ဒီမိုကရေစီနှင့် အလေ့အကျင့်

ဒီမိုကရေစီရရှိရေး တို့အရေး... ဟူသော ဘဝဂ်ညံသည့် ပြည်သူလူထုကြီး၏ ကြွေးကြော်သံသည် ၁၉၈၈ ဒီမိုကရေစီ ပြည်သူ့အရေးတော်ပုံကြီးကာလ မြန်မာနိုင်ငံသူ နိုင်ငံသားတို့၏ အသည်းထဲက ဖွင့်ထုတ်လိုက်သောအသံ ဖြစ်ပါသည်။ အနှစ်သုံးဆယ်ကျော်ကြာ၊ သည်နေ့အထိ ပြည်သူတို့ ကြေးကြော်ခဲ့သည့် ဒီမိုကရေစီ လိုလားတောင့်တမှုဆန္ဒက မပြည့်ဝ သေးသည်ကား အမှန်ပင်ဖြစ်ပါ၏။

၁၉၆၂ တော်လှန်ရေးကောင်စီ အာဏာသိမ်းပြီးသည်၏ နောက်တွင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဆိုသည်တို့ တဖြည်းဖြည်းချင်း ကင်းမဲ့လာခဲ့ရာ နောက်ဆုံးတွင် ဒီမိုကရေစီ အမှောင်ခေတ်ထဲသို့ လုံးဝကျရောက်သွားခဲ့ရသည်တွင် ပြည်သူတို့ မခံမရပ်နိုင်သည့် အဆုံး ၈၈၈၈ ဒီမိုကရေစီ အရေးတော်ပုံကြီး ပေါ်ပေါက်ခဲ့ရခြင်း ဖြစ်ပါသည်။

ဒီမိုကရေစီဟူသည်၊ နိုင်ငံသားတစ်ဦးချင်းစီနှင့် မိမိတို့ လူ့အဖွဲ့အစည်း၏ အခွင့်အရေးများကို ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ဥပဒေနှင့် စည်းမျဉ်းစည်းကမ်းများအရ အကာအကွယ်ပေးထားသည့် စနစ်ဖြစ်၏။

ဥပဒေစိုးမိုးရေးသည် ဒီမိုကရေစီကို ထိန်းသိမ်းစောင့်ရှောက်ရေး၏ အဓိကအင်အားဖြစ်၏။ နိုင်ငံသားတိုင်း၏ အခြေခံ အခွင့်အရေးနှင့် လွတ်လပ်ခွင့်ကို ဥပဒေစိုးမိုးမှုက ကာကွယ်စောင့်ရှောက်ပေး၏။ ထို့ကြောင့် ဥပဒေစိုးမိုးရေးက အလွန်အရေးကြီး၏။ ဥပဒေစိုးမိုးမှု၏အောက်တွင် လူတိုင်းတန်းတူဖြစ်ရ၏။ ဥပဒေ၏ အထက်တွင် မည်သူမျှမရှိရ။

ဒီမိုကရေစီတွင် လူတစ်ဦးစီ၏ အခြေခံအခွင့်အရေးမှာ လူတစ်ယောက် ဖြစ်တည်လာသည်နှင့် ရရှိထိုက်သည့် မွေးရာပါ လူ့အခွင့်အရေးဟုဆိုရမည့် အသက်ရှင်သန်ခွင့်၊ လွတ်လပ်စွာပြောဆို ဖော်ထုတ်ခွင့်၊ တန်းတူညီမျှခွင့်၊ တရားဥပဒေအရ တန်းတူခံစားခွင့် အစရှိသည်တို့ဖြစ်ပြီး ဒီမိုကရေစီ၏ အမြင့်မားဆုံး အခွင့်အရေးမှာ ပြည်သူလူထုက နိုင်ငံ၏ အချုပ်အခြာအာဏာကို ပိုင်စိုးရခြင်း ဖြစ်ပါသည်။ မိမိကိုယ်တိုင်အပါအဝင် ပြည်သူထဲကသူများကို ပြည်သူ့ ကိုယ်စားလှယ်များအဖြစ် ရွေးချယ်သတ်မှတ်ပေးခွင့်ရှိပြီး ဥပဒေပြုရေး၊ တရားစီရင်ရေးနှင့် အုပ်ချုပ်ရေးအာဏာတို့ကို တာဝန် ပေးအပ်ပိုင်ခွင့် ရှိခြင်းတည်း။

