ဓနုဖြူတွင် တန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်နည်း သင်တန်းဖွင့်

ဓနုဖြူ ၅ နိုဝင်ဘာ

 

ဓနုဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန် ရည်ရွယ်၍ တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်နည်း သင်တန်းဖွင့်ပွဲအား ဓနုဖြူမြို့နယ် အကျော်ကျေးရွာအုပ်စု အကျော်ကျေးရွာရှိ စိုက်ပျိုးရေးအသိပညာပေးစခန်းတွင် ယမန်နေ့က ပြုလုပ်ခဲ့သည်။

 

အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူးဦးကျော်ကျော်ဦးက အဖွင့်အမှာစကားပြောကြားပေးပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်စိုးစိုးမြင့်က သင်တန်းဖွင့်လှစ် ပေးရခြင်း၏ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပေးခဲ့သည်။ ယင်းနောက် အိမ်တွင်းမှု လုပ်ငန်း ပညာသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမက သင်တန်းတွင် သင်ကြားပို့ချပေးမည့် အကြောင်းအရာများအား အသေးစိတ်ရှင်းလင်းပြောကြားခဲ့သည်။

 

အဆိုပါ သင်တန်းတွင် သင်တန်းသား ၂၀ ဦးတက်ရောက်သင်ကြားကြပြီး ကျေးလက်နေ ပြည်သူများ လူမှုစီးပွားဘဝတိုးတက်လာစေရန် မိသားစုဝင်ငွေတိုးပွားလာစေရန် အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးနိုင်ရန် ကျေးလက်တွင် ကျွမ်းကျင်လုပ်သား လိုအပ်မှုကို ဖြည့်ဆည်း ပေးနိုင်ရန်တို့အတွက် တန်းဖိုးမြှင့်စားသောက်ကုန် ရွှေကြည်၊ ကျောက်ကျော မုန့်လုပ်နည်းများအား သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

အောင်သူဟိဏ်း(ဓနုဖြူ)