ဒီကနေ့ ထောက်ပြချင်တဲ့ အကြီးဆုံး စိန်ခေါ်မှုကတော့ နိုးနိုးကြားကြားနဲ့ ဆက်ထိန်းထားဖို့၊ မက်ခရို စီးပွားရေးနဲ့ ရုပ်ပိုင်းဆိုင်ရာ တည်ငြိမ်မှုကို ဆက်ထိန်းထားဖို့ လိုတယ်လို့ထင်ပါတယ်

နေပြည်တော် ၂၇ ဖေဖော်ဝါရီ

 

ဒီကနေ့ ထောက်ပြချင်တဲ့ အကြီးဆုံး စိန်ခေါ်မှုကတော့ နိုးနိုးကြားကြားနဲ့ ဆက်ထိန်းထားဖို့၊ မက်ခရို စီးပွားရေးနဲ့ ရုပ်ပိုင်းဆိုင်ရာ တည်ငြိမ်မှုကို ဆက်ထိန်းထားဖို့ လိုတယ်လို့ ထင်ပါတယ်။ မြင်သာတဲ့ တည်ငြိမ်မှုတွေ ရှိပါတယ်လို့ နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန-၂ တွင် ဖေဖော်ဝါရီ ၂၆ ရက်က ကျင်းပခဲ့သည့် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးမှုအကူအညီများ ထိရောက်မှုရှိစေရေး ဆွေးနွေးပွဲသို့ တက်ရောက်လာသော World Bank Regional Country Director (Myanmar, Cambodia and Lao PDR)မှ Ms. Ellen Goldstein အား တွေ့ဆုံမေးမြန်းစဉ် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

 

ဆွေးနွေးပွဲ ကျင်းပခြင်းနှင့် ပတ်သက်ပြီး Ms. Ellen Goldstein က “ဒီပွဲက မြန်မာနိုင်ငံနဲ့ မြန်မာ အစိုးရအတွက် အရေးကြီးတဲ့ ခြေလှမ်းတစ်ရပ် ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ နှစ်နှစ်၊ သုံးနှစ်နဲ့ ငါးနှစ်အတွင်းမှာ ရှင်းလင်းပြတ်သားတဲ့ ရည်မှန်းချက်တွေ ရှိလာတာကြောင့် ဖြစ်ပါတယ်။ တိကျတဲ့ ပန်းတိုင် မရှိရင် ရှေ့ဆက်ဖို့ အလွန်ခက်ပါတယ်။ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း ဆိုတာကလည်း အလွန်အရေးကြီးပါတယ်။ အခုဆိုရင် အစိုးရက ရှင်းလင်းပြတ်သားတဲ့ ရည်မှန်းချက်တွေ၊ ဦးတည်ချက်တွေ အောင်မြင်ဖို့ နိုင်ငံတွင်း စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ နိုင်ငံတကာ မိတ်ဖက်တွေဆီက အကြံဉာဏ် ရယူဆောင်ရွက် နေပါတယ်” ဟု ပြောကြားသည်။

 

မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်နှင့် ပတ်သက်ပြီး Ms. Ellen Goldstein က “ကမ္ဘာ့ဘဏ်က မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုအပေါ် အာရုံစိုက်နေပါတယ်။ ၂ဝ၁၁ မှာ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးတွေ စလုပ်ကတည်းက ဈေးကွက်စနစ် အမျိုးမျိုးမှာ ဖြေလျှော့မှုတွေ ပြုလုပ်ခဲ့ပြီး တော်တော်လေး တိုးတက်လာခဲ့တယ်လို့ မြင်ပါတယ်။ မြန်မာဟာ နှစ်စဉ် ကုန်သွယ်ရေးနဲ့ ပြည်ပတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု နှစ်ဆတိုးခဲ့ပြီး GDP ၇ ရာခိုင်နှုန်း ရှိလာတဲ့ နောက်ဆုံးနိုင်ငံ တစ်ခုလည်း ဖြစ်ပါတယ်။ ဆင်းရဲမွဲတေမှုမှာ ဈေးကွက်လျှော့ချမှုနဲ့ ငွေလုံးငွေရင်း ရငွေမှာ ထင်သာတဲ့ တိုးတက်မှုတွေ ရှိခဲ့ပါတယ်။ ဒါက ရင်းနှီးမြှုပ်နှံမှု ဖွံ့ဖြိုးတိုးတက်မှုအတွက် အလွန်အရေးပါတဲ့ အညွှန်းကိန်း တစ်ခုဖြစ်ပါတယ်။ ဒါကြောင့် စိန်ခေါ်မှုတွေ အများကြီးရှိတဲ့ ပြုပြင်ပြောင်းလဲရေး ကာလမှာ ဒီနေ့အချိန်အထိ တော်တော်လေး တိုးတက်မှုတွေ ရှိနေတယ်လို့ ကျွန်တော်တို့ မြင်ပါတယ်။

