ဒီမိုကရေစီ၏ အခြေခံအခွင့်အရေး

“တိုင်းရင်းသားပြည်သူများအပေါ် ခွဲခြားဆက်ဆံခြင်းမရှိဘဲ ဘက်လိုက်မှုကင်းပြီး ဥပဒေနှင့်အညီ တရားမျှတသော စီမံဆောင်ရွက်မှု၊ စီမံခန့်ခွဲမှုမျိုးကို လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း၊ ယင်းမှာ ဒီမိုကရေစီ၏ အခြေခံအခွင့် အရေးဖြစ်ပါကြောင်း” ဖေဖော်ဝါရီလ ၇ ရက်နေ့က တောင်ကြီးမြို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ရုံးတွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိ မြို့ဖများနှင့်တွေ့ဆုံပွဲ၌ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြောကြားခဲ့သည်။

 

နိုင်ငံတော်သမ္မတသည် အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး မဏ္ဍိုင်ကြီး (၃) ရပ်တွင် တာဝန်ထမ်းဆောင်နေကြသည့် သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများအား နိုင်ငံတော်၏မူဝါဒအား တိတိကျကျ မှန်မှန်ကန်ကန် အကောင်အထည် ဖော်ပေးနိုင်စေရန်၊ တိုင်းရင်းသား ပြည်သူများ၏ အခက်အခဲများကို ဦးစားပေး ဖြေရှင်းဆောင်ရွက် ပေးနိုင်စေရန် ယင်းသို့ အသိပေးပြောကြားခဲ့ခြင်းဖြစ်သည်။ " အမျိုးသား ခေါင်းဆောင်ကြီးများ၊ တိုင်းရင်းသား ခေါင်းဆောင်ကြီး များနှင့် တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးသည် စည်းလုံးညီညွတ်မှုကို အခိုင်အမာ စိုက်ထူ၍ တောင်တန်း၊ မြေပြန့်မခွဲခြားဘဲ ဒီမိုကရေစီ အခွင့်အရေးများစေရန် ပင်လုံစာချုပ်ကို ချုပ်ဆိုခဲ့သည်။ ထိုအခွင့်အရေး မျှော်လင့်ချက်များ နှင့် တိုင်းရင်းသား သွေးစည်းညီညွတ်မှုကို ပြသနိုင်ခဲ့သဖြင့် တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ညီမျှခြင်းတည်းဟူသော သန္နိဋ္ဌာန်ကိုစိုက်ထူကာ လွတ်လပ် ရေးကို အရယူနိုင်ခဲ့သည်။

 

ကျွန်ုပ်တို့သည် တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို ခိုင်မာအောင် တည်ဆောက်ရာ၌၊ လွတ်လပ်ရေးကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရာ၌ လွတ်လပ်ရေး၏ အနှစ်သာရများဖြစ်သော လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ ညီမျှခြင်း စသည်တို့ပါဝင်သည့် ဒီမိုကရေစီစနစ်ကို ဖော်ဆောင်ကြရမည် ဖြစ်သည်။ နိုင်ငံတော်အစိုးရအနေဖြင့် ဒီမိုကရေစီနိုင်ငံတော်ကို တည်ဆောက်မည်ဟု မူဝါဒများချ မှတ်ဆောင်ရွက်လျက်ရှိသည်။ တိုင်းရင်းသားပြည်သူ အားလုံး အခွင့်အရေး တန်းတူညီမျှရရှိစေမည့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုနိုင်ငံတော် တည်ဆောက်မည်ဟုလည်း သန္နိဋ္ဌာန်ချမှတ်ထားသည်။

 

