ဒီစားစရာတွေကို ဘယ်တော့မှ အတူမထားပါနဲ့

၂၇  စက်တင်ဘာ

 

 

အလုပ်တစ်ဖက်နဲ့အိမ်ရှင်မတွေ တစ်ပတ်စာဈေးဝယ်ကြတဲ့အခါ ကြုံရတဲ့ပြဿနာက အသီးအနှံ၊ ဟင်းသီးဟင်းရွက်တွေ တာရှည်မခံတာပါပဲ။ ဝယ်ကာစတော့ လတ်ဆတ်နေပေမယ့် ခံသင့်သလောက်တောင် မခံဘဲ စွန့်ပစ်လိုက်ရတာတွေ သိပ်နှမျောဖို့ကောင်းပါတယ်။ ဒီလိုမဖြစ်ရအောင် ဘာတွေမှားနေလဲ ဆက်ပြီးဖတ်ကြည့်နော်။ အတူတွဲမထားသင့်တဲ့ အရာတွေကို အတူသိမ်းဆည်းထားမိလို့ပါ။

 

 

သခွားသီးကို သီးသန့်ထားပါ

ခရမ်းချဉ်သီး၊ ငှက်ပျောသီး၊ ဖရဲသီး တို့လို အသီးတွေက ရင့်မှည့်စေတဲ့ သတ္တိရှိတဲ့ ethylene gas ကိုထုတ်ပေးလို့ အမှည့်လွန်ရင်ပုပ်လွယ်ပါတယ်။ သခွားသီးက အဲဒီ ethylene gas ကို လုံးဝမခံနိုင်လို့ သီးသန့်ပဲသိမ်းဆည်းသင့်ပါတယ်။ ရေခဲသေတ္တာထဲထည့်မယ်ဆို တခြားအသီးအနှံတွေနဲ့ မရောဘဲ အိတ် သို့မဟုတ် ဘူးနဲ့ ခွဲပြီးထည့်ထားပါ။

 

ရွှေဖရုံသီးတွေကို ပန်းသီးနဲ့အတူမထားပါနဲ့

ရွှေဖရုံသီးက အထားခံတာမှန်ပေမယ့် ပန်းသီး(သစ်တော်သီး၊ပန်းသစ်တော်) နဲ့ အတူမထားသင့်ပါဘူး။ အဲဒီအသီးတွေက ဖရုံသီးကို မြန်မြန်ဝါမှည့်စေပြီး ပုပ်လွယ်စေပါတယ်။

 

 

မှန်သမျှကို အိတ်နဲ့ထည့်ပါ

မုန်လာဥနီ၊ကြက်သွန်နီတို့လို မြေကြီးထဲမှာပါဥတဲ့ ဟင်းသီးဟင်းရွက်တွေကို အာဟာရဓာတ်တွေမဆုံးရှုံးအောင် သိမ်းဆည်းသင့်ပါတယ်။ ဒီလိုမဆုံးရှုံးအောင်ဆိုရင် သူတို့ကို အေးပြီး စိုထိုင်းတဲ့ အရိပ်ထဲမှာပဲ သိမ်းဆည်းသင့်ပါတယ်။ အကောင်းဆုံးက စက္ကူအိတ် သို့မဟုတ် စက္ကူနဲ့ပတ်ပြီး သိမ်းဖို့ပါ။ ရေခဲသေတ္တာထဲထည့်မယ်ဆို  ပလတ်စတစ်အိတ်နဲ့လုံအောင် ထည့်ဖို့လိုပါတယ်။

 

 

ဘယ်ရီသီးတွေဆို ဆေးကြောပါ

စတော်ဘယ်ရီသီးတွေဝယ်လာရင် ဒီအတိုင်းထားတတ်ကြတယ်လား။ အပြင်မှာပဲဖြစ်ဖြစ် ရေခဲသေတ္တာထဲဖြစ်ဖြစ် ဝယ်လာတဲ့ပါကင်အတိုင်း ထားတတ်ကြပါတယ်။ ဒါပေမယ့် ဘယ်ရီသီးတွေက မှိုတက်လွယ်တာ၊ပုပ်လွယ်တာမို့ ရေဆေးထားလို့လည်းမဖြစ်ဘူးလေ။ စားခါနီးမှ ရေဆေးသင့်ပါတယ်။ တခါတည်းလည်းအကုန်မစားနိုင်ဘူး၊ မဆေးဘဲထားလည်း မဖြစ်၊ ဆေးလည်းမှိုတက်မယ်ဆိုတော့ ဘယ်လိုလုပ်ရမလဲ။ နည်းလမ်းရှိပါတယ်။ ဗီနီဂါပန်းကန်လုံးတစ်လုံးစာကို ရေပန်းကန်လုံးသုံးလုံးနဲ့ရောပြီး အသီးတွေအမြန်ထည့်ဆေးပါ။ ချက်ချင်းဆယ်ပြီး ဇကာနဲ့စစ်ပါ။ ပြီးရင် တစ်ရှူးနည်းနည်းခင်းပြီး တင်ပါ၊ တတ်နိုင်သလောက် ရေကိုစုပ်အောင် တို့သုတ်ပါ။ အသီးတွေစိုမနေတော့ဘူးဆိုရင် လေပေါက်ရှိတဲ့ ဘူးတစ်ခုထဲ ထည့်ထား ဒါမှမဟုတ် ဘူးကို အဖုံးဟထားပါ။

