ဒီကုထုံးပေါ်လာတာက မေ့ဆေးပေးတဲ့ဒဏ် မခံနိုင်တဲ့ နှလုံးရောဂါအပြင် အခြားရောဂါတွေပါ တွဲရှိနေတဲ့ သူတွေအတွက် မခွဲမစိတ်ဘဲနဲ့ ကုသဖို့ ကုထုံးအသစ်တွေ ပေါ်လာတဲ့နည်းပညာပါ

နေပြည်တော် ၁၅ ဖေဖော်ဝါရီ

 

ဒေါက်တာကျော်စိုးဝင်း

ပါမောက္ခ၊ နှလုံးအထူးကုဆရာဝန်ကြီး၊ နှလုံးရောဂါအထူးကုဌာန

မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး

 

အရင်ကုထုံးက မေ့ဆေးပေးတယ်၊ နံရိုးချိုးတယ်၊ နှလုံးကို ရပ်လိုက်တယ်။ နှလုံးကိုခွဲပြီးတော့ မကောင်းတဲ့ အဆို့ရှင်ကို ထုတ်တယ်။ ပြီးတော့ကောင်းတဲ့ အဆို့ရှင် ပြန်ထည့်တယ်။ လူနာကမေ့ဆေးရဲ့ဆိုးကျိုး၊ ခွဲစိတ်မှုဆိုးကျိုး ခံရနိုင်တယ်။ နှလုံးကို ရပ်ထားပြီး နှလုံးအတုစက်နဲ့ လည်ပတ်နေစဉ် ကာလအတွင်းမှာ ခွဲစိတ်မှုကာလအတွင်းမှာ ဆိုးကျိုးတွေရလာနိုင်ပြီး တစ်ခုလုံးရဲ့ Procedure တွေနဲ့လုပ်တော့ ခြောက်နာရီ ကျော်ကြာတယ်။ ဒီရောဂါအဖြစ်များတာကလည်း အသက်ကြီးတဲ့သူတွေမှာ အဖြစ်များတယ်။ အဲဒီဟာကို ကုသဖို့က တချို့လူနာတွေက အသက်ကြီးသူ၊ ဝတဲ့သူ၊ ဆေးလိပ်အများကြီးသောက်လို့ အဆုတ်ပွနေသူတွေက မေ့ဆေးပေးလို့ မရဘူး။ အဲဒီလို လူတွေက ပုံမှန်နည်းနဲ့ကုလို့ မရတော့ဘူး။ ဒီဝေဒနာနဲ့ အသက်ဆုံးရှုံးရတယ်။

 

အဓိက ဒီကုထုံးပေါ်လာတာက မေ့ဆေးပေးတဲ့ဒဏ် မခံနိုင်တဲ့ နှလုံးရောဂါအပြင် အခြားရောဂါတွေပါ တွဲရှိနေတဲ့ သူတွေအတွက် မခွဲမစိတ်ဘဲနဲ့ ကုသဖို့ ကုထုံးအသစ်တွေ ပေါ်လာတဲ့နည်းပညာပါ။ လူတိုင်းက သာမန်အသေးစားတောင် မခွဲစိတ်ချင်တော့ နှလုံးခွဲစိတ်တဲ့ အကြီးစားခွဲစိတ်မှု မလုပ်ချင်ကြဘူး။ နိုင်ငံခြားမှာတော့ ဒီကုထုံးကို ပြင်သစ်နိုင်ငံက နှလုံးခွဲစိတ်ကု ဆရာဝန်ကြီးက ၂၀ဝ၂ ခုနှစ်က စတင်ခဲ့ပါတယ်။ ဒါကို တွင်တွင်ကျယ်ကျယ် မလုပ်ခဲ့ကြဘူး။ ကြောက်ကြတယ်။ တွင်တွင်ကျယ်ကျယ် လုပ်တာက ၂၀ဝ၉ ခုနှစ်မှာ လုပ်ခဲ့ကြရာက ၂၀၁၇ ခုနှစ်မှာ လူတစ်သိန်းလောက်က မခွဲမစိတ်ဘဲနဲ့ ပေါင်ခြံကနေ နှလုံးအဆို့ရှင် လဲတဲ့ ကုထုံးနဲ့ လုပ်ခဲ့ကြပါတယ်။

 

အာရှတိုက်မှာ ဒီကုထုံးနဲ့ တစ်သောင်းလောက် လုပ်ခဲ့ကြပြီး အများဆုံး လုပ်တာကတော့ ဂျပန်နိုင်ငံကပါ။ ဒုတိယအများဆုံးလုပ်တာက စင်ကာပူပေါ့။ ဒီကုထုံးကို မြန်မာနိုင်ငံမှာလုပ်တဲ့ ရည်ရွယ်ချက်က အသက်ကြီးတဲ့သူတွေ၊ မေ့ဆေးဒဏ်၊ ခွဲစိတ်မှုဒဏ် မခံနိုင်တဲ့သူတွေအတွက် လုပ်ပေးချင်တာပါ။ ပြဿနာကတော့ ဒီပစ္စည်းက အမေရိကန်ဒေါ်လာ ၄၀ဝဝဝ တန်တော့ ဈေးသိပ်ကြီးပါတယ်။ ဒီပစ္စည်းတစ်ခုတင် မြန်မာငွေသိန်း ၅၀ဝ လောက်ပါ။

 

 