ဒီမိုကရေစီနိုင်ငံ တည်ဆောက်နိုင်မှလည်း ပြည်ထောင်စုဖွား တိုင်းရင်းသားပြည်သူအားလုံး တန်းတူညီမျှသည့် အခွင့်အရေးများ ရရှိကြမည်ဖြစ်သည်။ ဒီမိုကရေစီ အခွင့်အရေးရှိမှ လူ့အခွင့်အရေး ခံစားခွင့်များ ရရှိမည်ဖြစ်ပြီး တရားဥပဒေ စိုးမိုးမှုရှိမည်ဖြစ်သည်။ အကယ်၍ လူ့အခွင့်အရေး ချိုးဖောက် ခံရလျှင် ဒီမိုကရေစီအခွင့်အရေးများ ဆုံးရှုံးမည်ဖြစ်ပြီး တရားဥပဒေစိုးမိုးမှု ကင်းမဲ့လာမည်ဖြစ်သည်။ တစ်နည်းဆိုလျှင် တရားဥပဒေစိုးမိုးမှုမရှိပါက လူ့အခွင့်အရေး ချိုးဖောက်ခံရမည်ဖြစ်ပြီး ဒီမိုကရေစီ အခွင့်အရေးများလည်း ဆိတ်သုဉ်းသွားမည်ဖြစ်သည်။ ယင်းအချက် သုံးချက်သည် အပြန်အလှန် ချိတ်ဆက်နေသဖြင့် နိုင်ငံတော်သမ္မတက မဏ္ဍိုင်ကြီး (၃) ရပ်တွင် တာဝန် ထမ်းဆောင်နေကြသူများအား ယင်းအချက်များကို အထူးဂရုစိုက်ရန် အသိ ပေးခဲ့ခြင်းဖြစ်သည်။

 

တိုင်းရင်းသားပြည်သူများ၏ ရည်မှန်းချက်ပန်းတိုင်ဖြစ်သည့် ဒီမိုကရေစီနိုင်ငံ၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ရာတွင် မဏ္ဍိုင်ကြီး (၃) ရပ်တွင် ပါဝင်ထမ်းဆောင် နေကြသူများအနေဖြင့် တိုင်းပြည်ပြုပြင် ပြောင်းလဲရေး လုပ်ငန်းများအား မည်မျှပြုပြင် ပြောင်းလဲလုပ်ကိုင်နိုင်ကြသည်ကို ပြန်လည်ဆန်းစစ် သုံးသပ်ရန်လိုအပ်သည်။ တာဝန်ထမ်းဆောင်ရာတွင် တရားမျှတမှုရှိအောင် ဆောင်ရွက်ပေးနိုင်မှ၊ တရားမျှတသည့် လူ့အဖွဲ့အစည်းကို တည်ဆောက်နိုင်မှ ဒီမိုကရေစီ တည်တံ့ခိုင်မြဲမည်ဖြစ်သည်။ ဒီမိုကရေစီ တည်တံ့ခိုင်မြဲ အားကောင်းခိုင်မာမှ တိုင်းရင်းသားပြည်သူအားလုံး မျှော်လင့်သည့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်နိုင်မည်ဖြစ်သည်။

 

သို့ဖြစ်ရာ တိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံး၏ မျှော်လင့်ချက်ဖြစ်သော ဒီမိုကရေစီ အခြေခံအခွင့်အရေးများ အပြည့်အဝရှိသည့် ဖက်ဒရယ် ပြည်ထောင်စုကြီးကို တည်ဆောက်နိုင်ရန် ခိုင်မာသည့် ယုံကြည်ချက်၊ ခံယူချက်များ ထားရှိကြမည်ဆိုလျှင် ငြိမ်းချမ်းရေး ရရှိမည်ဖြစ်ပြီး ငြိမ်းချမ်းရေး ရရှိလျှင် ပြည်ထောင်စုကြီး တစ်ခုလုံး ဖွံ့ဖြိုးအောင်၊ ခေတ်မီတိုးတက်အောင် ဆောင်ရွက်နိုင်မည်ဖြစ်၍ အားလုံးတက်ညီလက်ညီ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ဝိုင်းဝန်းလက်တွဲ ဆောင်ရွက်သွားကြပါရန် တိုက်တွန်းအပ်ပါသည်။ ။

 

ကြေးမုံ