ဒီဂီယာ၏ နေရာကို အစားထိုးခေါ်ယူရန် လျာထားစာရင်းတွင် ဗီလာဂိုးသမား မာတီနက်ဇ် ပါဝင်လာ

ဗီလာဂိုးသမား အမ်မီလီယာနို မာတီနက်ဇ်သည် ပြီးခဲ့သည့် နှစ်နှစ်အတွင်း ပရီမီယာလိဂ်တွင် လက်စွမ်း ပြသထားနိုင်သည့် ကစားသမားများထဲမှ တစ်ဦး ဖြစ်သောကြောင့် ယခုအခါ မန်ယူအသင်းက အသက် ၃၁ နှစ်အရွယ် ဂိုးသမား ဒီဂီယာ၏နေရာကို အစားထိုးခေါ်ယူရန် လျာထားစာရင်းတွင် ပါဝင်လာခဲ့သည်။

အသက် ၂၉ နှစ်အရွယ် အာဂျင်တီးနားဂိုးသမား မာတီနက်ဇ်သည် ၂၀၂၀ ပြည့်နှစ်တွင် အာဆင်နယ် အသင်းမှ အက်စ်တွန်ဗီလာအသင်းအထံသို့ ပြောင်းရွှေ့ခဲ့ပြီးနောက် အသင်းအတွက် ပြိုင်ပွဲစုံ ၅၄ ပွဲအထိ ပါဝင်ကစားထားသူဖြစ်သည်။ ၎င်းသည် အဆိုပါ ၅၄ ပွဲတွင် ဂိုးမပေးရအောင် ပွဲ ၂၀ အထိ စွမ်းဆောင် ထားနိုင်သည့် ဂိုးသမားတစ်ဦးလည်း ဖြစ်သည်။

မန်ယူအသင်းသည် မာတီနက်ဇ်၏ စွမ်းဆောင်ရည်နှင့် ပတ်သက်ပြီး ကြိမ်ဖန်များစွာ အနီးကပ်လေ့လာ ပြီးနောက် အိုးထရက်ဖို့ဒ်၌ နံပါတ်တစ်ဂိုးသမားနေရာအတွက် အသင့်တော်ဆုံး ဂိုးသမားဟု မှတ်ယူကာ ခေါ်ယူလိုနေခြင်းဖြစ်သည်။ လက်ရှိတွင် ဂိုးသမား ဒီဂီယာသည် မန်ယူအသင်းတွင် အင်္ဂလန်ဂိုးသမား ဒိန်းဟန်ဒါဆင်ထက် လက်စွမ်းပြသထားနိုင်ကာ နံပါတ်တစ်နေရာကို ရယူထားသည်။

ဒီဂီယာနှင့် မန်ယူအသင်းတို့ ချုပ်ဆိုထားသော စာချုပ်သက်တမ်းမှာ ၂၀၂၃ ခုနှစ် ဇွန်လအထိ ရှိနေသည်။ သို့သော်လည်း မန်ယူ အသင်းသည် ဒီဂီယာအနေဖြင့် အိုးထရက်ဖို့ဒ်တွင် လက်စွမ်းပြသထားနိုင်ခြင်းမရှိပါက မာတီနက်ဇ်ကို ပေါင်သန်း ၅၀ ဖြင့် ခေါ်ယူသွားဖွယ်ရှိနေသည်။

မာတီနက်ဇ်နှင့် ဗီလာအသင်း တို့ ချုပ်ဆိုထားသော စာချုပ် သက်တမ်းမှာ နှစ်နှစ်ခွဲကျန်ရှိနေ သေးသည်။ မန်ယူအသင်းသည် မာတီနက်ဇ်အပြင် လိဒ်စ်အသင်းမှ ဂိုးသမားဖြစ်သူ မက်စ်လီယာကိုလည်း ခေါ်ယူရန် စိတ်ဝင်စားနေသည်။ အသက် ၂၁ နှစ်အရွယ် မက်စ်လီယာသည် လိဒ်စ်အသင်းတွင် လက်စွမ်းပြသထား နိုင်သည့် ဂိုးသမားတစ်ဦးဖြစ်ပြီး အကောင်းဆုံး လူငယ်ဂိုးသမားများထဲမှ တစ်ဦးအဖြစ် သတ်မှတ်ခြင်း ခံထားရသူလည်းဖြစ်သည်။

အခြားသတင်းတစ်ခုတွင် မန်ယူအသင်းသည် လေဗာကူဆင်အသင်းမှ အသက် ၁၈ နှစ်အရွယ် ကွင်းလယ်ကစားသမား ဖလော်ရင်ဝစ်ဇ်ကို ခေါ်ယူရန် ပစ်မှတ်ထားနေကြောင်း ဖော်ပြထားသည်။ မန်ယူ အသင်းသည် ပရီမီယာလိဂ် ၁၆ ပွဲကစားပြီးချိန်တွင် ရမှတ်၂၇ မှတ်ရရှိထားပြီး လာမည့်ပွဲစဉ်အဖြစ် ဒီဇင်ဘာ ၂၈ ရက်တွင် နယူးကာဆယ်အသင်းနှင့် ယှဉ်ပြိုင်ကစားသွားရမည်ဖြစ်သည်။

အောင်ဇော်