ဒို့တောင်သူတွေ ဝင်ငွေတိုးဖို့  သီးထပ်သီးညှပ်  စိုက်ကြစို့

သတင်းဆောင်းပါး - မောင်အောင်

“မိုးကလေးတစ်ပြိုက်ပဲရွာသေးတယ် ဂျာကြီးက နေကြာစိုက်ခိုင်းတော့ ပထမတော့ အတော်လေး စိတ်ထဲကသိကအောက် ဖြစ်သွားတယ်။ ကျွန်တော် တို့ဆီမှာ  တစ်ခါမှ ဒီအချိန် နေကြာစိုက်တာရှိမှ မရှိဘဲ။ အဲ ဒါပေမယ့်  အောက်ခံအစိုဓာတ်ကလေး ကလည်းရှိနေတော့ နေကြာစိုက်ဖြစ်တယ်။ သူစိုက်ခိုင်းတာက မျိုးစေ့ထုတ်ဖို့တဲ့ဗျ။ ဈေးကောင်းရမယ် ပြောတယ်။ တကယ်တော့ မျိုးစေ့ထုတ်တယ်ဆိုတာ သူတို့ဘာသာ စိုက်ပျိုးရေးဦးစီးဌာနက လုပ်ရမယ့် အလုပ်လေ။ ကျွန်တော်တို့ တောင်သူတွေလုပ်ဖို့မှ မဟုတ်ဘဲ။ အဲ ဒါပေမယ့်  ထွက်လာတဲ့မျိုးကို ဈေးကောင်းပေးပြီး ပြန်ဝယ်မယ်ဆိုတာကြောင့် သင်္ကြန်မတိုင်ခင်လေး မှတ်မှတ်ရရ လေးလပိုင်း ၁ ရက်နေ့မှာ စိုက်ဖြစ်လိုက်တာပဲ။”

မကွေးတိုင်းဒေသကြီး  မင်းဘူးခရိုင်   စလင်း မြို့နယ်   မြောက်ရှားတောကျေးရွာ  တောင်သူ ကိုခင်မောင်လွင်၏ နေကြာစိုက်ခင်းအရောက်တွင် ကိုခင်မောင်လွင်က ကျွန်တော့်အား ရှင်းပြနေခြင်း ဖြစ်သည်။ ကိုခင်မောင်လွင် စိုက်ခင်းက ကျွန်တော် တို့ရောက်သွားတော့ ၅၈ ရက်သားရှိနေပြီ။ အပင် သန်ပြီး ပင်စည်အလုံးတုတ်သည်။ အချို့အပင်များ အဖူးလေးများပင်ဖူး၊  အပွင့်ကလေး   လေးငါးပွင့် ပွင့်နေကြသည်။

“ခင်ဗျား နေကြာခင်းက အတော်လေးကောင်း တာပဲ။ အပင်လည်းညီတယ်။ ဖြစ်ထွန်းမှုကလည်း ကောင်းတယ်။ ဘာမျိုးစိုက်တာလဲ။ ဘာတွေဘယ်လို ပြုစုထားလို့ ဒီလောက်ကောင်းနေတာလဲ ပြောပြ စမ်းပါဦး။”
ကျွန်တော်က တစ်ဧကသာသာရှိသည့် နေကြာ ခင်းကို ခြုံ၍ ကြည့်လိုက်ရင်း မေးလိုက်ခြင်း  ဖြစ် သည်။

“အဘတို့ ရေဆင်းစိုက်ပျိုးရေးသုတေသနကထုတ်လုပ်တဲ့ ရေဆင်းစပ်မျိုးနေကြာ - ၁ လေ အဘ။ ဂျာကြီးတို့ပေးတာပဲ။ လေးလပိုင်း ၁ ရက်နေ့က စစိုက်ပြီး ၁၅ ရက်နေ့မှာ အပင်သားခွဲတယ်။ ပင်ညှပ် တွေနုတ်ပစ်လိုက်တယ်။ အဲ ပြီးတော့ တစ်လအကြာ ၅ လပိုင်း ၁ ရက်နေ့မှာ  မြေဩဇာပက်တယ်။ ရေသွင်းပေးတယ်။ ကျွန်တော်တို့  ဒီနယ်က  ယာ အတော်များများက ဆည်ရေသောက်ပဲ။ အဲ ဒါပေမယ့် မြစ်နဲ့လည်း သိပ်ပြီးမဝေးတော့ မြေအောက်ရေလည်း ရတယ်။ စိုက်တာက တန်းကြား နှစ်ပေနှင့် ပင်ကြား ကိုးလက်မပဲ။ အဲဒါအပြင် အဘတို့ စပ်မျိုးကလည်း ကောင်းလွန်းတော့ အခုလိုအပင်ဖြစ်တာပါ။”

