ဒီဂျစ်တယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကော်မတီ (Digital Economy Development Committee -DEDC) အား စတုတ္ထအကြိမ်မြောက် ပြန်လည်ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး ပထမအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၃) ကျင်းပ

နေပြည်တော် ဇူလိုင် ၂၈

 

ဒီဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကော်မတီ ပထမအကြိမ်လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၁/ ၂၀၂၃) ကို   ယနေ့ မွန်းလွဲ ၂ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညီလာခံခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးသို့ ဒီဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကော်မတီနာယက ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ဒီဂျစ်တယ် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုကော်မတီ၏ဥက္ကဋ္ဌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးနှင့် ကော်မတီအဖွဲ့ဝင်များ၊ ဆပ်ကော်မတီ (၅)ခုမှ ဥက္ကဌနှင့် အတွင်းရေးမှူးများ၊ DEDC Task Force မှ တာဝန်ရှိ သူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

 

အစည်းအဝေးတွင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း က ယနေ့ကမ္ဘာတစ်ဝန်းတွင်ရှိသည့် နိုင်ငံအသီးသီး၌ Digital Transformation ဟုခေါ်သည့် ဒီဂျစ်တယ်အသွင်ကူးပြောင်းလုပ်ငန်းစဉ်များကို ဦးစားပေးပြီး အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိကြ ကြောင်း၊ ဒီဂျစ်တယ်နည်းပညာကို အကျိုးရှိရှိ အသုံးပြုပြီးအုပ်ချုပ်ရေး၊ အခြေခံအဆောက်အဦနှင့် ကုန်သွယ်ရေး၊ ပညာရေး၊ လူမှုရေးအစရှိသည့် နယ်ပယ်အသီးသီးတွင် ဒီဂျစ်တယ်အသွင်ကို ဟန်ချက်ညီညီ ကူးပြောင်း ဆောင်ရွက်ကြခြင်းအားဖြင့် နိုင်ငံ၏ Digital Economy  ဖွံ့ဖြိုးတိုးတက်လာပြီး The Global Value Chain ဟုခေါ်သည့် ကမ္ဘာလုံးဆိုင်ရာ တန်ဖိုးကွင်းဆက်ကို ချိတ်ဆက်လာနိုင်မည်ဖြစ်ပါကြောင်း၊ ဒီဂျစ်တယ်စီးပွားရေး လုပ်ငန်းစဉ်များ အောင်မြင်နိုင်ရန် အစိုးရနှင့် ပုဂ္ဂလိက ဟန်ချက် ညီညီ ပူးပေါင်းဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် မိုဘိုင်းစနစ်သုံး မြန်နှုန်းမြင့် အင်တာနက်အနေဖြင့် နိုင်ငံ့လူဦးရေ၏ ၉၀ ရာခိုင်နှုန်းကို လွှမ်းခြုံနိုင်ပြီ ဖြစ်သော်လည်း Fixed Broad band တွင် သုံးစွဲသူ ၁ ဒသမ ၆ သန်းခန့်သာ ရှိနေသေးသည့်အတွက် မြန်နှုန်းမြင့် ဖိုင်ဘာအင်တာနက်ကို မြို့ကြီးများသာမက ကျေးလက်ဒေသအထိပါ လက်လှမ်းမှီ အသုံးပြုသွားနိုင်ရန် ဆက်လက် ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ ပြည်သူ များလိုအပ်သည့် ကျွမ်းကျင်မှုနှင့် နည်းပညာအသစ်များရရှိစေရန်နှင့် အင်တာနက်ကို လူမှုကွန်ရက်နှင့် ဖျော်ဖြေရေးအဆင့်များ ထက်ကျော်လွန်ပြီး စီးပွားရေး၊ ပညာရေးနှင့် ကျန်းမာရေး ကဏ္ဍများတွင် အကျိုးရှိစွာသုံးစွဲနိုင်ရန် အရေးကြီးပါကြောင်း၊ MSME လုပ်ငန်းများအနေဖြင့် အင်တာနက်ကို အကျိုးရှိရှိအသုံးပြုပြီး မိမိတို့၏ ဝန်ဆောင်မှု၊ ထုတ်ကုန်များကို ဝက်ဘ်ဆိုဒ်များမှတစ်ဆင့် ကြော်ငြာမှုပြုလုပ်၍ ဈေးကွက်ရှာဖွေခြင်းနှင့် ငွေပေးချေမှုတွင်လည်း လွယ်ကူအဆင်ပြေစွာ ဆောင် ရွက်ပေးမည်ဆိုပါက  စီးပွားရေး လုပ်ငန်းများ ပိုမိုအောင်မြင်လာမည်ဖြစ်ပြီး နိုင်ငံ၏ စီးပွားရေးတိုးတက်လာစေမည်ဖြစ်ပါကြောင်း၊ e-Government အား ကျော်လွန်သွားပြီးနောက် Digital Government ကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ Digital Economy ၏ အဓိကကျသည့် မဏ္ဍိုင်တစ်ခုဖြစ်ပြီး Digital Trade နှင့် e-Commerce ကိုအောင်မြင်စွာ အကောင် အထည်ဖော်သွားနိုင်ရန် မလိုလားအပ်သည့် ဖြစ်ရပ်များကို တားဆီးနိုင်ရန်အတွက် ဥပဒေ၊ စည်းမျည်းများနှင့် ထိန်းကျောင်းရန် လိုအပ်ပါကြောင်း၊ ထို့ကြောင့် e-Commerce Law ကို ပြဌာန်းသွားနိုင်ရေးအတွက် e-Commerce Law ရေးဆွဲရေး ကော်မတီကို ၂၀၁၉ ခုနှစ်တွင်ဖွဲ့စည်းခဲ့ပြီး ပထမမူကြမ်းကို ရေးဆွဲခဲ့ပြီးဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ စီးပွားရေးဦးတည်ချက် (၁၂)ချက်နှင့်အညီ  နိုင်ငံတကာနှင့်  အာဆီယံဒေသတွင်း  ပူးပေါင်းဆောင်ရွက်နေသည့် ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပေါင်းစည်းရေးလုပ်ငန်းစဉ်များနှင့် ကိုက်ညီမှုရှိအောင် ရေးဆွဲပြီးဖြစ်သည့် Roadmap ကို ဖြည့်စွက်မွမ်းမံရန် လိုအပ်မည်ဖြစ်ပါကြောင်း။