ကျန်တာက နိုင်ငံတော်ကဝယ်ပေးထားတဲ့ ပစ္စည်းတွေရှိသေးတယ်။ နိုင်ငံတော် ပံ့ပိုးမှု တန်ဖိုးက သိန်း ၈၀ ဝန်းကျင်ရှိပါတယ်။ နောက်ပြီးတော့ ပစ္စည်း ကိရိယာလိုတယ်။ နည်းပညာလိုတယ်။ ပုံမှန်လုပ်နေကျ နှလုံးသွေးကြောချဲ့ ဆရာဝန်တွေနဲ့ နှလုံးခွဲစိတ်ဆရာဝန်တွေ ပူးပေါင်းပြီး လုပ်ကြတယ်။ နှလုံးမေ့ဆေး ဆရာဝန်က လူနာကို မနာမကျင်အောင် လုပ်နေတဲ့အချိန်မှာ သွေးပေါင်တက်တာ ကျတာ၊ Procedure လုပ်ချိန်မှာ အနှောင့်အယှက်မဖြစ်အောင် ကူညီပေးတယ်။ အဲဒီ Team သုံးခုက တက်ညီလက်ညီ လုပ်ရတယ်။

 

ကျွန်တော်တို့ Team သုံးခုကလည်း အတွေ့အကြုံ မရှိခဲ့သေးဘူး။ ပထမ စင်ကာပူနိုင်ငံ နှလုံးဆရာဝန်နဲ့ နှလုံးခွဲစိတ်ဆရာဝန်နှစ်ဦးက ပထမဆုံးနည်းပညာတွေ ဆင့်ပွားသင်ပေးတယ်။ နှလုံးအဆို့ရှင် ပစ္စည်းကလည်း လိုသေးတယ်။ အမေရိကန်အခြေစိုက် Edward Life Sciences ကုမ္ပဏီက အဆို့ရှင် ၁၂ခု လှူပါတယ်။ စလုပ်တဲ့ နေ့ကလည်း ရုံးပိတ်ရက်ဖြစ်နေပြီး တိုက်တိုက်ဆိုင်ဆိုင် ပြည်ထောင်စုနေ့ (ဖေဖော်ဝါရီ ၁၂ ရက်) ဖြစ်နေသလို ကုသမှုကလည်း တစ်ဦးကောင်း တစ်ယောက်ကောင်း မဟုတ်ဘဲနဲ့ Unity လို့ ပြောရမယ့် ဌာန အားလုံး ညီညီညွတ်ညွတ်လုပ်မှ အောင်မြင်တဲ့ ကုထုံးကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့တာက စည်းလုံးညီညွတ်မှုကို ပြလိုက်တာလို့ စိတ်ထဲမှာ ခံစားရတယ်။ ဒီကုထုံးရဲ့ ကောင်းကျိုးက ခွဲစိတ်မှုဒဏ်မရှိဘူး။ မေ့ဆေးဒဏ်မရှိဘူး။ ခွဲစိတ်ပြီးနောက် ထထိုင်နိုင်ပြီး စားနိုင်ပါပြီ။

 

အရင်ကုထုံးက ခွဲစိတ်ရင် ခုနစ်နာရီလောက်ကြာမယ်။ နှစ်ရက်လောက် အိပ်ရာထဲမှာရှိမယ်။ အရည်လောက်ပဲ သောက်ရဦးမယ်။ လမ်းလျှောက်ဖို့က ရက်စောင့်ရဦးမယ်။ နှစ်လလောက်က နံရိုးချိုးထားတဲ့ဒဏ်ကြောင့် အလေးအပင် မ,မရဆိုတာမျိုးတွေရှိမယ်။ ခုလုပ်တဲ့ကုထုံးက ခွဲစိတ်ပြီး နှစ်ရက်လောက်ဆိုရင် လမ်းလျှောက်လို့ရပြီ။ ဆေးရုံက ဆင်းလို့ရနိုင်တဲ့ အခြေအနေပါ။ သွေးမခဲဆေး သောက်စရာ မလိုတော့ဘူး။ ဆိုးကျိုးကတော့ Tissue အဆို့ရှင် သက်တမ်းက ၁၀ နှစ်မှ ၁၅ နှစ် သက်တမ်းလောက်ပဲရှိတယ်။ ဒီသက်တမ်း ကျော်လာရင် လူနာက အရင်ရောဂါဝေဒနာတွေ ပြန်ခံစားရနိုင်တယ်။ ဒီကုထုံးကို မြန်မာနိုင်ငံမှာ အိမ်နီးချင်း နိုင်ငံတွေလို လုပ်နိုင်ပြီဆိုတာ ပြသခွင့်ရလိုက်တဲ့အတွက် ဂုဏ်ယူလို့ မဆုံးဘူး။

 

ဒေါက်တာကျော်စိုးဝင်းသည် မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး၌ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်က မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် အရေးပေါ် နှလုံးသွေးကြောပိတ် ရောဂါကို ဆေးသွင်းခြင်းမပြုဘဲ တိုက်ရိုက် သွေးကြောချဲ့ပြီး ဒေါက်ထည့်ကုသသည့် ကုထုံးအသစ်ဖြင့် အောင်မြင်မှုမှတ်တိုင် စိုက်ထူနိုင်ခဲ့သည်။ ယခု နှလုံးအဆို့ရှင် လဲလှယ်သည့်ကုထုံး (Transcuaneous Aortic Valve Implantation-TAVI)တွင် မြန်မာနိုင်ငံ၏ နှလုံးရောဂါဆေးကုသမှုသမိုင်း ဒုတိယအကြိမ်အဖြစ် မှတ်တိုင်သစ် စိုက်ထူနိုင်ခဲ့သည့် ကုထုံးသစ်တွင် ပါဝင်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

 

မင်းထက်အောင်(မန်းကိုယ်ပွား)