ဒီးမောဆိုမြို့နယ်၌ ဝက်များ ဆာကိုဗိုင်းရပ်စ်(ဝက်အားနည်း)ရောဂါ ဖြစ်ပွား

နေပြည်တော် ၂၃  ဩဂုတ်

ကယားပြည်နယ်၊ ဒီးမောဆိုမြို့နယ်၊ သေးဆူလဲရွာသစ်ကျေးရွာ၌ ဩဂုတ် ၂၂ ရက်နေ့ နံနက် ၉ နာရီအချိန်က ဝက်များသေဆုံးနေကြောင်း သတင်းအရ မြို့နယ်တိရစ္ဆာန်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်နော်ရီစေးဘာ ဦးစီးသည့် ပူးပေါင်းအဖွဲ့က ကွင်းဆင်းကြည့်ရှု စစ်ဆေးရာ အဆိုပါကျေးရွာတွင် တစ်ပိုင်တစ်နိုင်မွေးမြူထားသည့် ဝက်ကောင်ရေ ၂၁၀ ခန့် ရှိသည့်အနက် ဩဂုတ်လ ၈ ရက်နေ့မှ ၂၁ ရက်နေ့အထိ ဝက်ကောင်ရေ ၃၅ ကောင် သေဆုံးခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့ရကြောင်း သိရသည်။

 

ဝက်များ သေဆုံးရခြင်းမှာ ဆာကိုဗိုင်းရပ်စ်(ဝက်အားနည်း)ရောဂါဖြင့် သေဆုံးရခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ကျေးရွာရှိ ဝက်ခြံ ၁၁၄ ခြံအား ပိုးသတ်ဆေးဖျန်းခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရဲပြန်ကြားမှ သတင်းရရှိသည်။

(သတင်းစဉ်)