ကိုခင်မောင်လွင်က ရေဆင်း - ၁ နေကြာစပ်မျိုး ကောင်းကြောင်း  ဝမ်းသာအားရ   ပြောနေသဖြင့် ကျွန်တော်က ကျွန်တော်နှင့်အတူ   ပါလာသည့် စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ်အား လက်မထောင်ပြလိုက်ရင်း-

“အဲဒီစပ်မျိုးက ဟောဒီဆရာကြီးရဲ့ စိုက်ပျိုးရေး သုတေသနဦးစီးဌာနက ထုတ်လုပ်တာပေါ့ဗျာ။ အဲဒီ တော့ ဘာပင်ပဲစိုက်စိုက် မျိုးကောင်းဖို့ အရေးကြီး တယ်။ အဖြစ်မစိုက်ဘဲ စနစ်တကျမျိုးရွေးချယ်ပြီး စိုက်ပျိုးဖို့လိုတယ်ဆိုတာ ခင်ဗျားတို့တောင်သူတွေ လက်ခံရင်ကျေနပ်ပါပြီ။”
“ဟာ အဘကလည်း ဘယ်လက်မခံဘဲ  နေပါ့ မလဲဗျ။” “လူမှာအမျိုး ကြက်မှာအရိုးတဲ့” မျိုးရိုး ကောင်းဖို့က  လိုမှလိုဗျ။  “မျိုးစေ့မမှန် ပင်မသန်က သီးနှံငုံကင်း အသီးဖျင်း၏” လို့ဆိုစကားတောင် ရှိတယ်မဟုတ်လား။ မျိုးကောင်းဖို့ လွှတ်ပြီးလိုတာ ပေါ့။”

ကျွန်တော်တို့နှင့်အတူ   နေကြာခင်းအတွင်း ရောက်နေသည့် တောင်သူဦးကြီးတစ်ဦးက ဖြည့်စွက် ပြောလိုက်ခြင်းဖြစ်သည်။

“အေး ဟုတ်ပါပြီဗျာ။ ကျွန်တော်တို့ တောင်သူ တွေ  အခုလိုမျိုးနဲ့ပတ်သက်ပြီး    အလေးထား ဆောင်ရွက်တာ  ကြားရတာ   အများကြီးဝမ်းသာ ပါတယ်။  အဲဒါနဲ့ ဒီအခင်းဆိုရင်   အကြမ်းဖျင်း ဘယ်လောက် ထွက်မယ်မှန်းသလဲ။ အဲ နောက်ပြီး အထွက်နှုန်းကို ဘယ်လိုမှန်းရသလဲဆိုတာ ပြောစမ်း ပါဦး။”

ကျွန်တော့်စကားကြောင့် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး စောစောကတောင်သူကြီးက ကိုခင်မောင်လွင်ကို မေးငေါ့ပြီး “ကဲ ခင်မောင်လွင် မင်းအကွက်ပဲ။ အဘကိုမင်းပဲ ရှင်းပြလိုက်။”