 

 

ပန်းသီးနဲ့ လိမ္မော်သီး ခွဲသိမ်းပါ

အသီးအနှံတွေက ethylene လို့ခေါ်တဲ့ ရင့်မှည့်စေတဲ့ဂက်စ်တစ်မျိုးကိုထုတ်ပေးပြီး သူ့နားတဝိုက်တခြားအသီးတွေကို မြန်မြန်မှည့်စေ၊ ပျက်စီးစေတတ်ပါတယ်။ ပန်းသီးကို တာရှည်ခံစေချင်ရင် ရေခဲသေတ္တာထဲ ထည့်ထားတာကောင်းပါတယ်။ ဒါပေမယ့် လိမ္မော်သီးကို ပန်းသီးနဲ့ခွဲပြီးထည့်ပါ။ လေဝင်နိုင်တဲ့ဇကာပေါက် အိတ်လေးတွေနဲ့ထည့်ပါ။ ပလတ်စတစ်နဲ့ထည့်ရင် မှိုပါတက်စေနိုင်ပါတယ်။

 

 

ငှက်ပျောသီးကိုလည်း သီးသန့်ခွဲထားပါ

ငှက်ပျောသီးဆိုတာက မှည့်ပြီးဆို တပြိုင်တည်း တစ်ဖီးလုံးမှည့်တတ်တာမို့ တဝက်လောက်ပဲစားလိုက်ရပြီး ကျန်တာပစ်လိုက်ရတာမျိုး ကြုံရဖူးမှာပါ။ ဒီပြဿနာကိုဖြေရှင်းဖို့က ငှက်ပျောသီးတွေကို စားနိုင်သလောက်ပဲအပြင်မှာထား အမှည့်ခံပြီး ကျန်တာကို ရေခဲသေတ္တာထဲ သိမ်းဆည်းသင့်ပါတယ်။ သိမ်းတဲ့အခါ အညှာကိုတိပ်နဲ့အထပ်ထပ်ပတ်ပြီး ကပ်ထားမယ်ဆို ပိုခံပါတယ်တဲ့။ ဆေးမထိထားတဲ့ အသီးတော့ဖြစ်ရပါမယ်နော်။

 

 

ကြက်သွန်နီနဲ့ အာလူးကို ရောမထားပါနဲ့

မီးဖိုချောင်မှာ သိမ်းဆည်းကြတဲ့အခါ ကြက်သွန်ခြင်းထဲ အာလူးထည့်တာမျိုး မလုပ်ပါနဲ့။ ကြက်သွန်ကြောင့် အာလူးတွေကို ပျက်စီးစေနိုင်ပါတယ်။

 

 

ထောပတ်သီးအမှည့်နဲ့ ငှက်ပျောသီး အတူမထားပါနဲ့

ထောပတ်သီးက အစိမ်းဆိုရင် ငှက်ပျောသီးနဲ့အတူထားလို့ရပါတယ်။ ငှက်ပျောသီးဆီကထွက်တဲ့ ဂက်စ်တွေကြောင့် အသီးကိုပိုမှည့်စေတာဖြစ်ပါတယ်။ ဒါ့ကြောင့် ထောပတ်သီးက မှည့်နေပြီဆိုရင် ငှက်ပျောသီးနားမှာထားတဲ့အခါ ပိုပြီးပုပ်လွယ်နိုင်ပါတယ်။

 

 

ခရမ်းချဉ်သီးကို ရေခဲသေတ္တာထဲ မထည့်ပါနဲ့

ခရမ်းချဉ်သီးကို ရေခဲသေတ္တာထဲမှာ ရက်၊၃ရက်လောက် ထားလို့ရပေမယ့် အပြင်မှာပဲ ဒီတိုင်းသိမ်းဆည်းတာပိုကောင်းပါတယ်။ ကြာကြာထည့်ထားရင် ခရမ်းချဉ်သီးရဲ့အာနိသင်၊ အရသာတွေကို ပျက်စီးစေနိုင်ပါတယ်။

 

 

 

ရေးသားသူ - Yun Sandi Nan Mon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ - Dr. Thurein Hlaing Win

 

 

ယခုဆောင်းပါးကို Myanmar Digital News မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်