ဒီမိုကရေစီအနှစ်သာရ တဒင်္ဂကင်းမဲ့ခဲ့ခြင်း

မေလဲ့သင်း

ဇန်နဝါရီ ၆ ရက်မှာ အမေရိကန်နိုင်ငံရဲ့ အစဉ် အလာအတိုင်း ရွေးကောက်ပွဲပြီး နှစ်လ အကြာပြုလုပ်လေ့ရှိတဲ့ လုပ်ငန်းစဉ်တစ်ရပ် ဖြစ်တဲ့ သမ္မတရွေးကောက်တင်မြှောက်ရေး အဖွဲ့ (Electoral College)က ပေးတဲ့မဲအရေ အတွက် ( Electoral Vote)ကို အမေရိကန် လွှတ်တော်က အတည်ပြုမှုလုပ်ငန်းစဉ် ဆောင်ရွက်နေစဉ်မှာ သမ္မတထရမ့်ကို ထောက်ခံသူတွေက လွှတ်တော်တွင်းသို့ ဝင်ရောက်စီးနင်းမှုဖြစ်စဉ်ဖြစ်ပွားခဲ့ပါတယ်။

သူတို့က လွှတ်တော်ထဲဝင်လာပြီး ခုံတွေ ကို ရိုက်ချိုးဖျက်ဆီးတာ၊ သေနတ်တွေကိုင်ပြီး ခြိမ်းခြောက်ခဲ့တာကြောင့် အထက်လွှတ်တော် နဲ့ အောက်လွှတ်တော်နှစ်ရပ်လုံးရဲ့ ဥပဒေပြု အမတ်တွေ ထွက်ပြေးခဲ့ကြရပါတယ်။ 

ဥပဒေပြုအမတ်တွေထဲမှာ ဒုတိယ သမ္မတလည်းဖြစ်အထက်လွှတ်တော်နာယက အဖြစ်လည်း ပူးတွဲတာဝန်ယူထားတဲ့ မိုက်ပန့်စ်နဲ့ အောက်လွှတ်တော်ဥက္ကဋ္ဌဖြစ်တဲ့ ဒီမိုကရက်ပါတီဝင် နန်စီပလိုစီတို့လည်း ပါဝင်ပါတယ်။ ဒီလို အကြမ်းဖက်စီးနင်းမှုကို အင်အားသုံးနှိမ်နင်းခဲ့ရပြီး လေးဦးသေဆုံးကာ ၅၂ ဦးကို ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

နန်စီပလိုစီကတော့ လွှတ်တော်ထဲကို ညအချိန်မှာ ပြန်လည်နေရာယူပြီး ရွေးကောက်ပွဲရလဒ်အတည်ပြုရေးကို သတ္တိ ရှိရှိ ဆက်လက်လုပ်ဆောင်ခဲ့တာကို တွေ့ရပါတယ်။

ထရမ့်ရဲ့ လိုလားချက် သမ္မတထရမ့်ဟာ အဲဒီနေ့အစောပိုင်း ပြောကြားခဲ့တဲ့ မိန့်ခွန်းမှာ သူ့ကိုထောက်ခံ သူတွေကို လွှတ်တော်အဆောက်အအုံထဲ ချီတက်ဖို့ တောင်းဆိုခဲ့တဲ့ အချက်ပါဝင်ပါ တယ်။ သမ္မတထရမ့်အနေနဲ့ ရွေးကောက်ပွဲ ရလဒ်ကို လက်မခံလိုဘဲ ပြောင်းလဲဖို့ ကြိုးစား ရင်းကနေ ဒီမိုကရေစီရဲ့ ပြယုဂ်ဖြစ်တဲ့  အမေရိကန်နိုင်ငံရေးကို အရုပ်ဆိုးအကျည်း တန်စေခဲ့တာဖြစ်ပါတယ်။

တကယ်တော့ ဒီဖြစ်စဉ်ဟာ ရွေးကောက်ပွဲ အတွင်း မဲမသမာမှုအကြီးအကျယ်ဖြစ်ခဲ့ကြောင်းသမ္မတထရမ့်ရဲ့ အခြေအမြစ်မဲ့ စွပ်စွဲမှုတွေ ကနေ မြစ်ဖျားခံခဲ့တာပါ။ ရွေးကောက်ပွဲရလဒ်တွေ ထွက်ပေါ်လာပြီးကတည်းက သမ္မတထရမ့်ဟာ လူမှုကွန်ရက်ကတစ်ဆင့် အမေရိကန် ပြည်သူတွေနဲ့ ဆက်သွယ်ရာမှာ နေ့စဉ် ရက်ဆက်ဆိုသလို မဲမသမာမှုတွေနဲ့ ရွေးကောက်ပွဲအတွင်း အဂတိလိုက်စားမှုရှိခဲ့ကြောင်းကိုသာ တွင်တွင်ပြောကြားခဲ့တာပါ။ ဒီလိုရေးသားမှုနဲ့ ပြောကြားခဲ့တဲ့ မိန့်ခွန်းတွေ ကပဲ သူ့ကိုထောက်ခံတဲ့ အစွန်းရောက်တွေကို ဒီလို လုပ်ရပ်မျိုး ဖော်ဆောင်ဖို့ တွန်းအားပေးခဲ့ တယ်လို့ သတ်မှတ်ရမှာဖြစ်ပါတယ်။

