ဒီးမော့ဆို၊ ဖောင်းပြင်၊ တာချီလိတ်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော်  ၂၃  မေ 

မူးယစ်တပ်ဖွဲ့စု(၂၀)လွိုင်ကော်မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မေ ၂၂ ရက် မွန်းလွဲ ၁နာရီက  ဒီးမော့ဆိုမြို့နယ်၊ ဒီးမော့ဆို-တောင်ငူသွားကားလမ်းတွင် ကားမောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,ဝ၀ဝ သိမ်းဆည်း ရမိခဲ့သည်။

အလားတူ မေ ၂၁ ရက် မွန်းလွဲ ၃ နာရီက ဖောင်းပြင်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖောင်းပြင်မြို့နယ်၊ ရောင်းဟီးကျေးရွာအဝင်လမ်းပေါ်တွင် သတင်းအရ စောင့်ဆိုင်းနေစဉ် HARRIER ခဲရောင်မော်တော်ယာဉ်ကို စစ်ဆေးရန်ရပ်တန့်ခိုင်းစဉ် မောင်းနှင်ထွက်ပြေးသွားသဖြင့် လိုက်လံရှာဖွေရာ ည ၇ နာရီက ဖောင်းပြင်မြို့နယ်၊ ရောင်းဟီးကျေးရွာ အရှေ့ဘက်တောလမ်းတွင် ယာဉ်ကိုတွေ့ရှိပြီး ရှာဖွေရာ ဆပ်ပြာခွက် ၆၆၀ ခွက်ဖြင့်ထည့်ထားသည့် ဘိန်းဖြူ ၅ ဒသမ ၉၄ ကီလို သိမ်းဆည်းရမိခဲ့သည်။

ထို့အတူ မေ ၂၂ ရက် နံနက် ၁၁ နာရီက မူးယစ်တပ်ဖွဲ့စု(၃၀)မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမပေါ်တွင် ထိုင်းနိုင်ငံသား Amnart chok Chon(ခ) စိုင်းဝန်း မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေး ၈၃၉ ပြား၊ BERETTA စာတန်းပါ အီတလီနိုင်ငံထုတ် ၉ မမ ပစ္စတို ၁ လက်၊ ၎င်းကျည် ၂၉ တောင့်၊ ၎င်းကျည်အိမ် ၂ ခုနှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့ပြီး အလားတူ တာချီလိတ်မြို့၊ ဆန်ဆိုင်းရပ်ကွက်(ခ)၊ မြို့ပတ်လမ်း၊ အမှတ်(၁၀/၃)ရှိ မိုးငင်းလမ်းဟောင်းတွင် မော်တော်ဆိုင်ကယ် ၂ စီးဖြင့် ရောက်ရှိလာသူ အာဗေလ၊ ကျလောနှင့် ဝေချာတို့ ၃ ဦးအား ရပ်တန့် ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄၀,ဝ၀ဝ နှင့် လက်ကိုင်ဖုန်း ၃ လုံးတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း ရဲပြန်ကြားမှ သိရသည်။

MDN