“ဟုတ်ကဲ့ပါ အဘ။ ကျွန်တော့်ဒီအကွက်ဆိုရင် အနည်းဆုံးနေကြာစေ့တင်းအစိတ် ၂၅ တင်းဆိုတာ အောက်ထစ်ပဲ။ ဘာ့ကြောင့်လဲဆိုတာ ကျွန်တော် စောစောကပြောတဲ့ တန်းကြား၊ ပင်ကြား အတိုင်း စိုက်တာကြောင့် တစ်ဧကမှာ အပင်ရေ ၂၆ဝဝဝ ကနေ ၂၉ဝဝဝ လောက်အထိ ဝင်တယ်။ ပျမ်းမျှ ၂၇၅ဝဝ ပဲထားပါတော့။ နေကြာက တစ်ပင်မှာ တစ်ပွင့်ပွင့်တာကြောင့် ပွင့်ရေ ၂၇ဝဝဝလောက် ရမယ်။ နေကြာတစ်ပွင့်မှာ အစေ့အရေအတွက်  ၂၅ဝ ကနေ ၃ဝဝ အထိရှိတယ်။ အဲပြီးတော့ နေကြာ စေ့တစ်ထောင်ဆိုရင် ပျမ်းမျှအလေးချိန် ၅၅ ဂရမ် လောက်ရှိတာကြောင့် ဒီတစ်ဧကက အနည်းဆုံး ၂၅ တင်းကနေ တင်း ၃ဝ လောက်  ထွက်မယ်လို့ ကျွန်တော်ခန့်မှန်းတာပါ။”
ကိုခင်မောင်လွင်ကား အသက် (၃၅)  (၄ဝ) ခန့် ပင်ရှိသေးသည်။ သူ၏ ဖြေကြားချက်များက တိကျ လွန်းလှသဖြင့် ကျွန်တော်မအံ့ဩဘဲ မနေနိုင်သကဲ့ သို့ ကြည်နူးဝမ်းမြောက်မိ ဖြစ်မိပါသည်။ ကျွန်တော် တို့ပြောဆိုဆွေးနွေးနေမှုများကိုလည်း နေကြာစိုက် တောင်သူများ ဝိုင်းအုံ၍   နားထောင်နေကြခြင်း ကြောင့် အားရစရာကောင်းလှသည်။
“တယ်  တိကျပါလား   ကိုခင်မောင်လွင်ရဲ့ ဟုတ်ရော ဟုတ်ရဲ့လား” 
ကျွန်တော်မယုံ၍ မေးခြင်းမဟုတ်ပါ။ သူတို့ ရင်ထဲက စကားများကို ကြားလို၍ ဆွပေးလိုက်ခြင်း ဖြစ်သည်။

