင့် နိုးချောင်းလေးကျေးရွာတို့သို့ တစ်ဆက်တည်း ရှိသော ကျေးရွာချင်းဆက် လမ်းအပိုင်းဖြစ်ပြီး၊ ရခိုင်ချောင်တောင်ကျေးရွာနှင့် လိပ်ကုန်းကျေးရွာချင်းဆက် ကုန်ထုတ်လမ်းမှာ အရှည်ပေ(၄၈၀ဝ)၊ အကျယ်(၇)ပေကို  ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း၊  ကျန်ရှိသော ကျေးရွာချင်းဆက်လမ်းများအား အကောင်အထည်ဖော် ဆောင်ရွက် ပေးနိုင်ရေးအတွက် သက်ဆိုင်ရာသို့ တင်ပြသွားမည်ဖြစ်ကြောင်း  ရခိုင်ချောင် (တောင်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ထံမှ သိရသည်။

 

2053

 

ဒလမြို့နယ်အတွင်း ဖွံ့ဖြိုးတိုးတက်မှုများ နောက်ကျနေသော ကျေးရွာများ၏ ကုန်ထုတ်လမ်းများနှင့် ချောင်းကူး တံတားများအား အဆင့်မြှင့်တင်ပြီး အသုံးပြုသွားလာနိုင်ရေး၊ ဝေးလံသော ကျေးရွာများရှိ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများ နွေ၊ မိုး၊ ဆောင်း ရာသီမရွေး သွားလာနိုင်သော လမ်းနှင့် တံတားများကို ဆောင်ရွက်ပေးနိုင်ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရ ခွင့်ပြုရန်ပုံငွေများဖြင့် နှစ်စဉ် ဘဏ္ဍာရေးနှစ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

သတင်းနှင့်ဓာတ်ပုံ-နိုင်လင်းကျော်(ဒလ)