ဒီလိုဖြစ်စဉ်ဖြစ်ပွားပြီး နာရီပိုင်းအကြာ မှာပဲ သမ္မတထရမ့်က ဆန့်ကျင်သူများကို လေးစားကြောင်းနဲ့ သူတို့ရဲ့ နာကျင်မှုကို သဘောပေါက်ကြောင်း ပြောကြားထားတဲ့ ဗီဒီယိုကို လူမှုကွန်ရက်မှာ တင်ခဲ့ပါသေးတယ်။ အဲဒီနောက်တော့ လူမှုကွန်ရက်တွေက သမ္မတ ထရမ့်ရဲ့ စာမျက်နှာကို ယာယီပိတ်ပစ်ခဲ့ကြောင်း ကြေညာခဲ့ပါတယ်။

ရာထူးကဖယ်ရှားရေး ဆွေးနွေး အဲဒီဖြစ်စဉ်ကြောင့် သမ္မတထရမ့်ရဲ့ အစိုးရ အဖွဲ့ဝင်တွေက ထရမ့်ကို ရာထူးမှဖယ်ရှားဖို့ အထိတောင် ဆွေးနွေးခဲ့တယ်လို့ အမေရိကန် သတင်းမီဒီယာသုံးခုက ဖော်ပြခဲ့ပါတယ်။ (၂၅)ကြိမ်မြောက် ပြင်ဆင်ခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ သမ္မတတစ်ဦးအနေနဲ့ လက်ရှိတာဝန်တွေကို လုံလောက်စွာ ထမ်းဆောင် နိုင်ခြင်းမရှိရင် ဒုတိယသမ္မတနဲ့ အစိုးရအဖွဲ့ဝင် များအနေနဲ့ သမ္မတကို လက်ရှိရာထူးကနေ ဖယ်ရှားဖို့ ခွင့်ပြုထားပါတယ်။

ရီပတ်ဘလီကန်ခေါင်းဆောင်တွေက သမ္မတက ရွေးကောက်ပွဲအရှုံးရလဒ်ကို လက်ခံဖို့ ခက်ခဲနေသလို မိမိကိုယ်မိမိ ထိန်းချုပ်နိုင်မှု ကင်းမဲ့နေတယ်လို့ပြောကြား ခဲ့ကြောင်း စီအင်န်အင်န်သတင်းဌာနက ဖော်ပြ ပါတယ်။ အမေရိကန်ဥပဒေပြုအမတ်တွေ ကလည်း သမ္မတထရမ့်ရဲ့ လက်ရှိအနေအထား က လက်ကျန်သက်တမ်း ရက်သတ္တ နှစ်ပတ်တောင်မပြည့်တော့ပေမယ့် တာဝန် ထမ်းဆောင်ဖို့ လုံလောက်မှုမရှိဘဲ ထရမ့်ကို မဖယ်ရှားရင် သမ္မတရဲ့အာဏာက နိုင်ငံတော် လုံခြုံရေးနဲ့ အများပြည်သူကို ခြိမ်းခြောက်ဖို့ ခွင့်ပြုသလိုဖြစ် လာလိမ့်မယ်လို့ သတိပေး ထားပါတယ်။

ဒါပေမယ့် ထရမ့်ကို သမ္မတ ရာထူးကနေ ဖယ်ရှားနိုင်ဖို့ဆိုရင် မိုက်ပန့်စ်ရဲ့ မဲပေးမှုနဲ့ ဦးဆောင်မှု လိုအပ်မှာဖြစ်ပါတယ်။ ထရမ့်အပေါ် သစ္စာစောင့်သိတဲ့ မိုက်ပန့်စ် အနေနဲ့ ထရမ့်ကိုဖယ်ရှားရေး ဆန္ဒရှိမှာတော့ မဟုတ်ပါဘူး။
 
မိုက်ပန့်စ်ကတော့သူ့အနေနဲ့ ကျမ်းသစ္စာ ကျိန်ဆိုထားတဲ့အတိုင်း ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ကာကွယ်သွားမှာဖြစ်ပြီး ရွေးကောက်ပွဲမှာ ဘိုင်ဒင်နဲ့ ကမ်မလာဟားရစ် တို့ အနိုင်ရကြောင်း ကြေညာပေးခဲ့ပါတယ်။ ဒါပေမယ့် နောက်တက်လာမယ့် ဘိုင်ဒင် အစိုးရကို ဂုဏ်ပြုစကားပြောကြားခဲ့ခြင်း တော့ မရှိပါဘူး။

ရွေးကောက်ပွဲရလဒ်ကို ဥပဒေပြု လွှတ်တော်က အတည်ပြုပြီးနောက် သမ္မတ ထရမ့်က သူ့အနေနဲ့ ရွေးကောက်ပွဲရလဒ်ကို သဘောမတူပေမယ့် အာဏာလွှဲပြောင်းရေး လုပ်ငန်းစဉ်ကိုတော့ အစဉ်အလာအတိုင်းဆောင်ရွက်မှာဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။

 နိုင်ငံတကာအသိုင်းအဝိုင်းကလည်း ဒီဖြစ်စဉ်အတွက် ဝမ်းနည်းစကားဆိုခဲ့သလို အမေရိကန်ရဲ့ နိုင်ငံရေးသမိုင်းမှာ အမဲစက်စွန်းခဲ့ပြီဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ကိုးကား - အေအဖ်ပီ၊  ဘီဘီစီ