 

ဒီကနေ့ ထောက်ပြချင်တဲ့ အကြီးဆုံး စိန်ခေါ်မှုကတော့ နိုးနိုးကြားကြားနဲ့ ဆက်ထိန်းထားဖို့၊ မက်ခရို စီးပွားရေးနဲ့ ရုပ်ပိုင်းဆိုင်ရာ တည်ငြိမ်မှုကို ဆက်ထိန်းထားဖို့ လိုတယ်လို့ထင်ပါတယ်။ မြင်သာတဲ့ တည်ငြိမ်မှုတွေ ရှိပါတယ်။ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ဖို့ လယ်သမား တွေကအစ အားလုံး ပါဝင်မှုရှိတဲ့ ပတ်ဝန်းကျင် တစ်ရပ် ဖန်တီးဖို့၊ အရေးအကြီးဆုံးက ပုဂ္ဂလိကနဲ့ ဆက်စပ်နေတဲ့ ကဏ္ဍတွေကို ပြုပြင်ပြောင်းလဲဖို့ ဖြစ်ပါတယ်။ နောက်တစ်ခု တလေးတစား ထောက်ပြချင်တာက အခြေခံ အချက်တွေဖြစ်တဲ့ အခြေခံ အဆောက်အဦနဲ့ လျှပ်စစ်ဓာတ်အားလိုင်းတွေ ပိုချဲ့ဖို့၊ လမ်းပန်းဆက်သွယ်ရေး တိုးချဲ့တည်ဆောက်ဖို့ လိုအပ်နေသေးပါတယ်။

 

အရေးအကြီးဆုံးကတော့ မြန်မာနိုင်ငံ အနေနဲ့ ကြိုးပမ်းလျက်ရှိတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အားလုံးမှာ တည်ငြိမ်အေးချမ်းဖို့၊ ငြိမ်းချမ်းတဲ့ နိုင်ငံတော် တစ်ရပ်ဖြစ်အောင် ဘယ်လိုဖန်တီးမလဲ ဆိုတာပါပဲ။ ဖွံ့ဖြိုးတိုးတက်မှုက အလွန်အရေးကြီးပေမယ့် အခြေအနေက အလွန်ရှုပ်ထွေးပါတယ်။ တိုင်းဒေသကြီး၊ ပြည်နယ်တွေနဲ့ ဒေသအသီးသီးမှာရှိတဲ့ အဖွဲ့အစည်း တွေအကြား ပြေလည်စေမယ့် အဖြေတွေ လိုအပ်ပါတယ်။ ဒါကြောင့် တိုင်ပင်ဆွေးနွေးမှုတွေ ပြုလုပ်ပြီး အဖွဲ့အစည်းတွေကို ဦးတည်ထားတဲ့ စီမံကိန်းတွေ တကယ့်ကို လိုအပ်ပါတယ်။ ဒီထဲမှာ ခရီးသွားလာမှုတွေကို ပိတ်ပင်ထားတဲ့ ရခိုင်ဒေသလည်း ပါဝင်ပါတယ်။ မြန်မာနိုင်ငံရဲ့ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု တစ်လျှောက် ဒါက မြန်မာ အစိုးရအတွက် ရခိုင်အရေးကို ဘယ်လိုကိုင်တွယ် ဖြေရှင်းနေသလဲ ပြသဖို့၊ ရခိုင်ပြည်နယ်နဲ့ ပတ်သက်လို့ မစ္စတာ ကိုဖီအာနန်ကော်မရှင်ရဲ့ မှတ်ချက်တွေကို အကောင်အထည်ဖော်ဖို့ ဘယ်လို ဆောင်ရွက်နေတယ်ဆိုတာ နိုင်ငံတကာကို ပြသဖို့ အခွင့်အရေးလို့ ထင်ပါတယ်။ ရခိုင်ပြည်နယ်မှာ ပြန်လည်နေရာ ချထားရေး လုပ်ငန်းစဉ်တွေနဲ့ နေရပ်ပြန်လည် ပို့ဆောင်ရေးအတွက် နောက်ခြောက်လ၊ တစ်နှစ်၊ ဒါမှမဟုတ် နှစ်နှစ်အတွင်း တိုးတက်မှုတွေ ရရှိဖို့ ရည်မှန်းချက်ကြီးပြီး ကျိုးကြောင်းဆီလျော်တဲ့ လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်လို့က တကယ့်ကို ရှင်းရှင်းလင်းလင်းပါပဲ။ ဒါက အရေးကြီး ကိစ္စတွေထဲက တချို့ဖြစ်ပါတယ်” ဟု ဖြေကြားသည်။