“သိပ် ဟုတ်တာပေါ့ အဘရ” ဒီကောင်က ပွင့်ဖြူ စိုက်ပျိုးရေးအထက်တန်းကျောင်းဆင်းလေ။ ဘာပဲ လုပ်လုပ် စာရင်းဇယားနဲ့လုပ်တာ။”
“အေးဗျာ ကောင်းတယ်။ ကြားရတာ ဝမ်းသာ ပါတယ်။  ကိုခင်မောင်လွင်တို့လို   စိုက်ပျိုးရေး အထက်တန်းကျောင်းဆင်းတွေ၊ ပညာတတ်တွေ ကိုယ်တိုင် မိဘလက်ငုတ်လက်ရင်း တောင်သူအလုပ် ကိုလုပ်တယ်ဆိုတော့ အားရစရာပေါ့ဗျာ။ ကဲ ဒါနဲ့ ခင်ဗျား စိုက်စရိတ်ဘယ်လောက်ရှိပြီး  ဒီနေကြာ တစ်ဧကက  အကျိုးအမြတ်  ဘယ်လောက်ရမယ် မှန်းသလဲ။”
ကျွန်တော်က  ကျွန်တော်တို့  တောင်သူများ နေကြာစိုက်လျှင်  ဘယ်လောက်   အကျိုးအမြတ် ရမည်ကိုသိလို၍     မေးလိုက်ခြင်းဖြစ်သည်။ ကျွန်တော့်နည်းတူ နားထောင်နေကြသော တောင်သူ အားလုံးကလည်း  နေကြာစိုက်ပျိုးမှု၏   အကျိုး အမြတ်ကို သိချင်နေကြပုံရသည်။
“အဘ နေကြာစိုက်ဖို့ မြေပြင်တာက ထယ် တစ်စပ် ထွန်တစ်စပ်ဆိုရင် ၄၅ဝဝဝ ကျတယ်။ စိုက် စရိတ်က ၃၃၅ဝဝ၊ အပင်ပြုစုတာ၊ ကြားပေါင်း လိုက်တာ၊ ပေါင်းနုတ်တာက ၅၁ဝဝဝ၊ သွင်းအား စုဖြစ်တဲ့ ပုလဲမြေဩဇာက ၈၁၅ဝဝ၊ ရိတ်သိမ်းချိန် မှာ ကုန်ကျမည့်ငွေက ၆ဝဝဝဝ ကျပ်ဖြစ်တာကြောင့် တစ်ဧကစိုက်စရိတ်ကုန်ကျငွေစုစုပေါင်း ၂၇၁ဝဝဝ လောက်ကျတယ်။ စောစောကပြောသလို ဒီတစ်ဧက က အနည်းဆုံးနေကြာစေ့  ၂၇  တင်းထွက်ပြီး ဆီကြိတ်လိုက်ရင် ပျမ်းမျှ    ၈၃ ပိဿာလောက်တော့ ရမယ်။ လက်ရှိဆီတစ်ပိဿာပေါက်ဈေးက ၉ဝဝဝ ကျပ်ဖြစ်နေတာကြောင့် ၇၄၇ဝဝဝ လောက်ရမယ်။ အဲဒီတော့ စိုက်စရိတ်အရင်းက ၂၇၁ဝဝဝ ကုန်တာ ကြောင့် ၄၇ဝဝဝဝ ကျော်ကျော် တစ်ဧကအမြတ် ဝင်ငွေရမယ်၊ ဒါ ကျွန်တော်ပျမ်းမျှခြင်း တွက်တာ။ ဒီထက် ပိုပြီး ရဖို့ပဲရှိတယ်။”
“အဲဒီတော့  ကိုခင်မောင်လွင်  အချိန်မကျလို့ မစိုက်ချင်တာကို အတင်းစိုက်ခိုင်းတဲ့ ဂျာကြီးကို စိတ်မဆိုးဘူးလား။”
“စိတ်မဆိုးတဲ့အပြင် ထိုင်တောင်ကန်တော့ချင် တယ် အဘရေ။ ဂျာကြီးတိုက်တွန်းလို့ စိုက်ဖြစ်တာ။ ကျွန်တော်တို့ စိုက်တဲ့အချိန်မှာ ဂျာကြီးတို့စိုက်ပျိုးရေးအဖွဲ့တွေက နေ့တိုင်းနီးပါးလာပြီး ကြည့်ပေးနေ တော့ ကျွန်တော်တို့က အလွန်ကျေးဇူးတင်နေတာ။”
“ဂျာကြီးတို့ လာလွန်းလို့ ခင်ဗျားအိမ်က ကြက် တွေကုန်တော့မှာ မဟုတ်ဘူးလား။”
ကျွန်တော့်စကားကြောင့် နားထောင်နေသူများ အားလုံးဝိုင်းပြီး ရယ်လိုက်ကြသည်။
“ကြက်တွေ မကုန်ပါဘူး အဘရယ်။ စိုက်ပျိုးရေး အဖွဲ့က သူတို့ထမင်းချိုင့်နဲ့  သူတို့လာကြတာပါ။ တစ်ခါတလေ  သူတို့ချက်လာတဲ့   ဟင်းတောင် ကျွန်တော်တို့ကိုမျှပြီး ကျွေးပါသေးတယ်။”
“အေး ကောင်းတာပေါ့ဗျာ။ ခင်ဗျာတို့ ရှားတော က စလင်းမြို့နယ်ဆိုပေမယ့် ဆင်ဖြူကျွန်းထဲမှာ ပါနေ တော့ စိုက်တာပျိုးတာ စလင်းနဲ့ သိပ်ပြီးမတူဘူးနဲ့ တူတယ်။ ပြီးတော့ စလင်းဆည်တမံက ရေကလည်း ခင်ဗျားတို့ဆီကျတော့ နည်းနည်းအလှမ်းဝေးတော့ အဆင်ရောပြေရဲ့လား။”
“ကျွန်တော်ဆို့ဆီက ဆည်ရေတော့ ဒီလောက် အားမထားဘူး။ နောက်ပြီး ဧရာဝတီမြစ်နဲ့ နီးတော့ မြစ်ရေ၊ ချောင်းရေလည်း ဝင်တယ်။ ပြီးတော့ မြစ်နဲ့ နီးတော့ ရေတွင်းတူးပြီးသုံးရင်   မြေအောက်ရေ ကလည်း သိပ်ပြီးမဝေးဘူး။ သုံးလို့ရတယ်။  အဲဒီ နှစ်ပိုင်းမှာခက်တာက စက်သုံးဆီ ဈေးကြီးတာပဲ။ ဝယ်လို့တော့ ရတယ်။  ဒါပေမယ့်  ဆီဈေးကြီးတော့ စိုက်စရိတ်နဲ့  ဝန်ဆောင်ခတွေ   ဈေးကြီးတာပေါ့။ စက်သုံးဆီကိစ္စလည်း  အဘတို့   ဘာလုပ်ပေးလို့ ရမလဲ။ လုပ်ပေးလို့ရရင် လုပ်ပေးစမ်းပါဦး။”

