ဓနုဖြူမြို့နယ်တွင် ကလေးစာပေပွဲတော်ဖွင့်ပွဲအခမ်းအနား စည်ကားသိုက်မြိုက်စွာကျင်းပ

ဓနုဖြူ    ၁၅    နိုဝင်ဘာ           

 

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ခရိုင်/မြို့နယ်စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်းစီစဉ်ကျင်းပသော ဓနုဖြူမြို့နယ် ကလေးစာပေပွဲတော်၊ စာအုပ်ပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ဓနုဖြူမြို့ အမှတ် (၂) အခြေခံပညာအထက်တန်း၌ ကျင်းပရာ ဧရာဝတီ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့် တာဝန်ရှိသူများက တက်ရောက်ဖွင့်လှစ်ပေးသည်။

 

ရှေးဦးစွာ ကလေးစာပေပွဲတော် စာအုပ်ပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲ ဖွင့်ပွဲအခမ်းအနားကို ကျင်းပရာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးလှမိုးအောင်၊ အစိုးရအဖွဲ့ဝန်ကြီးများနှင့် တာဝန်ရှိ သူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ဝန်ကြီးချုပ်နှင့်အတူ ဧည့်သည့်တော်များ၊ ကျောင်းသား၊ ကျောင်းသူများက ဖွင့်ပွဲအထိမ်းအမှတ် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြသည်။

 

ဆက်လက်၍ ကလေးစာပေပွဲတော်အစီအစဉ်ကို ပညာဗိမာန်ခန်းမတွင် ကျင်းပရာ ဓနုဖြူမြို့ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ကလေးစာပေ ပွဲတော် Theme Song သီချင်းသီဆို၍ အခမ်းအနားဖွင့်လှစ်ပြီး ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင်က ယခုကျင်းပသည့် ကလေးစာပေပွဲတော်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ စီစဉ်မှုဖြင့် မြို့နယ် ၂၆ မြို့နယ်တွင် ကျင်းပသွားမည်ဖြစ်ပြီး ဓနုဖြူမြို့နယ်တွင် ၄ မြို့နယ်မြောက် ကျင်းပသော ကလေးစာပေပွဲတော်ဖြစ်ကြောင်း၊ ကျောင်းနေအရွယ်ကလေးများ ပညာဗဟုသုတ ရရှိစေရန်နှင့် ဝိုင်းဝန်းပါဝင်တတ်သည့် အလေ့အထကောင်းများ ဖြစ်လာစေရန် စတဲ့ ရည်ရွယ်ချက်ဖြင့် ကျင်းပရခြင်းဖြစ်ပါတယ်၊ အနာဂတ်အတွက် အရည်အသွေး မြင့်မားတဲ့ သားကောင်း သမီးမွန်တွေဖြစ်လာစေရန်၊ စာပေမှာ မွေ့လျော်လာစေရန်၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အချင်းချင်းပူးပေါင်းဆောင်ရွက်ခွင့်အတွေ့အကြုံများ ရရှိစေဖို့ ကလေးစာပေ ပွဲတော်များကို ကျင်းပပေးတာဖြစ်ပါတယ်။ အထူးပြောလိုတာကတော့ ကလေးစာပေ ပွဲတော်များဟာ ကျွန်တော်တို့ အစိုးရသစ်လက်ထက်မှာ ဖော်ထုတ် အကောင် အထည်ဖော်တာဖြစ်ပြီး နိုင်ငံရဲ့အနာဂတ်အတွက် ရည်ရွယ်ချက်ကောင်းတွေနဲ့ အကောင် အထည်ဖော်ပေးတဲ့ ဝန်ကြီးဌာန၊ တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ တိုင်း၊ ခရိုင်၊ မြို့နယ်များ မိမိဒေသကို အကျိုးပြုသော ငွေအား လူအား ကူညီဆောင်ရွက်ပေးသူအားလုံးကို ကျေးဇူး အထူးတင်ရှိကြောင်း နှင့် အစိုးရနှင့် ပြည်သူလက်တွဲညီညီဆောင်ရွက်ကြတဲ့ ပွဲတော်ဖြစ်ပါကြောင်း အမှာစကား ပြောကြားခဲ့သည်။

 

ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ ၂၆ မြို့နယ် ကလေးစာပေပွဲတော်ဖြစ်မြောက်ရေး ကော်မတီ အတွင်းရေးမှူး ဦးသန်းဆွေဝင်းက ကလေးစာပွဲတော်ကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားပြီး ဓနုဖြူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်လှက ဓနုဖြူမြို့တွင် ကလေးစာပေပွဲတော်ကို နိုဝင်ဘာလ ၁၅ ရက်နေ့မှ ၁၆ ရက်နေ့ထိ ၂ ရက်တိုင်တိုင် ကျင်းပခွင့် ရရှိသည့်အတွက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ၊ အလှူရှင်များအား ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

 

ဆက်လက်၍ ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများ၏ အကအလှ ဖျော်ဖြေရေများ၊ အားကစားပြိုင်ပွဲများ၊ ဌာနဆိုင်ရာများ၏ ပြခန်များ၊ ထူးချွန်ထင်ရှား ဧရာဝတီတိုင်းသားများ ပြခန်းနှင့် ပြပွဲ၊ ပြိုင်ပွဲများကျင်းပရာသို့ လှည့်လည်ကြည့်ရှု အားပေး ခဲ့ကြောင်း သိရသည်။

 

ဓနုဖြူမြို့နယ် (ပြန်/ဆက်)