 

ဆက်လက်ပြီး စီးပွားရေး အောင်မြင်မှုတွေ ရရှိဖို့အတွက် Ms. Ellen Goldstein က “စီးပွားရေး အောင်မြင်မှုတွေ ရဖို့ မြန်မာစဉ်ဆက်မပြတ် စီးပွားရေး စီမံကိန်း အကောင်အထည်ဖော်ဖို့ အရေးကြီးပါတယ်။ ဒီစီမံကိန်းက အလွန် အရေးကြီးပါတယ်။ ဆောင်ရွက်ရမယ့် စီမံကိန်း ရာပေါင်းများစွာမှာ ရည်မှန်းချက် ငါးခုနဲ့ မဟာဗျူဟာ ၂၈ ခု ရှိပါတယ်။ ရည်မှန်းချက်တွေ ပြည့်ဝဖို့ စီမံခန့်ခွဲရေးပိုင်းကို စောင့်ကြည့်ရမှာက အစိုးရအတွက် အလွန်အရေးကြီးတဲ့ လုပ်ငန်းစဉ် ဖြစ်ပါလိမ့်မယ်။ နည်းဗျူဟာ တစ်ခုစီရဲ့ အညွှန်းကိန်းတွေကို စောင့်ကြည့်ဖို့နဲ့ နည်းဗျူဟာ အသီးသီးကို အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ ရလဒ်တစ်ခုစီကို ရှင်းလင်းပြတ်သားတဲ့ အမြင်တွေ၊ သုံးသပ်မှုတွေ ရရှိဖို့အတွက် အဆိုပါ ရည်မှန်းချက် ငါးရပ်နဲ့ နည်းဗျူဟာ ၂၈ ချက်ဟာ နိုင်ငံအတွက် တော်တော်လေး ကောင်းပါတယ်။ ဒါမှသာ ကဏ္ဍအသီးသီးရဲ့ အောင်မြင်မှုက ဘာလဲဆိုတာ အစိုးရတစ်ရပ်လုံး၊ တစ်နိုင်ငံလုံးနဲ့ လုပ်ငန်းရှင်တွေက သိလာမှာ ဖြစ်ပါတယ်။ အားလုံးကလည်း ရည်မှန်းချက်တွေ ပြည့်ဝဖို့ ဘယ်လို အကောင်အထည် ဖော်ရမလဲ ဆိုတာနဲ့ ပတ်သက်ပြီး ပြဿနာတွေကို အတူတကွ ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်”ဟု ဖြေကြားခဲ့သည်။

 

စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေးနှင့် ပတ်သက်ပြီး Ms. Ellen Goldstein က “လက်ရှိအစိုးရ စတင်ခဲ့တဲ့ စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး နှစ်စဉ် GDP ၇ ရာခိုင်နှုန်းလောက် တိုးနေပြီး တော်တော်လေး မြန်မြန်ဆန်ဆန် တက်လာနေတယ်လို့ ကျွန်တော် ထင်ပါတယ်။ နိုင်ငံအတွင်း ငြိမ်းချမ်းရေး အယူဝါဒတွေနဲ့ ချိတ်ဆက်နေနိုင်တဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ခရီးသွား လုပ်ငန်းတွေမှာ စိုးရိမ်မှု တချို့ရှိတာကလွဲပြီး တခြားကဏ္ဍတွေမှာ ကျသွားတာ မတွေ့ပါဘူး။ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနဲ့ ဆင်းရဲမှု လျှော့ချရေးအတွက် အလားအလာကောင်းတွေ ရှိနေပါတယ်။ လူမှုဖူလုံရေး လုပ်ငန်းတွေလည်း လုပ်နေပါတယ်။ တစ်ချိန်တည်းမှာ ကျွန်တော် ဘာတွေးမိသလဲဆိုတော့ နိုင်ငံတွင်း စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှုန်းကို အရှိန်မြှင့်ဖို့ အလွန် အရေးကြီးတဲ့ မြန်မာ့ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းက တော်တော်လေး ကောင်းမွန်မှု ရှိတယ်လို့ တွေးမိပါတယ်။ အကြောင်းအရာတွေ အများကြီးကို အတော်လေး မြန်မြန်ဆန်ဆန် စီမံခန့်ခွဲနိုင်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပြုပြင်ပြောင်းလဲမှုတချို့ဟာ ဥပဒေရေးရာ ပြုပြင်ပြောင်းလဲမှုထက် ပိုလွယ်ခဲ့တာကြောင့်ပါ။ အကောင်အထည်ဖော်ပြီးတဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ပထမအဆင့် ပြုပြင်ပြောင်းလဲရေး လို့ခေါ်ပါတယ်။ ကျန်တာတွေက အကောင်အထည်ဖော်ဖို့ အတော်လေး ခက်ခဲပါတယ်။ ဒါတွေက စိန်ခေါ်မှုတွေ ဖြစ်လာပါပြီ။ ယခု မြန်မာအစိုးရက ဖွဲ့စည်း တည်ဆောက်မှု ဒေသတွင်း စီးပွားရေး အမြန်ဆုံး တိုးတက်လာနိုင်မယ်လို့ ယုံကြည်ပါသလား ဆိုတော့ ဖြစ်နိုင်ခြေ ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာက နောက်ကနေ ရှေ့တက်လာနေပါပြီ။ ရည်မှန်းချက်တွေ အောင်မြင်ဖို့ အဓိကအချက်က ဖွဲ့စည်းတည်ဆောက်မှုဆိုင်ရာ ပြုပြင် ပြောင်းလဲရေးတွေ သေသေချာချာ အကောင်အထည်ဖော်ဖို့ ဖြစ်ပါတယ်။ ဒါကြောင့် ဒီမေးခွန်းကို ဖြေဖို့ စောလွန်းပါသေးတယ်။ ဒါပေမယ့် မြန်မာနိုင်ငံက ကောင်းကောင်းမွန်မွန် တိုးတက်နေတယ်လို့ ထင်ပါတယ်။ အထူးသဖြင့် နိုင်ငံ အတွင်းရှိ အဖွဲ့အစည်း အားလုံးအတွက် စီးပွားရေး အခွင့်အလမ်းတွေ ဖန်တီးပေးဖို့နဲ့ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု အရှိန်မြင့်လာစေမယ့် အဖွဲ့အစည်းပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ ရည်ရွယ် လုပ်ဆောင်နေတယ်လို့ ထင်ပါတယ်” ဟု ဖြေကြားခဲ့သည်။

 

MDN