ကျွန်တော်၏ ရင်းရင်းနှီးနှီးပြောဆိုဆက်ဆံမှုများက  ကိုခင်မောင်လွင်အပါအဝင်   ကျေးလက် တောင်သူများက  သူတို့၏   ခံစားချက်များအား တရင်းတနှီးရင်ဖွင့်လာစေပါသည်။

“အေး စက်သုံးဆီကတော့ ကျွန်တော်တို့နိုင်ငံက ထွက်တာကနည်းနည်းပဲ သုံးတာက များတယ်။ ဒီကြားထဲမှာ  လူတွေကလည်း  အရင်ကနဲ့စာရင် ပိုပြီးချမ်းသာလာတော့ ရွာတွေမှာ ဆိုင်ကယ်မရှိတဲ့ အိမ်က ခပ်ရှားရှား။ တချို့အိမ်ဆို ကားတောင်ရှိကြ တယ်။ ဒီတော့စက်သုံးဆီက ပိုပြီးကုန်တာပေါ့ဗျာ။ ပြီးခဲ့တဲ့နှစ်က ကိုဗစ်ဖြစ်တော့ စက်သုံးဆီ ထုတ်လုပ် တဲ့ နိုင်ငံတွေမှာ  ထုတ်လုပ်မှုက  လျော့လာတယ်။ ဒါ့အပြင် စက်သုံး ဆီထုတ်လုပ်တဲ့ အိုပက်နိုင်ငံတွေကလည်း ထိန်းထား တာတွေပါတယ်။ အစိုးရကတော့ ကိုယ့်ပြည်သူတွေ  လုံလုံလောက်လောက်  သုံးရအောင် တင်သွင်းခွင့် လည်း  ပြုတယ်။  စက်သုံးဆီ တင်သွင်းတဲ့ကုမ္ပဏီ တွေကို  အမေရိကန်ဒေါ်လာကို   ဗဟိုဘဏ်ဈေးနဲ့ ရောင်းပေးနေတာပဲ။ အဲ  ဒါပေမယ့်  ပစ္စည်းဝယ်လို့ ရတာနည်းတာရယ်၊ လောဘသားတွေက နည်းနည်း မူမမှန်တာရယ်ကြောင့်    ဈေးကြီးတာတော့  ရှိနေ တယ်။ အရေးကြီးတာက  ကျွန်တော်တို့အဖွဲ့တွေ  ချွေတာသုံးစွဲကြဖို့ပဲ။ မလိုတဲ့နေရာ ဆိုင်ကယ်၊ ကားနဲ့မသုံးဘဲ   ဆီချွေတာရင်တော့   ဒီအကျပ် အတည်းကာလကို   ကျော်လွန်သွားမှာပေါ့ဗျာ။”
“အဲဒါနဲ့ ခင်ဗျားတို့  ဒီမှာသီးထပ်သီးညှပ်ရော စိုက်ကြသေးလား။ ဘာသီးနှံတွေ ဘယ်လို စိုက်ကြ သလဲ။ ပြောကြစမ်းပါဦး။ ခင်ဗျားတို့ရွာက ရွာလို့ သာပြောရတာ အိမ်ကြီးအိမ်ကောင်းတွေ တယ်ပြီး ပေါပါလား။”
“အင်း အဘကတော့ ပြောရော့မယ်။ တစ်သီး တည်း စိုက်နေလို့ကတော့ ဒီလိုဘယ်နေလို့ ရပါ့မလဲ အဘရဲ့။ ကျွန်တော့် ဒီအကွက်က ဒီနှစ်သာ  ဂျာကြီး ပြောလို့ နေကြာစိုက်ဖြစ်လိုက်တာ။ အရင်နှစ်တွေ ကဆို မိုးတွင်းမှာ ကြက်သွန်နီနဲ့ အာလူးစိုက်တယ်။ ဒီပြင် အခင်းတွေကတော့ မိုးကြိုမှာတော့ စပါးသိမ်း ပြီးရင် အဲဒီအစိုဓာတ်လက်ကျန်လေးနဲ့ နှမ်းစိုက်ကြ တယ်။ အဘလည်း   တွေ့မှာပဲ   နှမ်းခင်းတွေကလည်း ကောင်းမှ ကောင်းပဲလေ။ ဇွန်လမှာ နှမ်းသိမ်းပြီးရင် ထယ်ထိုး ထွန်ပြန်မွှေ၊   မြေဆီထည့်ပြီး  ဇူလိုင်လမှာ မိုးစပါးပြန်ပြီး  စိုက်ကြတယ်။  အောက်တိုဘာ၊ နိုဝင်ဘာမှာ စပါးသိမ်းပြီးရင်တော့၊  ကုလားပဲတို့  ပဲတီစိမ်းတို့ စိုက်ဖြစ်ကြတယ်။   ကျွန်တော်တို့ လူတွေက ဆင်းရဲတာရဲ့ ခါးသီးမှုကို ခံစားပြီးကြပြီ။ ဒီတော့ လူသာနားရင်  နားမယ် မြေကိုအနားမပေး ဘူး။”
ကိုခင်မောင်လွင်က သူတို့ရွာသားများ အလုပ် ကြိုးစားပုံကို ပြောပြရသဖြင့်  ကျေနပ်အားရနေပုံ ရပါသည်။

