ဒိန်းမတ်နိုင်ငံမှာ ဗီဇပြောင်း ဗိုင်းရပ်စ်မျိုးကွဲအသစ် ကူးစက်ခံရသူတွေ ရှိနေတဲ့အတွက် နေအိမ်မှာပဲနေရန် တိုက်တွန်းနေ

၆ ဇန်နဝါရီ

 

 

ဒိန်းမတ်နိုင်ငံမှာ ဗြိတိန်နိုင်ငံတွင် တွေ့ရှိခဲ့တဲ့ ဗီဇပြောင်း ဗိုင်းရပ်စ်မျိုးကွဲအသစ် ကူးစက်ခံရသူတွေ ရှိနေတဲ့အတွက် ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မှု ထိန်းချုပ်ရန် စည်းမျဉ်းစည်းကမ်းတွေကို တင်းကျပ်လိုက်ပြီး နေအိမ်မှာဘဲနေရန် တိုက်တွန်းထားကြောင်း တာဝန်ရှိသူတွေက အင်္ဂါနေ့မှာ ပြောကြားပါတယ်။

 

 

ဒီဇင်ဘာလလယ်ကစပြီး နိုင်ငံမှာ သွားလာမှုတွေကို အကန့်အသတ်အချို့ (partial lockdown) ပြဋ္ဌာန်းခဲ့ပါတယ်။ ကိုပင်ဟေဂင်မြို့မှာ အရင်က လူ ၁၀ ဦးအထိ စုဝေးခွင့်ရှိနေရာကနေ   ၅ ဦးထက်ပိုပြီး စုဝေးခွင့် မရှိကြောင်း၊ တစ်ဦးနဲ့တစ်ဦး ၃ ပေ အကွာကနေ ၆ ပေ အကွာမှာနေရန် ပြောင်းလဲသတ်မှတ်လိုက်ပါတယ်။

 

 

အဲဒီစည်းမျဉ်းတွေဟာ ဒီနေ့(ဗုဒ္ဓဟူးနေ့) မှာ အသက်ဝင်မယ်လို့ သိရပါတယ်။

 

 

ဝန်ကြီးချုပ်က လူထုအား နေအိမ်တွေမှာ တတ်နိုင်သလောက် နေရန်နဲ့ မိသားစုဝင် မဟုတ်သူတွေနဲ့ မတွေ့သင့်ကြောင်း၊ အိမ်အပြင် ထွက်မယ်ဆိုရင် နှစ်ခါလောက် စဉ်းစားပြီးမှ ထွက်သင့်ကြောင်း နိုင်ငံသားတွကို အကြံပြုထားပါတယ်။

 

 

နေအိမ်ကနေ အလုပ်လုပ်ရန်၊ ကျောင်းတွေ၊ စားသောက်ဆိုင်တွေ၊ ဘားတွေနဲ့ ဆိုင် အများစုအား ဇန်နဝါရီ ၁၇ ရက်နေ့အထိ ဆက်လက်ပိတ်ထားရန် ညွှန်ကြားထားကြောင်း သိရပါတယ်။

 

 

ဗြိတိန်နိုင်ငံတွင် တွေ့ရှိခဲ့တဲ့ ဗီဇပြောင်း ဗိုင်းရပ်စ်မျိုးကွဲ အသစ်ကူးစက်ခံရသူ ၈၆ ဦးရှိကြောင်း ထုတ်ပြန်ကြေညာထားပါတယ်။

 

 

လူဦးရေ ၅.၈ သန်း နေထိုင်တဲ့ ဒိန်းမတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၁၇၃,၀၀၀ နီးပါးရှိပြီး သေဆုံးသူ ၁,၄၂၀ ဦးရှိကြောင်း သိရပါတယ်။

 

 

ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး ကာကွယ်ဆေး ထိုးနှံရေး အစီစဉ်ကို ဒီဇင်ဘာ ၂၇ ရက်နေ့က စတင်ခဲ့ရာ အခုချိန်အထိ လူပေါင်း ၅၁,၅၁၂ ဦးအား ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးပြီးကြောင်း သိရပါတယ်။

 

 

MDN

ကိုးကား - AFP

mdn