 

ယနေ့အစည်းအဝေးသည် ဒီဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကော်မတီကို စတုတ္ထအကြိမ်မြောက် ပြန်လည် ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး ပထမဆုံးအကြိမ်ကျင်းပသော အစည်းအဝေးဖြစ်သည်နှင့်အညီ ဆပ်ကော်မတီအလိုက် ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ရှေ့လုပ်ငန်းစဉ်များနှင့် ကော်မတီ၏လုပ်ငန်းရပ်များ ပိုမိုထိရောက် အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေး အခြားအကြံပြုလိုသည်များကို ပွင့်လင်းစွာဆွေးနွေးတင်ပြ ပေးစေလို ကြောင်း ပြောကြားခဲ့သည်။

 

ဆက်လက်၍ ဒီဂျစ်တယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကော်မတီ၏ဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက DEDC ကော်မတီ၊ ဆပ်ကော်မတီများ၏ လုပ်ငန်း တာဝန်များကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက် (၁၂)ရပ်ပါ စီးပွားရေးဦးတည်ချက် (၄)ရပ်နှင့်အညီ ဖြစ်စေရေး လိုအပ်သလိုပြင်ဆင်ဖြည့် စွက်သွားရန်၊ ဆပ်ကော်မတီအဖွဲ့ဝင်များကို လုပ်ငန်းလိုအပ်ချက်အပေါ် မူတည်၍ ပြင်ဆင်ဖြည့်စွက်ရန်၊ မြန်မာဒီဂျစ်တယ်စီးပွားရေးလမ်းပြမြေပုံ (Myanmar Digital Economy Roadmap) ကို ခေတ်ကာလနှင့်အညီ ဖြစ်စေရေး၊ Action Plan များ/ Action Matrix များကို  လက်တွေ့တွင် အမှန်တကယ် ထိရောက်စွာ အကောင်အထည်ဖော်နိုင်မည့် လုပ်ငန်းစဉ်များအဖြစ် ပြန်လည်ပြင်ဆင်ရေးဆွဲရန်နှင့် ယင်းလုပ်ငန်းများ ထိရောက်စွာ အကောင်အထည်ဖော်ရေး DEDC Task Force ဖွဲ့စည်းနိုင်ရေးကိစ္စတို့ကိုမှာကြား ဆွေးနွေးသည်။

 

ယင်းနောက် ဒီဂျစ်တယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကော်မတီ လက်အောက်ရှိ ဆပ်ကော်မတီ(၅)ခုတို့မှ တာဝန်ရှိသူ များက သက်ဆိုင်ရာဆပ်ကော်မတီအလိုက် ယခင်အစည်းအဝေးဆုံး ဖြတ်ချက်များအပေါ် ‌ဆောင်ရွက်ပြီးစီးမှု အခြေ အနေများ၊ လက်ရှိအကောင်အထည်ဖော် ဆောင်ရွက်နေသည့်လုပ်ငန်းများ၊ ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်တင်ပြကြသည်။

 

ဆွေးနွေးမှုများအပေါ် ဒီဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကော်မတီအဖွဲ့ဝင်များ၊ ဆပ်ကော်မတီအဖွဲ့ဝင်များက ဝိုင်းဝန်းဆွေးနွေး၍ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ချမှတ်ကြသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက တက်ရောက်လာကြသည့် ဝန်ကြီးဌာနများနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် အချင်းချင်းပူးပေါင်းဆောင်ရွက်ပြီး သတင်းအချက်အလက်များ ဖလှယ်ကြ ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊  သတင်းအချက်အလက်များ ချိတ်ဆက်/ဖလှယ် အသုံးပြုရေးအတွက် Standard Format စံသတ်မှတ်ချက် (Standardization) ကိုလည်း ထည့်သွင်းစဉ်းစားရန် လိုအပ်မည်ဖြစ်ကြောင်းနှင့် ဆိုက်ဘာ လုံခြုံရေးသတိမြှင့်တင် ပညာပေးဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြောကြားခဲ့ သိရသည်။   

(သတင်းစဉ်)