“အဘကလည်း      ပြီးခဲ့တဲ့      အပတ်ထဲကပဲ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက အစိုးရ အဖွဲ့အစည်းအဝေးမှာ  ပြောခဲ့တယ်မဟုတ်လား။ ကျွန်တော်တို့နိုင်ငံမှာ စိုက်ဧက ၃၃ သန်း ရှိတယ်တဲ့။ သီးထပ်သီးညှပ်ပေါင်းလိုက်ရင် ၄၈ သန်းရှိတယ်တဲ့။ အဲဒီတော့ မြေဧက ၁၅ သန်းလောက်ပဲ သီးထပ် စိုက်ပြီး ကျန်တာက သီးထပ်သီးညှပ်စိုက်ဖို့ လိုတာ ကို ထောက်ပြတယ်။ တကယ်လို့သာ ကျန်တဲ့မြေ တွေကိုပါ သီးထပ်သီးညှပ်စိုက်နိုင်ရင် စိုက်ပျိုးရေး ထွက်ကုန်တွေ ဒီထက်နှစ်ဆတိုးနိုင်မယ်။ “ဆီကို ရေချိုး ဆေးရိုးမီးလှုံ စပါးတောင်လိုပုံမည့်ခေတ်”ကို ပြန်ပြီး ရောက်ကြရဦးမှာ။”
“အဲဒီခေတ်ကိုလည်း ပြန်ပြီးရောက်မယ့်အပြင် ကျုပ်တို့တောင်သူတွေ ဝင်ငွေနှစ်ဆ တိုးမယ့်အပြင် ပြည်သူတွေအတွက်   စားနပ်ရိက္ခာတွေ   တိုးပြီး ထုတ်လုပ်ပေးလို့  ကုသိုလ်တွေလည်း အများကြီး ရကြဦးမှာ။”
ကျွန်တော်တို့ စကားဝိုင်းတွင် တစ်ချိန်လုံးငြိမ်၍ နားထောင်နေသည့် ကတုံးနှင့်အဘပင် ဝမ်းမြောက် ဝမ်းသာတက်ကြွစွာ   ပါဝင်ဆွေးနွေးလာသည်။ ရှားတောရွာသားများ၏ မျက်လုံးများက ဝင်းလက် တောက်ပပြီး ကျွန်တော်စည်းရုံးပြောဆိုချင်သည့် ဒို့တောင်သူတွေ ဝင်ငွေတိုးဖို့ သီးထပ်  သီးညှပ် စိုက်ကြစို့ဟူသော ခေါင်းစဉ်ကို ကျွန်တော်အကျယ် ချဲ့၍ စည်းရုံးပြောဆိုနေစရာ မလိုတော့ပါ။ သူတို့၏ ခံစားချက်များဖြင့် သူတို့ကိုယ်တိုင်ပြောဆိုလာနေခြင်း ဖြစ်ပါသည်။

သို့ဖြစ်၍လည်း ကျွန်တော်တို့  နိုင်ငံအတွင်းရှိ သီးထပ်၊ သီးညှပ်မစိုက်သေးသော  တောင်သူများ သို့သာ ဒို့တောင်သူတွေ  ဝင်ငွေတိုးဖို့   သီးထပ် သီးညှပ်စိုက်ကြစို့ ဟု ကျွန်တော်ပြောချင်ပါတော့ သည်။       ။