ဤသို့ ခွဲဝေတာဝန်ပေးအပ်နိုင်ရန် အလို့ငှာ လိုအပ်သော ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ၊ ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းတို့ကို ပြည်သူတို့ကိုယ်တိုင် ရေးဆွဲခွင့်၊ ပြင်ဆင်ခွင့်၊ သတ်မှတ်ပြဋ္ဌာန်းခွင့်တို့ကလည်း ပြည်သူလူထုကသာလျှင် နိုင်ငံ၏ အချုပ်အခြာအာဏာကို ပိုင်သည်ဟူသည့် အနှစ်သာရကို ဖော်ပြခြင်း ဖြစ်ပါသည်။

သည်လို အခွင့်အရေးများကို ပြည်သူတို့အနေဖြင့် လုပ်ပိုင်ခွင့် ရပိုင်ခွင့်ရှိသည်နှင့်အညီ အဆိုပါ ဥပဒေ စည်းကမ်းများကို လိုက်နာကြရန် တာဝန်လည်းရှိ၏။ ဤသည်ပင် ဒီမိုကရေစီကျင့်စဉ် ဖြစ်ပါသည်။

ဒီမိုကရေစီဆိုသည်က စနစ်နှင့် အလေ့အကျင့်ပေါ် မူတည်ပါ၏။ နိုင်ငံသားတိုင်းက ဥပဒေအတိုင်း လိုက်နာခြင်း၊ ဥပဒေနှင့်အညီ မိမိအခွင့်အရေးကို သိနားလည်ခြင်း စသည့်အလေ့အကျင့်တို့က ဒီမိုကရေစီ ခိုင်မာမြဲမြံ အခြေကျစေခြင်း၏ အကြောင်းရင်းတည်း။ ဒီမိုကရေစီ တိုးတက်မြင့်မားလာသည်ဆိုခြင်းက နိုင်ငံသားတိုင်း ဒီမိုကရေစီ အလေ့အကျင့်ကို လိုက်နာကျင့်သုံးခြင်းတည်း။ ဥပဒေနှင့်မညီသည့် မည်သို့သော မတရားမှုများကို မဆိုခေါင်းငုံ့မခံခြင်း၊ ဥပဒေကို ကျော်လွန်လုပ်ဆောင်နေသော မည်သည့် မတရားသူများကိုမှ နေရာမပေးခြင်း၊ မိမိတို့ကိုယ်တိုင်ကလည်း ဥပဒေစည်းမျဉ်းများ နှင့်အညီ လိုက်နာနေထိုင်ခြင်းတို့ဖြင့် ဒီမိုကရေစီ တိုးတက်မြင့်မားလာမည် ဖြစ်ပါသည်။

ဥပဒေနှင့်အညီ တရားမျှတစွာနေထိုင်ရင်း ဥပဒေနှင့်မညီသည့်မတရားမှုများကို ခေါင်းငုံ့မခံခြင်းသည်ပင် ပြည်သူ့အခွင့်အရေးနှင့် ပြည်သူ့တာဝန်ဟု ဆိုရပါမည်။

ပြည်သူလူထုကို အထက်ပါအတိုင်း လိုက်နာကျင့်ကြံနိုင်ရန်မှာ ပြည်သူ့ကိုယ်စားပြု ပြည်သူ့ကိုယ်စားလှယ်များ၏ တာဝန်ကား အရေးကြီးဆုံး၊ထို့နောက် အုပ်ချုပ်ရေးမဏ္ဍိုင်၊ ဥပဒေပြုရေးမဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင်၊ သတင်းမီဒီယာဟူသည့် စတုတ္ထမဏ္ဍိုင်တို့၏ အခန်းကဏ္ဍများက အရေးပါဆုံးဖြစ်နေမည်ဟု ယူဆပါသည်။ ပြည်သူတို့ အသိ၊ နားလည်မှုများ တိုးပွားလာရန် ပညာပေးရေးသည် လည်းကောင်း၊ သိနားလည်မှုအတိုင်း ကြံဆောင်လိုက်နာကျင့်ကြံရန် နှိုးဆော် တိုက်တွန်းအားပေးမှုများသည် လည်းကောင်း၊ ဥပဒေနှင့် မညီညွတ်မှုများကို ဥပဒေနှင့်အညီ ဝေဖန်ထောက်ပြခြင်း၊ အရေးယူတန်ယူ အပြစ်ပေးတန်ပေးခြင်းတို့သည် လည်းကောင်း ဒီမိုကရေစီကို ခိုင်မာတိုးတက်မြင့်မားအောင် အုတ်မြစ်ချ တည်ဆောက်ခြင်းဟု ထင်မြင်ကြောင်း ဖော်ပြလိုက်ရပါသတည်း။    ။
(မြန်မာ့အလင်း)